ဗြိတိန်နိုင်ငံမှာ ဒုတိယမြောက် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ်တစ်မျိုး ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဲဒီမျိုးဗီဇသစ်က တောင်အာဖရိကနိုင်ငံနဲ့ ဆက်နွှယ်နေတယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောပါတယ်။ ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ခံရသူ ၂ ယောက်လုံးက တောင်အာဖရိကနိုင်ငံကနေ ရောက်လာသူတွေနဲ့ ထိတွေ့မှု ရှိသူတွေပါ။
ဗြိတိန်နိုင်ငံဟာ အစောပိုင်းကတည်းက ကန့်ကောင်တီမှာ ကူးစက်ပြန့်ပွားနေတဲ့ ကူးစက်မြန် မျိုးဗီဇသစ်ကို ရင်ဆိုင်တွန်းလှန်နိုင်ဖို့ ကြိုးစားနေရတာပါ။ ကန့်ကောင်တီမှာ ကူးစက်ပြန့်ပွားနေတဲ့ မျိုးဗီဇသစ်ကို B117 (သို့) VUI-202012/01 လို့ အမည်ပေးထားပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ စောင့်ကြည့်နေရတဲ့ ပထမဆုံး မျိုးဗီဇသစ် (variant under investigation – VUI) ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲဒီမျိုးဗီဇသစ်က ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။
ကိုဗစ်-၁၉ မျိုးဗီဇသစ် ၂ မျိုးလုံးက မျိုးဗီဇသင်္ကေတ (Genetic Code) ပြောင်းလဲမှု ၂၃ မျိုးရှိပါတယ်။ ပြောင်းလဲမှု ၆ မျိုးက ဗိုင်းရပ်စ်ကို သက်ရောက်မှုမရှိနိုင်ပေမဲ့ ကျန်တဲ့ ပြောင်းလဲမှုတွေကတော့ ဗိုင်းရပ်စ်ရဲ့ ပြုမူပုံကို ပြောင်းလဲသွားနိုင်ခြေရှိပါတယ်။ မျိုးဗီဇ ပြောင်းလဲမှုမှာ အဓိကစိုးရိမ်တာကတော့ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာရှိတဲ့ ပရိုတိန်းစူးချွန်တွေပါပဲ။ အဲဒီစူးချွန်တွေက ဆဲလ်တွေထဲကို ဗိုင်းရပ်စ် ဝင်ရောက်နိုင်အောင် ကူညီပေးတဲ့အရာပါ။ ကာကွယ်ဆေးအများစုကလည်း အဲဒီစူးချွန်တွေကို အဓိကပစ်မှတ်ထားပြီး ချေမှုန်းတာပါ။ N501Y၊ N439K၊ Y453F လို့ အမည်ပေးထားတဲ့ စူးချွန်မျိုးဗီဇပြောင်းလဲမှုနဲ့ delta 69/70 လို့ အမည်ရတဲ့ စူးချွန်မှာ ပြောင်းလဲမှုတွေ ဖြစ်လာမယ်ဆိုရင် အရင်တုန်းက ရောဂါကူးစက်ခံရဖူးသူတွေ၊ ကာကွယ်ဆေး ထိုးထားသူတွေလည်း ရောဂါကူးစက်ခံရနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ တောင်အာဖရိကနဲ့ ဆက်နွှယ်နေတဲ့ ကိုဗစ်-၁၉ မျိုးဗီဇသစ်က N501Y စူးချွန်မျိုးဗီဇ ပြောင်းလဲနေတဲ့အတွက် ကူးစက်မှု ပိုမြန်နိုင်ပါတယ်။
ကူးစက်မှုမြန်ဆန်လို့ လူနည်းနည်းလောက် ကူးစက်ခံရတာနဲ့ အများကြီး ပြန့်ပွားသွားနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် နှာခေါင်းစည်းတပ်ဆင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ၊ လက်မကြာခဏဆေးတာ စတဲ့ ညွှန်ကြားချက်တွေကို အရင်ကထက် ပိုဂရုတစိုက် လိုက်နာဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုထားပါတယ်။
ဗြိတိန်နိုင်ငံမှာ တွေ့ရှိရတဲ့ ကိုဗစ်-၁၉ မျိုးဗီဇသစ် ၂ မျိုးက ဥရောပနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေကို ပျံ့နှံ့သွားနိုင်လားဆိုတာကတော့ ဗြိတိန်နိုင်ငံရဲ့ ထိန်းချုပ်နိုင်စွမ်း၊ တခြားနိုင်ငံတွေရဲ့ တားဆီးပိတ်ဆို့နိုင်စွမ်းတွေနဲ့ သက်ဆိုင်နေမှာပါ။ ဒါကြောင့်လည်း ဗြိတိန်နိုင်ငံမှာ ကူးစက်မြန် မျိုးဗီဇသစ် ပထမတစ်မျိုး တွေ့ကတည်းက ဥရောပနိုင်ငံတချို့က ဗြိတိန်ခရီးသည်တွေကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တာပါ။
ရောဂါပိုး မျိုးဗီဇသစ် ပြောင်းလဲသွားလို့ ကာကွယ်ဆေးတွေကိုပါ ပြောင်းလဲဖော်စပ်ရမယ်ဆိုရင် အချိန်ဘယ်လောက်ထပ်ကြာသွားမလဲဆိုတာကလည်း လူအများစု သိချင်ကြတဲ့ မေးခွန်းပါပဲ။ mRNA အပေါ် အခြေခံ ဖော်စပ်ထားတဲ့ Pfizer/BioNTech ကာကွယ်ဆေးက တစ်ရက်၊ ၂ ရက်လောက်အတွင်း ပြောင်းလဲဖော်စပ်နိုင်စွမ်းရှိပါတယ်။ ပရိုတိန်းစူးချွန်တွေကို ချေမှုန်းဖို့ မျိုးဗီဇသင်္ကေတအသုံးပြု ဖော်စပ်ထားတဲ့ Oxford/AstraZeneca ကာကွယ်ဆေးကလည်း အချိန်တိုအတွင်း ပြောင်းလဲဖော်စပ်နိုင်စွမ်း ရှိပါတယ်။
Ref: Guardian & Straits Times ” What do we know about the two new Covid-19 variants in the UK?”
Nz ( ရိုးရာလေး)