မအိပ်ခင် ဖုန်းသုံးရင် ဘာတွေဖြစ်လာနိုင်မလဲ

28-6-2022-yyl14.jpg

ညဆို အိပ်ရာပေါ် ရောက်တာနဲ့ တန်းမအိပ်သေးဘဲ ဖုန်းသုံးဖြစ်ကြတယ်မလား။ မအိပ်ခင် တချို့က ဆိုရှယ်မီဒီယာတွေ သုံးတယ်။ တချို့ကျတော့ ဖုန်းနဲ့ ဇာတ်ကားတွေကြည့်တယ်။ ဂိမ်းဆော့တယ်။ ဒါတွေကို ကျွန်တော်တို့အများစု လုပ်မိနေကြတာပါ။ မအိပ်ခင် ဖုန်းမသုံးဘဲ နေဖို့ ခဲယဉ်းလှပေမဲ့ အဲဒီလိုလုပ်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေရှိတာကြောင့် သတိပြုဆင်ခြင်လို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

သင့်မျက်စိကို ထိခိုက်စေနိုင်တယ်

နာရီတော်တော်ကြာ ဖုန်းသုံးပြီးသွားရင် ရုတ်တရက် သင့်အမြင်အာရုံတွေ ဝေဝါးသလို ခံစားမိကြတယ်မလား။ ဒီလိုဖြစ်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဖုန်းအကြာကြီးသုံးမိတဲ့သူတွေ ဖြစ်တတ်ကြပါတယ်။ ဖုန်းအကြာကြီးသုံးမိပြီး ဖုန်းက ထွက်လာတဲ့ အပြာရောင်အလင်းကြောင့် မျက်စိပင်ပန်းတာလို့လည်း သိကြတဲ့ မျက်လုံးညောင်းတာဖြစ်လာရတာပါ။ သင့်မျက်လုံးကို ကာကွယ်ဖို့အတွက် Screen Brightness ကို လျှော့ထားပြီး ဖုန်းအကြာကြီးအသုံးပြုတာကို ရှောင်ပါ။

အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်

မအိပ်ခင် ကျွန်တော်တို့တွေက ဖုန်းနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်တွေ၊ သတင်းတွေကို ကြည့်ဖြစ်ကြပါတယ်။ ဒီအလေ့အထက သင့်ကို ညဘက်ကောင်းကောင်းမအိပ်စက်နိုင်ဖြစ်စေပါတယ်။ ဖုန်းက လာတဲ့ အပြာရောင်အလင်းက သင့်အမြင်အာရုံကို ထိခိုက်စေရုံသာမက အိပ်စက်ချိန်စက်ဝိုင်းကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။နောက်ပိုင်း ကောင်းကောင်းမအိပ်စက်တာတွေကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လည်ပင်းနာနိုင်ပါတယ်

သင်က လည်ပင်းနာလေ့ရှိတဲ့သူဆိုရင် မအိပ်ခင် အိပ်ရာထဲ ဖုန်းသုံးတာက လက်ရှိဖြစ်နေတဲ့အခြေအနေကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ အိပ်ရာထဲမှာ တချို့က ခေါင်းကို စောင်းပြီး ဖုန်းမျက်နှာပြင်ကို ကြည့်တဲ့အခါ လည်ပင်းက ကြွက်သားကို ဖိအားဖြစ်စေတာကြောင့် နာကျင်မှုကို ဖြစ်ပေါ်လာစေပါတယ်။ လည်ပင်းကြွက်သားနာတာတွေမဖြစ်အောင် ဖုန်းကို သေချာကိုင်ပြီး သုံးသင့်ပါတယ်။

အသားရေကို မြန်မြန် အိုမင်းရင့်ရော်စေနိုင်တယ်

အလှကုန်ပစ္စည်းအကောင်းစားတွေနဲ့ အသားရေထိန်းသိမ်းတာလုပ်နေပေမဲ့ မအိပ်ခင် အိပ်ရာထဲ ဖုန်းသုံးတာက သင့်ရဲ့အားထုတ်မှုကို ဖျက်စီးသလိုဖြစ်စေပါတယ်။ အိပ်စက်ချိန်မမှန်တာကြောင့်ရော ညဘက်ဖုန်းသုံးနေတာတွေကြောင့်ပါ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုဖြစ်လာနိုင်ပါတယ်။ သင့်အသားရေမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာနိုင်တဲ့အပြင် လည်ပင်းက အရေးအကြောင်းတွေလည်း ပိုများလာနိုင်ပါတယ်။

Ref: Brightside “What Can Happen If You Use Your Phone Right Before Bed”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top