ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ်စက်ခြင်းရဲ့ကောင်းကျိုးတွေ

30.12.2021yyl3.jpg

ဆံသားနဲ့ပတ်သက်လာရင် အိန္ဒိယအမျိုးသမီးတွေက လှပပြီးမဲနက်တောက်ပြောင်ရှည်လျားတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားကြပါတယ်။ အိန္ဒိယမှာ မျိုးရိုးအစဉ်အဆက်လက်ဆင့်ကမ်းခဲ့ကြတဲ့ အလှအပလျှို့ဝှက်ချက်တွေရှိကြပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေထဲက တစ်ခုကြောင့်ပဲ အခုလိုဆံသားမျိုးကို ပိုင်ဆိုင်နေကြရတာပါ။ အဲဒီလျှို့ဝှက်ချက်က အိပ်ရာမဝင်ခင် ညတိုင်း ကျစ်ဆံမြီးကျစ်ကြတာပါ။ အိန္ဒိယယဉ်ကျေးမှုမှာ အမျိုးသမီးတွေက ဆံပင်ဖြန့်ထားပြီး အိပ်စက်တဲ့အခါ မကောင်းတဲ့စွမ်းအားတွေနဲ့ ပိုပြီး ထိတွေ့မိကြတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ့်လက်တွေ့မှာတော့ ကျစ်ဆံမြီးကျစ်ပြီး အိပ်စက်တာက ဆံသားအတွက် ကောင်းကျိုးအမျိုးမျိုးပေးစွမ်းနေတာပါ။ ကျစ်ဆံမြီးကျစ်ပြီး အိပ်စက်တာက ဆံသားကျိုးပဲ့ပျက်စီးတာကို ကာကွယ်တာစပြီး ဆံပင်သန်စွမ်းတဲ့အထိ ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။ နောက်ထပ်ကောင်းကျိုးတွေကတော့

ဆံပင်နှခွဖြစ်တာကို ကာကွယ်ပေးတယ်

အဖျားနှခွဖြစ်နေတဲ့ ဆံပင်ကို နည်းနည်းဖြတ်လိုက်တာက နှခွဖြစ်တာကို ယာယီပဲ ကူညီပေးနိုင်ပါတယ်။ ဆံပင်ထိန်းသိမ်းတာမျိုးတွေမလုပ်ရင် ဆံပင်နှခွဖြစ်တာ ပြန်ပေါ်လာမှာပါပဲ။ ကြမ်းတမ်းတဲ့ဓာတုထုတ်ကုန်တွေကို အသုံးပြုတဲ့အခါ ဆံပင်နှခွဖြစ်လာရပါတယ်။ ဆံပင်ချထားပြီး အိပ်စက်မယ်ဆိုရင် ခေါင်းအုံးနဲ့ ပွတ်တိုက်တာများလာပြီး ဆံပင်ကိုနှခွဖြစ်လာစေနိုင်ပါတယ်။ ကျစ်ဆံမြီးကျစ်ပြီး အိပ်တာက ဆံသားပျက်စီးပြီး နှခွဖြစ်တာကို လျော့ချပေးနိုင်ပါတယ်။

ဆံသားအစိုဓာတ်ကို ထိန်းပေးတယ်

သင့်ဆံသားက ခြောက်သွေ့မနေဘဲ အစိုဓာတ်ရှိဖို့ လိုပါတယ်။ တစ်ညလုံး သင့်ဆံသားကအစိုဓာတ်ခန်းခြောက်လာနိုင်ပါတယ်။ ကျစ်ဆံမြီးကျစ်ပြီး အိပ်စက်တာက ဆံသားရဲ့အစိုဓာတ်ကို ထိန်းပေးဖို့အတွက် အကူအညီပေးပါတယ်။ ကျစ်ဆံမြီးရဲ့ပုံစံက ဆံသားရဲ့အစိုဓာတ်ကို ထိန်းပေးနေလို့ပါပဲ။

ဆံပင်ရှုပ်နေတာကို ဖြီးရတာ လွယ်ကူစေတယ်

အိပ်ရာမဝင်ခင် ကျစ်ဆံမြီး ပုံမှန်ကျစ်ပေးတဲ့အခါ မနက်ခင်းအိပ်ရာထတာနဲ့ ဆံပင်ရှုပ်တာမျိုးတွေမဖြစ်တော့ပါဘူး။ ဆံပင်ဖြီးရတာ လွယ်ကူစေပါတယ်။ ဆံပင်ရှုပ်နေတာကို ရှင်းနေရတဲ့ အချိန်ကိုလည်း သက်သာစေတဲ့အပြင် ဆံပင်ဖြီးတဲ့အခါ ဆံပင်ကျွတ်တာကိုလည်း လျော့နည်းစေပါတယ်။

ဆံပင်အရှည်မြန်စေတယ်

သင့်ရဲ့ဆံသားတွေပျက်စီးနေရင် ကြည့်လို့မကောင်းသလို သင့်ရဲ့ဆံပင်သန်စွမ်းမှုအပေါ်မှာလည်း သက်ရောက်စေနိုင်ပါတယ်။ ဆံသားအားနည်းပြီး ပြတ်ထွက်နေတဲ့အခါ သင် လိုချင်တဲ့ ဆံသားကို ရနိုင်မှာမဟုတ်ပါဘူး။ ဆံပင်အရှည်မြန်တာလည်း လျော့သွားနိုင်ပါတယ်။ ကျစ်ဆံမြီးကျစ်ပြီးအိပ်တာက ဆံပင်အရှည်မြန်အောင် ကူညီပေးနိုင်ပါတယ်။

မနက်ခင်း အချိန်ကုန်သက်သာစေတယ်

သင်က ကျစ်ဆံမြီးကျစ်ပြီးအိပ်စက်တာက ဆံပင်ဖြီးဖို့အချိန် သီးသန့်ပေးစရာမလိုတော့ပါဘူး။ မနက်ခင်းပိုင်းမှာ ဆံပင်အတွက် အချိန်အများကြီးပေးစရာမလိုဘဲ အချိန်ကုန်သက်သာစေပါတယ်။ ညဘက် ကျစ်ဆံမြီးကျစ်ဖို့အတွက် မိနစ်အနည်းငယ်ပေးလိုက်တာနဲ့ မနက်ခင်းမှာ ဆံပင်ရှုပ်နေတာကို ရှင်းဖို့အတွက် အားစိုက်စရာမလိုတော့ပါဘူ။ ဆံပင်ကောက်တာနှစ်သက်သူတွေအတွက်လည်း သဘာဝနည်းလမ်းအတိုင်း ဆံပင်ကောက်နေပါလိမ့်မယ်။

Ref: Brightside “Why Indian Women Sleep With Braids and How It Can Transform Your Hair”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top