အိန္ဒိယအိမ်ရှင်မတွေ ၂၅ မိနစ် တစ်ယောက်နှုန်း အဆုံးစီရင်နေရတဲ့ အကြောင်းရင်း

16.12.2021yyl7.jpg

အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း အိမ်ထောင်ရှင်မ သောင်းချီ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နေကြတယ်။ မနှစ်တုန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အိမ်ရှင်မ ၂၂,၃၇၂ ရှိတယ်လို့ အမျိုးသားမှုခင်းမှတ်တမ်းဗျူရိုက ထုတ်ပြန်ခဲ့တယ်။ အဲဒီပမာဏဟာ တစ်နေ့ကို ၆၁ ယောက်နှုန်း၊ ၂၅ မိနစ်ကို တစ်ယောက်နှုန်းရှိတယ်။ မနှစ်က အိန္ဒိယတစ်နိုင်ငံလုံးမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ၁၅၃,၀၅၂ ယောက်ရှိပြီး ၁၄.၆ ရာခိုင်နှုန်းက အိမ်ရှင်မတွေပါ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သူ အမျိုးသမီးတွေထဲမှာ တစ်ဝက်ကျော်က အိမ်ရှင်မတွေ ဖြစ်နေတယ်။ ဒါဟာ ၂၀၂၀ တစ်နှစ်တည်း မဟုတ်ပါဘူး။ ၁၉၉၇ ခုနှစ်နောက်ပိုင်း အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အိမ်ရှင်မ ၂၀၀၀၀ ကျော် ရှိတယ်။ ၂၀၀၉ ခုနှစ်မှာ ၂၅၀၉၂ ယောက်အထိ မြင့်တက်လာတယ်။

ဘာကြောင့် ဒီလို ဖြစ်ရသလဲ။ အိမ်ထောင်ရှင်မတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေနဲ့ပတ်သက်တဲ့ သတင်းတွေမှာတော့ မိသားစုပြဿနာ ဒါမှမဟုတ် အိမ်ထောင်ရေးပြဿနာတွေကို အဓိကဖော်ပြလေ့ရှိတယ်။ တကယ့်အကြောင်းရင်း အစစ်အမှန်က ဘာလဲ။ စိတ်ကျန်းမာရေးပညာရှင်တွေရဲ့ အဆိုအရတော့ ဆိုးရွားတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေက အဓိကအကြောင်းရင်းပါပဲ။ အမျိုးသမီးအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ ခင်ပွန်းဖြစ်သူရဲ့နိုင်ထက်စီးနင်းလုပ်မှုတွေ ကြုံရတယ်လို့ မကြာသေးခင်က အစိုးရရဲ့စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အိမ်မှုကိစ္စတွေက များ၊ အိမ်ထောင်ရေးက မသာယာ၊ ခဏခဏ ရန်ဖြစ်နေရတဲ့အခါ မွန်းကျပ်မှုတွေ ဖြစ်လာရပါတယ်။

” အမျိုးသမီးတွေက တော်တော်လေး ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ဒါပေမဲ့ သည်းခံမှုဆိုတာ အတိုင်းအတာရှိတယ်။ မိန်းကလေးအများစုက ၁၈ နှစ်ပြည့်တာနဲ့ အိမ်ထောင်ပြုရတယ်။ ခင်ပွန်းနဲ့ ယောက္ခမရဲ့ အုပ်ထိန်းမှုအောက်မှာတစ်နေ့လုံး အိမ်မှာနေရင်း ချက်ပြုတ်၊ လျှော်ဖွတ်၊ ဗာဟီရတွေ လုပ်ရတယ်။ ကန့်သတ်ချက်တွေကလည်း များမှများပဲ၊ သူတို့မှာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်မရှိသလောက်၊ ကိုယ်ပိုင်ပိုက်ဆံဆိုတာ မရှိသလောက် ဖြစ်လာတယ်။ ပညာရေးနဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ရတော့မယ်၊ ရည်မှန်းချက်တွေ ဝေဝါးလာမယ်၊ ဒီတော့ စိတ်ပျက်အားငယ်မှုတွေ ခံစားလာရပြီး အသက်ရှင်နေရတာ ဝဋ်ဆင်းရဲတစ်ခုလို ဖြစ်လာတယ်” လို့ ဗာရဏသီမြို့ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ အူရှာဝါမာက ပြောပါတယ်။

အမျိုးသမီးကြီးတွေ အဆုံးစီရင်တဲ့ အကြောင်းရင်းကျတော့ မတူဘူး။ သူတို့ကျတော့ သားသမီးတွေ အရွယ်ရောက်လို့ အိမ်ထောင်ကိုယ်စီ ဖြစ်သွားချိန်မှာ အထီးကျန် ဝေဒနာခံစားရပြီး စိတ်ကျတာ၊ မကြာခဏ ငိုနေတတ်တာမျိုး ဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ အဆုံးစီရင်မှုတွေက အလွယ်တကူ တားဆီးလို့ ရတယ်၊ တစ်စက္ကန့်လောက် တားထားနိုင်ရင် အဆုံးမစီရင်ဖြစ်တော့မယ့် အခွင့်အရေးရှိတယ်လို့ ဒေါက်တာ အူရှာဝါမာက ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ အဆုံးစီရင်မှုအများစုက ရုတ်တရက် ဖြစ်သွားကျတာလို့ စိတ်ကျန်းမာရေးပညာရှင် ပါသာရီက ပြောပါတယ်။ ” ယောကျ်ားတွေက အိမ်ပြန်လာပြီး ရိုက်ဟယ်၊ နှက်ဟယ်လုပ်တော့ မိန်းမက အဆုံးစီရင်သွားတာပေါ့” လို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အိန္ဒိယအမျိုးသမီး ၃ ပုံ၊ ၁ ပုံဟာ အိမ်တွင်းအကြမ်းဖက်မှု ခံစားရတဲ့ မှတ်တမ်းရှိတယ်လို့ လွတ်လပ်တဲ့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အမျိုးသားမှုခင်းမှတ်တမ်းဗျူရိုရဲ့ အစီရင်ခံစာတွေထဲမှာတော့ အိမ်တွင်းအကြမ်းဖက်မှုကို အဆုံးစီရင်မှုတွေရဲ့ အကြောင်းရင်းတစ်ရပ်အဖြစ် မဖော်ပြကြပါဘူး။

