အိမ်ရာနှင့် အိမ်ခြံမြေ သတင်းအချက်အလက်စနစ် ထူထောင်မည်

local01.jpg

အိမ်ရာနဲ့ အိမ်ခြံမြေဆိုင်ရာ သတင်းအချက်အလက်တွေကို တစ်စုတစ်စည်းတည်း ဖော်ပြနိုင်မယ့် စနစ် တစ်ခုကို ထူထောင်ဖို့အတွက် အကြိုလေ့လာဆန်းစစ်မှုတွေကို အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုကနေ စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။
အဲဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ အမေရိကန်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ LexisNexis တို့ဟာ သြဂုတ် ၂၈ ရက်၊ နံနက် ၁၀ နာရီက အစိုးရအဖွဲ့ရုံးရဲ့ မင်္ဂလာခန်းမမှာ နားလည်မှု စာချွန်လွှာ(MOU)လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

”ရန်ကုန်မြို့ရဲ့ အိမ်ရာနဲ့ အိမ်ခြံမြေ သတင်းအချက်အလက်တွေ တိကျမှုမရှိဘူးဆိုရင် ကာလပေါက်ဈေး တွေကို တွက်ချက်ဖို့ ခက်ခဲနိုင်ပါတယ်။ အခွန်တိမ်းရှောင်မှုတွေ၊ ဈေးကွက်မတည်ငြိမ်မှုတွေ၊ ဝယ်ယူသူအချို့ နစ်နာမှုတွေ ရှိနိုင်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အခုလို ကိစ္စတွေ မဖြစ်ပေါ်နိုင်ဖို့နဲ့ အနာဂတ်စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်ရာမှာ အထောက် အကူပြုနိုင်ဖို့အတွက် အိမ်ရာနဲ့ အိမ်ခြံမြေဆိုင်ရာ သတင်းအချက်အလက်စနစ်(HREIS)ထူထောင်တာဖြစ်ပြီး အကြိုလေ့လာဆန်းစစ်တာတွေကို LexisNexis ကုမ္ပဏီက အခမဲ့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီစနစ်ကို ထူထောင်ရာမှာ အကြိုလေ့လာဆန်းစစ်တာ၊ တင်ဒါရွေးချယ်တာ၊ HREIS စနစ် တည်ဆောက် တာ၊ ထိန်းသိမ်းတာစတဲ့ အဆင့်လေးဆင့်ရှိတဲ့အတွက် ၅ နှစ်လောက် အချိန်ယူရမှာဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ဆိုပါတယ်။

HREIS စနစ်ထူထောင်လိုက်မယ်ဆိုရင် ထွက်ပေါ်လာတဲ့အချက်အလက်တွေကို အခြေခံပြီးတော့ အိမ်ခြံမြေဆိုင်ရာ အခွန်မူဝါဒတွေ ချမှတ်နိုင်တာ၊ အိမ်ခြံမြေဈေးနှုန်းတွေ သိရှိခန့်မှန်းနိုင်တာ၊ အနာဂတ်စီမံကိန်း တွေ ချမှတ်ရာမှာ အထောက်အကူပြုနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အိမ်ထောင်စုပေါင်း ၁၆ သိန်းလောက်ရှိတဲ့အနက် ၃၆ ရာခိုင်နှုန်းဟာ အိမ်ငှားနဲ့ နေထိုင်သူတွေဖြစ်ပြီး ခန့်မှန်းတွက်ချက်မှုတွေအရ လာမယ့် ၂၀၃၀ အရောက်မှာ အိမ်ရာလိုအပ်ချက် ၁၃ သိန်းကျော်အထိ ရှိလာမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ၁၉၉၆ ခုနှစ်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြိုလဲကာ အိမ်ခြံမြေဈေးတွေ ကမောက်ကမဖြစ်ပြီး စီးပွားရေးပျက်ကပ်ကြုံတွေ့ခဲ့ရတဲ့အတွက် အိမ်ခြံမြေသတင်းအချက်အလက်အမှန်သိရှိ စေရေး Data Base စနစ်ကို ထူထောင်ခဲ့ရတယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top