ဖုန်း နဲ့ ကွန်ပျူတာ ကြည့်တာများလို့ မျက်လုံး ခြောက်ရင် ဘာလုပ်ရမလဲ

2-6-2020-yyl-057.jpg

မျက်လုံး ထဲ ကျိန်းတာ၊ စပ်တာ၊ ခို့လို့ခုလုဖြစ်တာတွေက မျက်လုံးခြောက်သွေ့နေတာ ဖြစ်နိုင်တယ်။ Dry eye လို့ခေါ်တဲ့ မျက်လုံးခြောက်သွေ့တဲ့ ပြဿနာဟာ ကွန်ပျူတာတွေ၊ ဖုန်းတွေလို ဒစ်ဂျစ်တယ်စခရင်မ်တွေ ကြည့်တာများတဲ့ သူတွေမှာဖြစ်နေကျပါ။ တီဗီကို မထတမ်းကြည့်လေ့ရှိတဲ့ သူတွေမှာလည်း ခံစားရတတ်ပါတယ်။ တကယ်တော့ မျက်လုံး ကျန်းမာပြီး အမြင်အာရုံ ကြည်လင်စေဖို့ ထိန်းသိမ်းပေးနိုင်ဖို့ မျက်ရည် မလုံလောက်တဲ့အခါ အခုလိုဖြစ်လာတာပါ။

မျက်လုံး ထဲမှာ ရေဓာတ် ထိန်းသိမ်းနိုင်ဖို့၊ သက်တောင့်သက်သာရှိဖို့၊ အမြင် ကြည်လင်ဖို့၊ အမှုန်အမွှားနဲ့ ပြင်ပက ဖုန်မှုန့်တွေကို မျက်လုံးထဲကဖယ်ရှားပေးဖို့၊ ရောဂါပိုးတွေ ရန်က ကာကွယ်ပေးဖို့ ဆိုတာ မျက်ရည်ရဲ့ လုပ်ဆောင်ချက်တွေ ပါ။ ဒါ့ကြောင့် မျက်ရည်အမြဲအလုံအလောက်ရှိနေဖို့ လိုပါတယ်။ မျက်ရည်ခန်းခြောက်လို့ Dry eye ဖြစ်နေပြီဆို ဒီအချက်လေးတွေ လုပ်ကြည့်ပါ။

မျက်ရည်တု ခတ်ပါ

မျက်ရည်တုလို့ခေါ်တဲ့ မျက်စဉ်းလေးတွေကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ မျက်ရည်တု ကြောင့် မျက်စိအတွင်း မခြောက်သွေ့အောင် ကာကွယ်ပေးပြီး အမြင်ပြန်ကြည်လင်စေပါတယ်။ မျက်စိထဲ အေးမြတဲ့ ခံစားမှုကို ရရှိစေပြီး ကျိန်းစပ်တာတွေ အမြန်သက်သာစေပါလိမ့်မယ်။


မျက်လုံး အဖွင့်အပိတ် လုပ်ပေးပါ

မျက်လုံး ထဲမှာ ခို့လို့ခုလု ဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခန်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလို ဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိ တဝိုက် သွေးလည်ပတ်မှု ကောင်းစေပြီး မျက်စိညောင်း သက်သာစေပါတယ်။

မျက်စိ မှိတ်ပြီး ၂ စက္ကန့်နေပါ။
မျက်စိ မှိတ်လျက်နဲ့ မျက်ခွံကို ကျုံ့ပြီး ၂ စက္ကန့်။
ပြီးရင် မျက်စိ ပြန်ဖွင့်ပြီး ၂ စက္ကန့်။
ဒီအတိုင်း အစက ပြန်လုပ်ပေးပါ။ သုံးလေးကြိမ်လောက် လုပ်ပြီးရင် မျက်စိဝေဒနာ သက်သာသွားပါလိမ့်မယ်။

နွေးတဲ့အရာ တစ်ခုခု ကပ်ပေးပါ

မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်း သက်သာစေတာက အနွေးဓာတ် ပေးတာပါပဲ။ တစ်ခုခု ကြောင့် မျက်စိယားတာ၊ စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။ လက်ကိုင်ပဝါလေး ဖြစ်ဖြစ် အာငွေ့ပေးပြီး မျက်ခွံပေါ်မှာ ကပ်ပြီး ငါးမိနစ် ထားပါ။

လက်ဖဝါး အနွေးဓာတ် ပေးပါ

လက်ဖဝါးကုထုံး ကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ စာဖတ်တာ ကြာသွားလို့ ဒါမှမဟုတ် ကွန်ပျူတာ၊ တီဗီကြည့်တာ ကြာသွားလို့ မျက်စိညောင်းလာပြီ ဆိုရင် ပိုအသုံးဝင်ပါတယ်။

သက်တောင့်သက်သာ ဖြစ်မယ့် အနေအထား နဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ မှိတ်ထားတဲ့ မျက်ခွံပေါ်မှာ လက် နဲ့ အုပ်ထားပါ။ မဖိရပါ။ ဖြေလျော့ပြီး စက္ကန့်၃၀လောက် ငြိမ်နေပေးပါ။ မျက်လုံးကို ဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီ ကြည့်ပါ။ ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။

အဆီများတဲ့ငါး စားပါ

အဓိက ကတော့ အကျိုးပြုအဆီဓာတ် omega-3 fatty acids ကြွယ်ဝတဲ့ တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတွေက အမြင်အာရုံ ကျန်းမာရေး အတွက် သိပ်ကို ကောင်းပါတယ်။
ရေသောက်ပါ

မျက်စိ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကို ကျန်းမာစေဖို့ အတွက် ရေဓာတ် လုံလောက်ဖို့ လိုအပ်ပါတယ်။ ရေအရမ်းဆာတဲ့အထိ မနေပါနဲ့။ မကြာမကြာ ရေသောက်ပေးပါ။

ဘာပဲဖြစ်ဖြစ် –

ကွန်ပျူတာ သို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီး ကြည့်နေရင် မျက်စိနဲ့ ပတ်သက်တဲ့ဝေဒနာတွေက ဖြစ်လာမှာပဲ ဆိုတော့ ကြည့်နေတဲ့ကြားမှာ ခဏလောက်တော့ မျက်လုံး လွှဲပြီး နားနားပေးပါ။

အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏ ဖြစ်စေတတ်ပါတယ်။

Ref : Hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top