အမျိုးသမီးတွေက အပြင်ထွက်ဈေးဝယ်တာ ဒါမှမဟုတ် တစ်နေရာရာ သွားတဲ့အခါ စကားစမြည်ပြောပြီး သူတို့ရဲ့စိတ်ခံစားချက်တွေကို ဖြေလျှော့ကြလေ့ရှိတယ်လို့ ဘန်ဂလိုရီမြို့အခြေစိုက် စိတ်ကျန်းမာရေး app ရဲ့ စိတ်ကျန်းမာရေးပညာရှင် ချိုင်တာလီဆင်ဟာက ပြောပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် Lockdown ချတဲ့ကာလမှာတော့ သူတို့ရဲ့ အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။

” (အိမ်တွင်းအကြမ်းဖက်တဲ့) ယောကျ်ားအလုပ်သွားရင် အိမ်ရှင်မတွေ စိတ်လွတ်လပ်သေးတယ်။ ဒါပေမဲ့ ကပ်ရောဂါကာလမှာ သူတို့ရဲ့လွတ်လပ်မှုက ပျောက်ဆုံးသွားတယ်။ နှိပ်စက်သူရဲ့လက်မှာ ပိတ်မိသွားတယ်။ ဟိုမသွားရဘူး၊ ဒီမသွားရဘူးဆိုတဲ့ တားဆီး၊ ကန့်သတ်ချက်တွေကြောင့် သူတို့ရဲ့အပျော်တွေ ပျောက်ဆုံးသွားတယ်။ ဒီတော့ ဒေါသ၊ နာကျည်းဝမ်းနည်းမှုတွေက အချိန်နဲ့အမျှ တိုးပွားလာပြီး အဆုံးစီရင်မှုက နောက်ဆုံးနည်းလမ်း ဖြစ်လာတော့တာပါ” လို့ ဆင်ဟာက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆုံးစီရင်မှု အများဆုံးပါ။ ကမ္ဘာတစ်ဝန်း အဆုံးစီရင်မှုရဲ့ ၄ ပုံ၊ ၁ ပုံက အိန္ဒိယအမျိုးသားတွေ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ၁၅ နှစ်ကနေ ၃၉ နှစ်ကြား သေဆုံးသူတွေရဲ့ ၃၆ ရာခိုင်နှုန်းကတော့ အိန္ဒိယအမျိုးသမီးတွေပါ။ အိန္ဒိယအစိုးရက ထုတ်ပြန်တဲ့ အဆုံးစီရင်မှု ကိန်းဂဏန်းတွေဟာ အရှိထက် အများကြီး လျော့နည်းနေပြီး ဒီပြဿနာရဲ့ အတိုင်းအထွာမှန်က ဘယ်လောက်ရှိလဲဆိုတာ လှစ်ပြနိုင်ခြင်းမရှိဘူးလို့ စိတ်ကစဉ့်ကလျားဖြစ်မှုနဲ့ အဆုံးစီရင်မှု ကာကွယ်ရေးသုတေသီ ဒေါက်တာ ပါသာရီက ပြောပါတယ်။

” အိန္ဒိယနိုင်ငံမှာ အဆုံးစီရင်ဖို့ ကြိုးစားတဲ့ ကိန်းဂဏန်းကို ကြည့်လိုက်ရင် ရယ်စရာကောင်းလောက်အောင် နည်းနေတာ တွေ့ရမယ်။ အမှန်တကယ် ဖြစ်နေတဲ့အတိုင်းအတာက ၄ ဆကနေ အဆ ၂၀ အထိ ပိုများပါတယ်။ တကယ်လို့ မနှစ်တုန်းက အိန္ဒိယမှာ အဆုံးစီရင်မှု ၁၅၀,၀၀၀ ရှိတယ်လို့ ဖော်ပြရင် အမှန်တကယ် အဆုံးစီရင်မှုက ၆ သိန်းကနေ ၆ သန်းအထိ ရှိနေမှာပါ” လို့ ဒေါက်တာ ပါသာရီက ဆိုပါတယ်။ ၂၀၃၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာတစ်ဝန်းမှာ အဆုံးစီရင်မှုတွေကို ၃ ပုံ၊ ၁ ပုံ လျှော့ချဖို့ ကုလသမဂ္ဂက လျာထားပေမဲ့ ၂၀၁၉ ခုနှစ်နဲ့ယှဉ်ရင် ၂၀၂၀ ပြည့်နှစ်အတွင်း အိန္ဒိယနိုင်ငံမှာ အဆုံးစီရင်မှု ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒီတော့ အိန္ဒိယနိုင်ငံအတွက်တော့ အဆုံးစီရင်မှုလျှော့ချရေးဆိုတာ တကယ်ဖြစ်မလာတဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာ ရှိနေသေးကြောင်း . . . .

Ref: BBC “What’s behind suicides by thousands of Indian housewives?”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top