သွေးကင်ဆာရောဂါပျောက်ကင်းပြီး ကျောင်းပြန်လာတဲ့ ကလေးလေးကို ကျောင်းတစ်ကျောင်းလုံးက တန်းစီစောင့်ကြိုဂုဏ်ပြု

9-1-2023-yyl-65.jpg

ကင်ဆာရောဂါက သေစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးသူ (၆) ဦးမှာ တစ်ဦးလောက်က ကင်ဆာရောဂါကြောင့်ပါ။ ကင်ဆာရောဂါပျောက်ကင်းဖို့ တွန်းလှန်ကျော်လွှားရတာကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါကြောင့် ကင်ဆာရောဂါကိုတွန်းလှန်ပစ်နိုင်တဲ့သူတွေကို ဂုဏ်ပြုပေးသင့်ပါတယ်။ ကလေးလေးတစ်ယောက်ဆိုရင် သွေးကင်ဆာရောဂါကို အလဲထိုးလိုက်နိုင်တဲ့အတွက် သူ့ရဲ့ကျောင်းက ကြည်နူးစရာအပြုအမူလေးနဲ့ ဂုဏ်ပြုပေးခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လက ဘန်နာဒိုဆိုတဲ့ အဲဒီကလေးလေးက သွေးကင်ဆာရောဂါရှိတယ်ဆိုတာ သိခဲ့ရပြီး ဓာတုကုထုံးနဲ့ကုသမှုကိုခံယူခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာတော့ ကင်ဆာရောဂါပျောက်ကင်းသွားပြီးနောက် ကျောင်းပြန်တက်ခဲ့ပါတယ်။ ဘန်နာဒို ကင်ဆာရောဂါပျောက်ကင်းသွားပြီး ကျောင်းပြန်လာတတ်မယ်ဆိုတာသိတဲ့ သူ့ရဲ့အတန်းဖော်တွေနဲ့ဆရာမတွေက သူ့ကို ဂုဏ်ပြုဖို့အတွက် တန်းစီစောင့်ဆိုင်းခဲ့ကြတာပါ။ သူ့ကို အဲဒီလိုဂုဏ်ပြုတဲ့ဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဘန်နာဒိုက ကျောင်းဆီကို သူ့ရဲ့မိဘတွေနဲ့အတူ လမ်းလျှောက်လာပါတယ်။ ကျောင်းတံခါးပေါက်ကို ဝင်လိုက်တဲ့အခါမှာ ကျောင်းကို ပူဖောင်းတွေနဲ့အလှဆင်ထားပြီး သူ့ရဲ့အတန်းဖော်တွေက ဝင်ပေါက်တစ်ဖက်တစ်ချက်မှာ တန်းစီပြီး လက်ခုပ်တီးကာ ကြိုဆိုနေခဲ့ကြတာပါ။ ဘန်နာဒိုလည်း အဲဒါကို မြင်ပြီး အရမ်းစိတ်လှုပ်ရှားကာ သူ့ရဲ့ဆရာမတွေကို ပွေ့ဖက်ခဲ့ပြီးတော့ စင်္ကြံလမ်းတစ်လျှောက်ပြေးသွားခဲ့တာကို ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။

Ref: Whole school lines up to welcome back boy who beat blood cancer. His reaction is priceless.

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top