အီရန်နိုင်ငံရဲ့ ဒုတိယအာဏာအကြီးဆုံး စစ်ဗိုလ်ချုပ်ကြီး လုပ်ကြံခံရမှုနောက်ကွယ်က ဂယက်ရိုက်မှုများ

06.jpg

သောကြာနေ့ နံနက်အစောပိုင်းမှာ အီရန်စစ်တပ်ရဲ့ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီး ဆိုလေမာနီနဲ့ အီရတ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေ ဘဂ္ဂဒက်လေဆိပ်ကနေ ကားနှစ်စီးနဲ့ ထွက်ခွာလာတုန်း ကုန်လှောင်ရုံနားအရောက်မှာ အမေရိကန် မောင်းသူမဲ့ယာဉ်တစ်စင်းရဲ့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပါတယ်။ ဆိုလေမာနီဟာ လက်ဘနွန် ဒါမှမဟုတ် ဆီးရီးယားကနေ အီရတ်ကို ရောက်လာတာပါ။ ဒီတိုက်ခိုက်မှုမှာ ကားနှစ်စီးကို ဒုံးကျည်တော်တော်များများ ထိမှန်ခဲ့ပြီး ဆိုလေမာနီအပါအဝင် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ဆန္ဒပြသူတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလိုတိုက်ခိုက်ခဲ့တာပါ။

ဆိုလေမာနီက အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို တိုက်ခိုက်ဖို့ ခွင့်ပြုပေးခဲ့တာလို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ” သမ္မတရဲ့ ညွှန်ကြားချက်အရ အမေရိကန်စစ်တပ်က ထိရောက်တဲ့ ခုခံကာကွယ်မှုလုပ်ခဲ့တာပါ။ ပြည်ပမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဆိုလေမာနီ မသတ်နိုင်အောင် ကာကွယ်ဖို့ပါ။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အမေရိကန်နိုင်ငံက လိုအပ်တဲ့ လှုပ်ရှားမှုတိုင်း ဆောင်ရွက်သွားမှာပါ”လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဆိုလေမာနီ မရှိတာ ကမ္ဘာကြီးအတွက် ပိုကောင်းစေနိုင်ပေမဲ့ သမ္မတဒေါ်နယ်ထရမ့်က လွှတ်တော်ရဲ့ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ တိုက်ခိုက်မှုလုပ်ခဲ့တာကို ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်တွေက ရှုတ်ချခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ တိုက်ခိုက်မှုက နိုင်ငံတကာအကြမ်းဖက်မှု မြောက်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က တွစ်တာပေါ်မှာ ရေးသားထားပြီး အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီကတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။ ဆိုလေမာနီ သေဆုံးမှုအတွက် အီရန်နိုင်ငံမှာ ၃ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်ဖို့ ကြေညာထားပါတယ်။

ဆိုလေမာနီဆိုတာ ဘယ်သူလဲ

အသက်(၆၂)နှစ်ရှိတဲ့ ဗိုလ်ချုပ်ကြီး ဆိုလေမာနီဟာ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာခါမေနီပြီးရင် အီရန်နိုင်ငံမှာ ဒုတိယသြဇာအကြီးဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရသူပါ။ အရှေ့အလယ်ပိုင်းဒေသမှာ ရည်မှန်းချက်ကြီးမားတဲ့ အီရန်နိုင်ငံရဲ့ဗျူဟာမြောက်လှုပ်ရှားမှုတွေကို နောက်ကွယ်ကနေ ထိန်းချုပ်နေသူဖြစ်ပြီး စစ်နဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေ ကြုံလာရင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လှုပ်ရှားသူပါ။ ဆိုလေမာနီဟာ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းတပ်ခွဲတစ်ခုဖြစ်တဲ့ ကွက်တပ်ဖွဲ့(Quds Force)ကို ဦးဆောင်ခဲ့သူပါ။ ကွက်တပ်ဖွဲ့ဟာ ခါမေနီဆီ တိုက်ရိုက်အစီရင်ခံတင်ပြရတဲ့ တပ်ဖွဲ့ဖြစ်ပြီး ပြည်ပစစ်ဆင်ရေးတွေ လှုပ်ရှားရတဲ့အဖွဲ့ပါ။ အရှေ့အလယ်ပိုင်းဒေသတစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ဆိုလေမာနီကပဲ ဦးဆောင်ခဲ့တာပါ။

ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မတအာဆတ်အပေါ် သစ္စာစောင့်သိတဲ့ တပ်ဖွဲ့တွေကို ကွက်တပ်ဖွဲ့က အကြံပေးတာမျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အီရတ်နိုင်ငံမှာ IS အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရာမှာ ပါဝင်ကူညီခဲ့တဲ့ ရှီးယိုက်ရောင်စုံလက်နက်ကိုင်တွေကို ကွက်တပ်ဖွဲ့က ထောက်ပံ့ကူညီခဲ့ဖူးပါတယ်။ ဆိုလေမာနီရဲ့ ခေါင်းဆောင်မှုအောက်မှာ အီရန်နိုင်ငံက ဟစ်ဇ်ဘိုလာလက်နက်ကိုင်တွေနဲ့ သူတို့နိုင်ငံအပေါ် လိုလားတဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေကို အင်အားကြီးထွားလာအောင် ထောက်ပံ့ပေးခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားမှာ စစ်ဘက်ဆိုင်ရာ ခြေကုပ်ယူမှု တိုးမြှင့်နိုင်ခဲ့ပါတယ်။ အီရန်နိုင်ငံမှာ ဆိုလေမာနီကို အမျိုးသားသူရဲကောင်းလို သတ်မှတ်ကြပေမဲ့ အမေရိကန်နိုင်ငံကတော့ ဆိုလေမာနီနဲ့ ကွက်တပ်ဖွဲ့ကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားပြီး အမေရိကန်စစ်သည်ရာချီ သေဆုံးမှုအတွက် သူတို့မှာ အပြစ်ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ဘက်က သဘောထား

ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့တွစ်တာစာမျက်နှာမှာ အမေရိကန်အလံပုံ ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကတော့ ” ဗိုလ်ချုပ်ကြီး ဆိုလေမာနီ မရှိတော့လို့ အီရတ်နိုင်ငံသားတွေ ကျေးဇူးတင်နေကြတယ်”လို့ ရေးသားပြီး အီရတ်နိုင်ငံသားတွေက အီရတ်အလံ သယ်ဆောင်လာတဲ့ ဗီဒီယိုကို ဝေမျှခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှု သတင်းထွက်ပေါ်လာပြီးနောက်မှာတော့ အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အမေရိကန်နိုင်ငံသားတွေကို အီရတ်နိုင်ငံကနေ ချက်ချင်းထွက်ခွာသွားကြဖို့ တိုက်တွန်းထားပါတယ်။ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရဖို့ ရေပန်းစားနေတဲ့ ဂျိုးဘိုင်ဒင်(ဒုတိယသမ္မတဟောင်း)ကတော့ ဒီတိုက်ခိုက်မှုအတွက် ဒေါ်နယ်ထရမ့်ကို ဝေဖန်ခဲ့ပါတယ်။ ”နဂိုကတည်းက အန ္တရာယ်များနေတဲ့ ဒေသမှာ အကြီးအကျယ်တင်းမာလာအောင် လုပ်လိုက်တာပဲ”လို့ သူက ဆိုခဲ့ပြီး ”ဒေါ်နယ်ထရမ့်က ယမ်းပုံပေါ်ကို ဒိုင်းနမိုက်ပစ်တင်လိုက်တာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေက ဘယ်လိုမှတ်ချက်ပေးလဲ

အီရတ်ဝန်ကြီးချုပ် အဗ္ဗဒူမာဒီကတော့ ဗိုလ်ချုပ်ကြီး ဆိုလေမာနီနဲ့ အီရတ်ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် အယ်မူဟန်ဒီတို့ လုပ်ကြံခံရတာကို ရှုတ်ချခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အန္တရာယ်များလွန်းတဲ့ တင်းမာမှုဖြစ်ပြီး အီရတ်နိုင်ငံမှာ စစ်မီးထတောက်စေနိုင်တယ်လို့ အဗ္ဗဒူမာဒီက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အီရတ်နိုင်ငံမှာ အမေရိကန်စစ်သည်တွေ ဖြန့်ကြက်ဖို့ သဘောတူညီထားတဲ့ အချက်အလက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ ပြောခဲ့ပြီး အထူးလွှတ်တော်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ ဆိုလေမာနီ သေဆုံးစေတဲ့ အမေရိကန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုက အဆင်ခြင်ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာ တင်းမာမှု မြင့်တက်စေနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရုရှား၊ အမေရိကန်တို့လိုပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အီရန်နိုင်ငံထံကနေ ရေနံအဓိကဝယ်ယူနေတဲ့ တရုတ်နိုင်ငံကတော့ ဒီပဋိပက္ခမှာ ပါဝင်နေသူအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ နောက်ထပ်တင်းမာမှုတွေ မဖြစ်စေဖို့အတွက် အထူးသဖြင့် အမေရိကန်နိုင်ငံဘက်က စိတ်လိုက်မာန်ပါမလုပ်ဖို့၊ တည်ငြိမ်စွာ ဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရိုက်ခတ်မှုအခြေအနေ

ဆိုလေမာနီ သေဆုံးစေတဲ့ တိုက်ခိုက်မှုအပြီးမှာတော့ ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးနှုန်းက ၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၆၉.၁၆ ဒေါ်လာအထိ မြင့်တက်သွားခဲ့ပြီး စက်တက်ဘာလ ၁၇ ရက်နေ့နောက်ပိုင်း ရေနံစိမ်းစျေးနှုန်း အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့(IRGC)ရဲ့ ပြောရေးဆိုခွင့်ရှိသူ တပ်မှူးချုပ် ရာမီဇန်ရှာရစ်ဖ်ကတော့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သတိပေးခဲ့ပါတယ်။ အီရန်နိုင်ငံဟာ အစ္စရေးကို သူတို့ရဲ့ ရန်သူတော်အဖြစ် သတ်မှတ်ထားပြီး အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေနောက်ကွယ်မှာ အစ္စရေးနိုင်ငံ ပါဝင်တယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ ” အမေရိကန်တွေနဲ့ ဂျူးတွေရဲ့ အခိုက်အတန့် ပျော်ရွှင်မှုက ကြာကြာခံမှာမဟုတ်ပါဘူး။ ပျော်ရွှင်နေရာကနေ ဝမ်းနည်းရပါလိမ့်မယ်”လို့ ရှာရစ်ဖ်က ဆိုပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top