ကာဗွန်ကို လောင်စာအဖြစ် ပြောင်းလဲပစ်ဖို့ သုတေသနလုပ်နေတဲ့ လူငယ်သိပ္ပံပညာရှင်

28-11-2022-yyl09.jpg

ခါဇူမီ မူရာခီဆိုတဲ့ လူငယ်လေးဟာ အသက် ၁၅ နှစ်အရွယ်တုန်းက လေထုထဲကနေ ကာဗွန်ကို ဖမ်းယူနိုင်တဲ့ သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ကိရိယာကို ဖန်တီးခဲ့တယ်။ (၇) နှစ်အကြာမှာတော့ ခါဇူမီဟာ ဒီဖမ်းယူထားတဲ့ ကာဗွန်တွေကို လောင်စာအဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာကို သုတေသနပြုလုပ်နေပါတယ်။

ငယ်စဉ်ကတော့ ခါဇူမီဟာ သိပ္ပံပညာကို စိတ်မဝင်စားခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့အဘိုးဖြစ်သူဆီက စတီဖင်ဟော့ကင်းနဲ့ သူ့သမီး လူစီတို့ ရေးသားခဲ့တဲ့ ကလေးဝတ္ထု “George’s Secret Key to the Universe” ကို ရရှိခဲ့ပြီးတဲ့နောက်မှာ သိပ္ပံပညာကို စိတ်ဝင်စားလာခဲ့တာပါ။ အသက် ၁၀ နှစ်အရွယ်လောက်မှာ ခါဇူမီက အနီရောင်ဂြိုဟ် (အင်္ဂါဂြိုဟ်)နဲ့ အဲဒါရဲ့အပြာရောင်နေဝင်ချိန်ပုံတွေကို မြင်ပြီး အံ့အားသင့်ကာ အင်္ဂါဂြိုဟ်ကို ရောက်ချင်တဲ့ သူ့ဘဝမစ်ရှင်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး သူဟာ အင်္ဂါဂြိုဟ်နဲ့ပတ်သက်ပြီး စူးစမ်းလေ့လာခဲ့တယ်။ “အင်္ဂါဂြိုဟ်လေထုက လူသားတွေကို သေစေနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ (၉၅) နှုန်းနဲ့ လုပ်ထားတာကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ ကျွန်တော်တို့ အင်္ဂါဂြိုဟ်မှာ နေထိုင်ချင်ရင် အင်္ဂါဂြိုဟ်က ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားရမယ်”လို့ ခါဇူမီက ဆိုပါတယ်။

အင်္ဂါဂြိုဟ်လေထုက ကာဗွန်တွေကို ဖယ်ရှားဖို့ သူ့ရဲ့သုတေသနပြုချက်က ကမ္ဘာမြေပေါ်မှာလည်း အထောက်အကူဖြစ်နိုင်တယ်ဆိုတာ သူ နားလည်ခဲ့တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်က ရာသီဥတုအကျပ်အတည်းရဲ့အဓိကအကြောင်းအရင်းဖြစ်တဲ့အတွက် လေထဲက အဲဒါကို အဲဒါကို ဖယ်ရှားတာဟာ အကျပ်အတည်းကို တားဆီးဖို့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ခါဇူမီက ပြောပါတယ်။
၂၀၁၅ ခုနှစ်က ခါဇူမီဟာ ခရီးဆောင်အိတ်အရွယ်အစား AI ကာဗွန်ဖမ်းကိရိယာ Hiyassy ကို ဖန်တီးခဲ့ပါတယ်။ အိမ်သုံးရုံးသုံးလို့ရအောင် ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ။ ဒါမှ ဘယ်နေရာမှမဆို ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်ပေးဖို့ လူတိုင်း ကူညီပေးနိုင်မှာပါ။ Hiyassy က လေတွေကို ဆွဲယူပြီး ပြန်ထုတ်မလွှတ်ခင် အယ်ကာလိုင်းပျော်ဝင်မှုကတဆင့် စစ်ထုတ်ခြင်းဖြင့် လုပ်ဆောင်ပါတယ်။

အခုဆို ခါဇူမီက ကာဗွန်ပြန်လည်အသုံးပြုခြင်းဆိုတဲ့ နောက်တစ်ဆင့် သုတေသနလုပ်နေပါပြီ။ သူ့ရဲ့တိုကျိုအခြေစိုက်ကုမ္ပဏီ Carbon Recovering Research Agency က ဖမ်းယူထားတဲ့ကာဗွန်တွေကနေ အစားထိုးလောင်စာဖန်တီးဖို့ လုပ်ဆောင်နေပါတယ်။ “အခု ကျွန်တော်တို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ ဒီဇယ်လောင်စာကို ဖန်တီးနေပါတယ်”လို့ ခါဇူမီက ဆိုပါတယ်။ သူဟာ အနီရောင်ဂြိုဟ်ပေါ် ဆင်းသက်ချင်တဲ့ အိပ်မက်ကတော့ ရှိနေတုန်းပါပဲ။

Ref: CNN “With dreams of Mars, this young activist works for a greener future on Earth”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top