မိုးတွင်းမှာ ကိုယ့်ကလေး ကျန်းမာအောင် ဘာတွေ ကျွေးမွေးမလဲ

4-6-2020-yyl-001.jpg

မိုးရာသီရောက်လာပြီဆိုရင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးကနေစလို့ အရေပြားရောဂါတွေအထိ ကျန်းမာရေးပြဿနာတွေ များတတ်ပါတယ်။ အထူးသဖြင့် ရင်သွေးတွေမှာပေါ့။ ကလေးတွေ မိုးတွင်းကာလမှာ ကျန်းမာရေးကောင်းမွန်နေဖို့ ဆိုရင် မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုက အရေးအကြီးဆုံး အချက်ပါပဲ။

ရင်သွေးတွေကို ကျန်းမာနေအောင်ပြုစုစောင့်ရှောက်တဲ့ မိဘတိုင်းဟာ ကိုယ့်ကလေးကို အာဟာရမျှတစွာ ကျွေးမွေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်နေအောင် အာဟာရဓာတ်တွေ ပြည့်ဝနေအောင် ကျွေးမွေးတတ်ကြတယ်မဟုတ်လား။

ပုံမှန်အချိန်မှာတောင် ရင်သွေးတွေကို ဘယ်လိုအစာတွေ ကျွေးရမယ်ဆိုတာက ခေါင်းခဲစရာပြဿနာတစ်ခုပါ။ ခုလို မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးပြီး ဖျားတာနာတာကင်းအောင် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်နိုင်ဖို့က ပိုပြီး ခေါင်းခဲစရာဖြစ်နေမှာပါ။

ဒီလိုဆိုရင်တော့ မပူပါနဲ့။ မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။ မှတ်သားပြီး ပြန်လည်အသုံးချကြည့်နိုင်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့ Antioxidants ပါဝင်နေတာမို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ မတူညီတဲ့ ဟင်းအမယ်ဖန်တီးမှုတွေမှာ ကြက်သွန်ဖြူကို ထည့်သွင်းဖန်တီးပေးမယ်ဆိုရင် အာဟာရဓာတ်တွေလည်း ပိုမိုရနိုင်မှာပါ။ ဒီလိုနည်းနဲ့ ကြက်သွန်ဖြူအရသာကို မနှစ်သက်တဲ့ ကလေးတွေကိုလည်း အဆင်ပြေပြေ ကျွေးမွေးနိုင်ပါတယ်။

၂။ နနွင်း

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေထဲမှ နနွင်းလည်းပါဝင်နေပါတယ်။ ရင်သွေးကို ကျွေးမွေးဖို့ စီမံတဲ့ ဟင်းအမည်တွေထဲမှာ နနွင်းကို ထည့်သွင်းပြီး ဖန်တီးစီမံနိုင်ရင် အကျိုးကျေးဇူးကောင်းတွေ ရရှိနိုင်မှာပါ။ အိန္ဒိယမှာတော့ နွားနို့ထဲမှာ နနွင်းအနည်းငယ်ထည့်ပြီး ကလေးတွေကို တိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။

၃။ ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးဆိုတဲ့အတိုင်း အခါးအရသာကဲတဲ့ သစ်သီးတစ်မျိုးပါ။ ကလေးအများစု မနှစ်သက်ကြပါဘူး။ ဒါပေမယ့် ကြက်ဟင်းခါးသီးဟာ ကျန်းမာရေးအတွက် အထူးတလည်အကျိုးဖြစ်ထွန်းစေတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ဗိုင်းရပ်စ်တွေကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် ကလေးကို မိုးတွင်းမှာရောဂါကင်းအောင် ကြက်ဟင်းခါးသီးကျွေးပေးသင့်ပါတယ်။

၄။ ရာသီပေါ် သစ်သီးများ

မိုးရာသီကာလတွေမှာဆိုရင် နာနတ်သီး၊ သရက်သီး၊ ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ကနစိုးသီးစတဲ့ သီးနှံအများအပြား ပေါပေါသီသီပေါ်ထွက်ကြလေ့ရှိပါတယ်။ ဒီလိုရာသီပေါ် သီးနှံတွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီသလို ဗီတာမင် C၊ Antioxidants စတဲ့ ခန္တာကိုယ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်လည်း ဖြည့်စွမ်းပေးနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ နောက်ပြီး ကလေးတွေနှစ်ခြိုက်တဲ့ အရသာမျိုးတွေကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။

၅။ ပဲ

ပဲစားရင် အားရှိတယ်လို့ အဆိုရှိပါတယ်။ ကလေးတွေကို ပဲကျွေးတာဟာ ခန္တာကိုယ် ဖွံ့ဖြိုးစေဖို့နဲ့ ကျန်းမာရေးကောင်းမွန်စေဖို့ အထူးတလည် အထောက်အကူပြုပါတယ်။ ပဲနဲ့ ပြုလုပ်ထားတဲ့ ဒါမှမဟုတ် ပဲပါဝင်တဲ့ ဟင်းအမည်တွေ ချက်ပြုတ်ကျွေးမွေးခြင်းအားဖြင့် တုပ်ကွေးလိုရောဂါတွေရဲ့ရန်ကို ကာကွယ်နိုင်ပြီး မိုးရာသီကာလမှာ ရင်သွေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်အောင် ပံ့ပိုးလို့ရပါတယ်။

