အသက်အရွယ်ရလာတာနဲ့ ခန္ဓာကိုယ်အနံ့အသက်တွေ ဘာကြောင့် ပြောင်းလဲသွားရတာလဲ

1-12-2020-yyl-013.jpg

လူတွေရဲ့အသက်ကို သူတို့ရဲ့အနံ့အသက်တွေကနေ ခန့်မှန်းနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အနံ့က အသက်အရွယ်ရလာတာနဲ့ ကျန်းမာရေးအခြေအနေ၊ သောက်သုံးနေရတဲ့ဆေးဝါး၊ တစ်နေ့တာနေထိုင်မှုပုံစံနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အမြဲတမ်းပြောင်းလဲနေပါတယ်။ အဲဒါတွေက ကျွန်တော်တို့ကို ချွေးထွက်ပိုများစေရင်းနဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အနံ့အသက်တွေကို ပြောင်းလဲနိုင်တာပါ။ အသက်အရွယ်ရလာတာနဲ့ ဘယ်လိုအခြေအနေမျိုးတွေကြောင့် အနံ့အသက်တွေပြောင်းလဲသွားရတာလဲဆိုတာ ဒီဆောင်ပါးကနေ မျှဝေပေးလိုက်ရပါတယ်။

ကျန်းမာရေးပြဿနာ

ကျွန်တော်တို့ အသက်ရလာတာနဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ပိုပြီး ကြုံတွေ့လာရပါတယ်။ ဆီးချိုရောဂါလို တချို့ရောဂါတွေက ခန္ဓာကိုယ်အနံ့အသက်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က ကီတုန်း (Ketone) ဓာတ်ပမာဏအများဆုံးဖန်တီးမိတဲ့အတွက် ဆီးချိုရောဂါရှိသူဆီကနေ အသီးအနံ့တွေရတတ်ပါတယ်။

အိုမင်းရင့်ရော်တဲ့အသားရေ

ကျွန်တော်တို့အရေပြားက အသက်အရွယ်ရလာတာနဲ့ fatty acids ကိုပိုပြီးထုတ်လုပ်ပါတယ်။ ဒီfatty acid တွေက လေနဲ့ထိတွေ့မိတဲ့အခါ ချဉ်တဲ့အနံ့၊ ဂတ်စ်အနံ့လို အနံ့အသက်ဆိုးတွေတိုးလာစေပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေရဲ့အသားရေအနံံ့က ပြောင်းလဲသွားတဲ့အတွက် လူကြီးအနံ့အသက်တွေထွက်နေရတာဖြစ်ပါတယ်။

အသက်အရွယ်နဲ့အတူ တစ်နေ့တာစားသောက်မှုပုံစံ ပြောင်းလဲတာ

ငါး၊ အနီရောင်သမ်းတဲ့အသားတွေလို အစားအစာတွေက ဘယ်လိုအနံ့အသက်မျိုးထွက်လဲဆိုတာအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အစားအစာတွေချေဖျက်သွားပြီးတဲ့နောက်မှာ ချွေးကနေတဆင့် ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ ကျွန်တော်တို့တစ်နေ့တာမှာ သောက်သုံးတဲ့ရေပမာဏကလည်း ခန္ဓာကိုယ်အနံ့အသက်အတွက် နောက်ထပ်အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။ သင်က ရေဓာတ်ကုန်ခန်းလေလေ၊ ကျွန်တော်တို့အသက်ရှုလိုက်လို့ထွက်လာတဲ့အနံ့အသက်က ပိုဆိုးရွားလာလေလေပါပဲ။ ပါးစပ်ခြောက်တာက ဘတ်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားနိုင်တဲ့အကောင်းဆုံးနေရာပါပဲ။ ပါးစပ်မှာ ဘတ်တီးရီးယားပိုးမွှားတွေကြောင့် အနံ့အသက်ဆိုးတွေထွက်လာနိုင်ပါတယ်။

ဟော်မုန်းပြောင်းလဲတာ

ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဟော်မုန်းဓာတ်တွေက မကြာခဏပြောင်းလဲတတ်တယ်ဆိုတာ ကျွန်တော်တို့ သတိထားမိကြမှာမဟုတ်ပါဘူး။ မိန်းကလေးတွေဆိုရင် ဓမ္မတာလာတဲ့အခါနဲ့ သွေးဆုံးကိုင်ချိန်တွေမှာ ဟော်မုန်းပြောင်းလဲတတ်ပါတယ်။ ဟော်မုန်းပြောင်းလဲတာကြောင့်လည်း ခန္ဓာကိုယ်အနံ့အသက်တွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။

ဆေးဝါးသောက်သုံးတာ

အားဆေးတချို့ကို သောက်သုံးတဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့အနံ့အသက်တွေကို ပြောင်းလဲနိုင်ပါတယ်။ ခန္ဓာကိုယ်က ချွေးထွက်များတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်အနံ့အသက်တွေ ပြောင်းလဲသွားရပါတယ်။ အသားရေကဘတ်တီးရီးယားပိုးမွှားနဲ့ချွေးတို့ ပေါင်းစပ်လိုက်တဲ့အတွက် ခန္ဓာကိုယ်က အနံ့ပြင်းပြင်းထွက်လာစေပါတယ်။

ပုံမှန် ခံတွင်းသန့်ရှင်းမှု

တံတွေးကလည်း အနံ့အသက်ဆိုးတွေကို သဘာဝအလျာက် ဆန့်ကျင်ပေးပါတယ်။ ကျွန်တော်တို့ အသက်အရွယ်ရလာလေလေ ကျွန်တော်တို့ပါးစပ်က တံတွေးထုတ်ဖို့ နည်းလေလေပါပဲ။ အသက်ရလာတာနဲ့ သွားခံတွင်းသန့်ရှင်းရေးကလည်းနည်း၊ တံတွေးထုတ်လုပ်မှုကလည်းနည်းတဲ့အတွက် ပါးစပ်မှာ ဘတ်တီးရီးယားပေါက်ဖွားလာပြီး အနံ့အသက်ဆိုးတွေထွက်လာရတာဖြစ်ပါတယ်။ သွားဖုံးရောဂါက အသက်ကြီးတဲ့သူတွေမှာ အဖြစ်များဆုံးဖြစ်ပြီး ခံတွင်းအနံ့အသက်ဆိုးတွေပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့အနံ့အသက်ကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။

Ref: Brightside “Why Our Body Odor Changes as We Age”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top