ဝက်ခြံကပြောတဲ့ ကျန်းမာရေးပြဿနာများ

41991161_350153635728605_6118031203476963328_n.jpg

မေးစေ့မှာ ရုတ်တရက် ဝက်ခြံတွေ ထွက်လာပြီလား။ ဒါမှမဟုတ်ရင် ပါးပြင်တွေ၊ တီ – ဇုန် အဆီပြန်တတ်တဲ့ နေရာတွေမှာ ဝက်ခြံတွေ ထွက်နေပြီလား။ တခြား နေရာတွေထက် မျက်နှာပေါ်မှာရှိတဲ့ သီးသန့် တစ်နေရာရာမှာ ရုတ်တရက်ကြီး ဝက်ခြံတွေ ထွက်လာတာဟာ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

ဟော်မုန်း၊ အစားအစာ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ စိတ်ဖိစီးမှု ဒါမှမဟုတ် အတွင်းအင်္ဂါ တစ်ခုခုရဲ့ ပြဿနာတွေကြောင့် ဝက်ခြံတွေ ရုတ်တရက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာရဲ့ ဘယ်နေရာတွေမှာ ဝက်ခြံတွေထွက်ရင် ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေပြီလဲဆိုတာ သိရဖို့အတွက် ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

နဖူးပြင်

သင်က ဦးထုပ် မကြာမကြာ ဆောင်းတတ်တယ်ဆိုရင် ဦးထုပ်ရဲ့ ချည်သားကြောင့် ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။ ဆံပင်မှာ အသုံးပြုတဲ့ ပေါင်းဆေးတွေ ဒါမှမဟုတ် ဆံပင်ပျော့ဆေးတွေကြောင့် ဆံစပ်တစ်ဝိုက်မှာရှိတဲ့ မွေးညင်းပေါက်လေးတွေကို ပိတ်ဆို့စေတာမို့လို့ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

နောက်ထပ် ဝက်ခြံဖြစ်စေတဲ့ တရားခံတစ်ခုကတော့ စိတ်ဖိစီးမှု ဖြစ်ပါတယ်။ ဥပမာ စာမေးပွဲနီးလာပြီဆိုရင် ဝက်ခြံ ရုတ်တရက် ထွက်လာတာကို လျှော့ချဖို့ ဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို အရမ်းမသုံးတာ အကောင်းဆုံးဖြစ်မှာပါ။ နဖူးမှာထွက်တဲ့ဝက်ခြံတွေကို မဆိုးရွားစေချင်ဘူးဆိုရင် အာလူးကြော်တွေ၊ သကြားလုံးတွေကို လျှော့စားသင့်ပါတယ်။ နဖူးဆိုတာ အစာချေစနစ်နဲ့ ဆက်နွယ်နေတာမို့လို့ စားတဲ့အစားအစာမှာ ပါဝင်တဲ့အဆီကို လျှော့ချစားသုံးပြီး ရေများများသောက်ပေးပါ။

နှာခေါင်း

နှာခေါင်းဆိုတာ နှလုံးနဲ့ ဆက်နွယ်နေပြီး အသားနဲ့ စပ်တဲ့ အစားအစာတွေကို နဲနဲလျှော့စားမယ်ဆိုရင် နှာခေါင်းမှာ ရုတ်တရက် ထွက်လာတဲ့ ဝက်ခြံတွေ သက်သာနိုင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီတွေ ပါဝင်တဲ့ အခွံမာသီး၊ ထောပတ်သီး၊ ငါးတို့ကို ပြောင်းလဲစားသုံးဖို့ အကြံပေးချင်ပါတယ်။

ပါးပြင်

ဖုန်းတွေ၊ မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ်တွေကို နောက်ဆုံး ဆေးကြောခဲ့တာ ဘယ်တုန်းကလဲဆိုတာ မှတ်မိသေးရဲ့လား။ ပါးမှာ ဝက်ခြံတွေ ရုတ်တရက်ကြီး ထွက်လာပြီဆိုရင် မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ်တွေ၊ ပါးနဲ့ ထိတွေ့တတ်တဲ့အရာတွေကို ဆေးကြော သန့်ရှင်းသင့်ပါတယ်။

မေးစေ့နဲ့ မေးရိုး

မေးစေ့နဲ့ မေးရိုးမှာ ဝက်ခြံထွက်လာပြီဆိုရင် ဟော်မုန်း မညီမျှခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဟော်မုန်း ပြောင်းလဲတယ်ဆိုတာ ရှောင်လွှဲလို့ မရတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အလုံအလောက် အိပ်စက်ခြင်း၊ ရေများများသောက်ခြင်း၊ အသီးအရွက် များများစားခြင်းနဲ့ အရေပြားကို ကောင်းကောင်းသန့်စင်ပေးခြင်းဖြင့် မေးစေ့နဲ့မေးရိုးတစ်လျှောက် ဝက်ခြံထွက်တာကို လျှော့ချနိုင်ပါတယ်။

နားရွက်

နားရွက်တစ်ဝိုက်နေရာဟာ ကျောက်ကပ်နဲ့ သက်ဆိုင်ပြီးတော့ ရေဓာတ် ခန်းခြောက်တာကြောင့် နားတစ်ဝိုက်မှာ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ရေများများသောက်ပြီးတော့ ကဖိန်းပါတဲ့ သောက်စရာတွေကို လျှော့သောက်သင့်ပါတယ်။

Ref: teenvogue “What the acne on every part of your face means”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top