၆။ စွပ်ပြုတ်

မိုးအေးအေးလေးမှာ စွပ်ပြုတ်ပူပူလေးတိုက်ပေးရင် ကလေးအများစုက နှစ်ခြိုက်တတ်ကြပါတယ်။ နွေးထွေးစေတဲ့ အကျိုးတစ်ခုတည်းရတာမဟုတ်ပါဘူး။ အသီအရွက်စွပ်ပြုတ်ဆိုရင်လည်း အာဟာရဓာတ်တွေ ရမှာဖြစ်သလို အသားငါး စွပ်ပြုတ်တွေကလည်း ကယ်လ်ဆီယံ၊ အသားဓာတ်စတာတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အာဟာရဖြစ်စေပြီး ကိုယ်ခံအားကိုကောင်းစေနိုင်တာမို့ စွပ်ပြုတ်ချိုချိုလေးပြုတ်ပြီး ခပ်နွေးနွေးလေးတိုက်ပေးပါနော်။

၇။ အစေ့၊ အဆံ

အစေ့အဆံတွေဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိတာမို့ အစာခြေစနစ်ကို အကျိုးပြုပါတယ်။ ဒါပေမယ့် လူကြီးကိုယ်တိုင် စနစ်တကျ ကျွေးမွေးဖို့တော့ လိုအပ်ပါတယ်။ မိုးရာသီမှာဖြစ်တဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ရှောင်ရှားနိုင်စေဖို့အတွက် ဗာဒံစေ့၊ နေကြာစေ့၊ အယ်လ်မွန်စေ့ စတာတွေကို ကျွေးပေးနိုင်ပါတယ်။

၈။ ဘီတွတ်ဥ

ဘီတွတ်ဥကတော့ နယ်ဒေသတွေမှာ ပိုပြီး ပေါပေါများများတွေ့ရတတ်ပါတယ်။ ဗီတာမင်၊ ပိုတက်ဆီယံ၊ သက်စောင့်ဓာတ်တွေနဲ့ ဖောလစ်အက်ဆစ်တို့ပါဝင်နေတဲ့ အမိုက်စား ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ဘီတွတ်ဥမှာ ပါရှိတဲ့ အာဟာရဓာတ်တွေဟာ အဆိပ်အတောက်ခြေဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိသလို ကိုယ်ခန္တာကိုလည်း ကြံ့ခိုင်စေတဲ့ အကျိုးပေးပါတယ်။

၉။ တိုဟူး၊ ပဲပြား

ကလေးတွေကို တိုဟူးတို့၊ ပဲပြားတို့ ကျွေးမွေးတာကလည်း ကောင်းမွန်တဲ့ အလေ့အထပါပဲ။ ဒီအစားအစာတွေမှာ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ သံဓါတ် နဲ့ ခန္တာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေမှာဖြစ်ပြီး မိုးရွာသီမှာ ကျွေးမွေးဖို့ သင့်လျော်တဲ့ အစားအစာတစ်ခုပါပဲ။

၁၀။ ရေနွေးကြမ်း

လက်ဖက်ခြောက်သင့်ရုံ ခတ်ထားတဲ့ ရေနွေးကြမ်း နွေးနွေးလေးဟာ ဘယ်လိုရာသီဥတုမျိုးမှာမဆို ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အရာတစ်ခုပါ။ လူကြီးတွေအတွက်ချည်း အကျိုးဖြစ်ထွန်းတာမဟုတ်ပါဘူး။ ကလေးတွေအတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ကာလဝမ်းလို ရောဂါမျိုးကို ကာကွယ်ဖို့ ရိုးရိုးရေထက် ရေနွေးတိုက်တာက ပိုပြီး သင့်လျော်ပါတယ်။

ဒါ့အပြင် သစ်ကြပိုး၊ ချင်း၊ ဇီရာစေ့၊ ငရုပ်ကောင်းစေ့၊ သလဲသီး၊ မက်မွန်သီးတို့လို အစားအစာတွေကလည်း မိုးရာသီမှာ ရင်သွေးတွေကို ကျွေးမွေးနိုင်တဲ့ အစားအစာတွေဖြစ်ကြပါတယ်။

ဒီလိုအစားအစာတွေကို နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေ၊ ဟင်းအမယ်တွေထဲမှာ ထည့်သွင်းချက်ပြုတ်တာဖြစ်ဖြစ်၊ တွဲဖက်ကျွေးမွေးတာဖြစ်ဖြစ် ပြုလုပ်ပေးရင် ရင်သွေးတွေ မိုးရာသီကာလမှာ တော်ရုံတန်ရုံဖျားတာနာတာတွေနဲ့ ကင်းဝေးအောင် ကူညီနိုင်မှာပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top