လူသားတစ်ယောက် ဟုတ်၊ မဟုတ် ဘယ်လိုအဓိပ္ဗါယ်ဖွင့်ဆိုသလဲ

map-of-the-world-1005413_960_720.jpg

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိခဲ့စဉ်က George Mason တက္ကသိုလ်က သမိုင်းပါမောက္ခတစ်ဦးရဲ့ ဟောပြောပို့ချချက်တစ်ခုကို နားထောင်ခဲ့ရပါတယ်။ ဟောပြောချက်ထဲမှာ အမေရိကန်နိုင်ငံသားတွေရဲ့ လူသားတစ်ဦးဆိုတာကို ဘယ်လိုအဓိပ္ဗါယ်ဖွင့်တယ်ဆိုတဲ့အကြောင်းကို ထူးထူးခြားခြား လေ့လာမိခဲ့ပါတယ်။

ခြေနှစ်ချောင်း၊ လက်နှစ်ဘက်ပါနေရုံနဲ့ လူသားလို့ မသတ်မှတ်နိုင်ဘဲ လူသားတစ်ယောက်ဖြစ်ကြောင်းကို အောက်ပါ အချက် (၃) ချက်အပေါ် အခြေခံပြီး အဓိပ္ပာယ်ဖွင့်ဆိုတယ်လို့ ဆိုထားပါတယ်။

Social (ပေါင်းသင်းဆက်ဆံ နှီးနှောနေထိုင်တတ်မှု)

လူသားတစ်ဦးဖြစ်လာရင် တစ်ယောက်တည်းနေလို့မရဘဲ ပတ်ဝန်းကျင်အသိုက်အဝန်းနဲ့ နေထိုင်တတ်ရပါတယ်။ တစ်ဦးတစ်ယောက်တည်းခွဲထွက်နေပြီး ဘယ်သူနဲ့မှ မပေါင်းသင်းမဆက်ဆံ၊ တစ်ဦးတည်းတစ်ကိုယ်တည်း ထီးထီးခြင်းရှိနေခြင်းက လူသားလို့ မမည်စေပါဘူး။ လူသားမှန်ရင် လူမှုရေးကိုလက်ခံရပါမယ်။

Controlling Animal Feeling (ရိုင်းစိုင်းသောစိတ်ကိုထိန်းချုပ်ခြင်း)

လူသားမှန်ရင် တိရစ္ဆာန်ဆန်ဆန်စိတ်တွေကို ထိန်းချုပ်နိုင်ရမယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်လိုစိတ်ဆိုတာ သတ်လိုဖြတ်လိုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဒေါသထွက်ခြင်း၊ လောဘကြီးခြင်း အစရှိသဖြင့် များစွာသော အချက်တွေပါ။ လူတိုင်းဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန အစရှိသဖြင့် မကောင်းတဲ့အကျင့်စရိုက်များစွာ ရှိပါတယ်။ ရှိနေသည့်တိုင် မိမိနဲ့အတူနေထိုင်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကို ပျက်ပြားစေတဲ့အထိမဖြစ်အောင် ထိန်းချုပ်ထားနိုင်ရုံလေးတစ်ခုရှိတာကလည်း လူဖြစ်ကြောင်း ခိုင်လုံစေတဲ့အချက်ဖြစ်ပါတယ်။

ဒေါသထွက်လို့ တစ်ယောက်တည်းဆဲဆိုနေတာကအကြောင်းမဟုတ်ပေမဲ့ ဒေါသထွက်လို့ လူသွားသတ်လိုက်ရင်တော့ ဒါဟာ တိရစ္ဆာန်ဆန်ဆန်စိတ်ကို မထိန်းချုပ်နိုင်သူဖြစ်ပါတယ်။ ဒါက ဉာဏ်ရည် အနိမ့်အမြင့်နဲ့ မဆိုင်ပါဘူး။ ထိန်းချုပ်နိုင်စွမ်းသာ ဖြစ်ပါတယ်။ ပညာဘယ်လောက်တတ်သည်ဖြစ်စေ ကြီးမားတဲ့ ရာဇဝတ်မှုတွေကျူးလွန်နေသူတွေကို နိုင်ငံတကာမှာတင်မက မြန်မာပြည်မှာပလည်း တွေ့မြင်ရပါလိမ့်မယ်။

Interest in Politic (နိုင်ငံရေးစိတ်ဝင်စားမှု)

အမေရိကန်မှာတော့ နိုင်ငံရေးကိုစိတ်မဝင်စားရင် လူမဟုတ်ဘူးလို့သတ်မှတ်ပါတယ်။ လူသားမှန်ရင်၊ အမေရိကန်နိုင်ငံသားမှန်ရင် နိုင်ငံရေးစိတ်ပါဝင်စားမှု ရှိကိုရှိရမယ် ဆိုတဲ့ခံယူချက်ကို ထည့်သွင်းပေးထားကြ ပါတယ်။

အသက် (၁၅) နှစ်လောက်ပဲရှိသေးတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် အမေရိကန်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ငြင်းခုန်စကားပြောဆိုနေတာကို တွေ့ခဲ့ရပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းရဲ့ အရေးကိစ္စ ဖြစ်ပြီး ဒါကိုလျစ်လျူရှုထားခြင်းကသာ အန္တရာယ်ဖြစ်ပါတယ်။ လူတချို့ကတော့ စီးပွားရေးပဲလုပ်တယ် နိုင်ငံရေး စိတ်မဝင်စားဘူးလို့ ပြောတာမျိုး မိမိပတ်ဝန်းကျင်မှာ တွေ့မြင်ရဖူးမှာပါ။ အမှန်တော့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသဖြင့် အရေးပေါင်းများစွာဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံသားတိုင်းဟာ မိမိတို့ရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ဥပဒေတွေကို သိထားရပါမယ်။ အခြေခံဥပဒေမှာ အရေးကြီးတဲ့အချက်တွေ၊ မိမိရဲ့ နေ့စဉ်ဘဝအတွက် သိရမယ့်အချက်တွေကို သိနေဖို့ လိုအပ်ပါတယ်။ တိုင်းပြည်မှာ ဘယ်အစိုးရပြောင်းပြောင်း ပြောင်းလဲလာတဲ့အစိုးရအပေါ်မှာ မိမိရဲ့ အမြင်တွေ၊ ဝေဖန်မှုတွေ၊ ကူညီထောက်ပံ့မှုတွေရှိနေရပါမယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top