ရိုက်ကူးရေးစရိတ် ထုတ်ပေးပြီး မင်းသားနဲ့ နမ်းတဲ့အခန်း အကြိမ် ၆၀ ကျော် ရိုက်ကူးခဲ့တဲ့ တရုတ်အမျိုးသမီး

kiss.jpg

ချမ်းသာကြွယ်ဝတဲ့ တရုတ်အမျိုးသမီးတစ်ဦးဟာ ဒရာမာစီးရီးတစ်ခု ရိုက်ကူးဖို့ ကုန်ကျစရိတ် စိုက်ထုတ်ခဲ့ပြီး သူကိုယ်တိုင် ခေါင်းဆောင်မင်းသမီးနေရာမှာ ပါဝင်ကာ မင်းသားကို နမ်းရတဲ့အခန်း ၆၀ ကျော် ရိုက်ကူးဖို့ ဇာတ်ညွှန်းပြင်ဆင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။

အသက် ၂၃ နှစ်အရွယ် တက်သစ်စ တရုတ်မင်းသား ကျုံးယုဖေးက ရိုက်ကွင်းမှာ သူ ကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေမှုတွေ၊ အကြပ်ကိုင်ခံရမှုတွေအကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပြီးနောက် အခုလို ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။

အမည်ဖော်ပြခြင်းမရှိတဲ့ အမျိုးသမီးဟာ အပိုင်း ၅၀ ပါဝင်တဲ့ ဒရာမာစီးရီးအတွက် ကုန်ကျစရိတ် ထုတ်ပေးစေချင်ရင် သူ့ကို ခေါင်းဆောင်မင်းသမီး တင်ရိုက်ရမယ်၊ ဇာတ်ညွှန်းကို သူ့စိတ်ကြိုက် ပြောင်းလဲခွင့်ပေးရမယ်လို့ သဘောတူညီမှု ရယူထားခဲ့တာပါ။

သူဟာ မင်းသားကို နမ်းရတဲ့ အခန်း ၆၀ အထိ ရိုက်ကူးခဲ့ပြီး ဒါရိုက်တာနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက နမ်းတဲ့အခန်းတွေ အရမ်းများနေရင် ဇာတ်လမ်းအရသာ ပျက်သွားမယ်၊ ပရိသတ်တွေ စိတ်ဝင်စားမှု လျော့သွားမယ်၊ ထုတ်ဝေခွင့် ပိတ်ခံရနိုင်တယ်လို့ အမျိုးမျိုး ဖြောင့်ဖျခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

နမ်းရတဲ့အခန်းတွေ များလွန်းလို့ ရှောင်ပြေးဖို့ ကြိုးစားပေမဲ့ မင်းသမီးက သူ့ခေါင်းကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး အတင်းအကြပ် နမ်းခဲ့တယ်လို့ ကျုံးယုဖေးက ဆိုပါတယ်။ ဒီစီးရီးဟာ ကျုံးယုဖေးအတွက် ပထမဆုံး ခေါင်းဆောင်မင်းသား လုပ်ခွင့်ရတဲ့ စီးရီးဖြစ်ပြီး ပရိသတ်အာရုံကို ဖမ်းစားနိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ အဆင်မပြေမှုတွေသာ ကြုံတွေ့ခဲ့ပြီး ဒီစီးရီးကို လွှင့်ပေးမယ့် ပလက်ဖောင်းကလည်း နမ်းတဲ့အခန်း များလွန်းတာကြောင့် လွှင့်ပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အနုပညာလောကမှာ ရိုက်ကူးရေးစရိတ်ရဖို့အတွက် မင်းသား၊ မင်းသမီးငယ်တွေကို ရုပ်ဝတ္တုတစ်ခုလို သဘောထားပြီး အသုံးချနေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Ref: Wealthy Woman Bankrolls Drama Series So She Can Star in It and Kiss Male Lead More Than 60 Times

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top