စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အစားအစာများ

stressed-business-executive-and-piles-of-PX89VUH.jpg

အလုပ်အရမ်းများတဲ့ နေထိုင်မှုပုံစံတွေကြောင့် လူအများအပြားဟာ စိတ်ဖိစီးမှုကို ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှု များပြားလွန်းခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်၊ စိတ်အခြေအနေနဲ့ အပြုအမူများကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

မှတ်ဉာဏ် ထိခိုက်စေခြင်း၊ သင်ယူမှုစွမ်းရည် ထိခိုက်စေခြင်း၊ သွေးဖိအား မြင့်တက်ခြင်း၊ နှလုံးရောဂါ၊ အရိုးပွရောဂါနဲ့ ကိုယ်ခံအားနည်းခြင်းစတဲ့ ရုပ်ခန္ဓာ ကိုယ်ပိုင်းဆိုင်ရာ ပြဿနာရပ်များကို ရေတို ရေရှည် နှစ်ရပ်စလုံးကိုတောင် ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုများကို တိုက်ထုတ်ပစ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းလိုက်ခြင်းပါပဲ။ အပြုသဘောဆောင်တဲ့ နည်းလမ်းတစ်ရပ် ထားရှိခြင်းနဲ့ သင့်ရဲ့အစာစားသုံးမှု၊ နေထိုင်မှုပုံစံ တိုးတက်အောင် ဆောင်ရွက်ခြင်းဟာလည်း စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နှိပ်နယ်ခြင်းနဲ့ ယောဂကစားခြင်းများဟာ စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်ပါတယ်။ အချို့သော အစားအစာတွေဟာ စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးနိုင်ပါတယ်။ တချို့သော အစားအစာများဆိုရင် အချိန်အတိုင်းအတာ တစ်ခုအထိ စိတ်ဖိစီးမှုတွေကို လျှင်မြန်စွာ လျော့နည်းသက်သာစေအောင် စွမ်းဆောင်ပေးပါတယ်။

Green Tea

Green Tea မှာ ပိုလီဖီနောလ်၊ ဖလက်ဗိုနွိုက်နဲ့ ကိတ်ချင်စ် စတဲ့ antioxidants များ ပါဝင်ပါတယ်။ ဒီ antioxidants များဟာ စိတ်နဲ့ ကိုယ်ခန္ဓာကို တည်ငြိမ်မှုပေးနိုင်ပြီး ကောင်းမွန်တဲ့ စိတ်အခြေအနေကို ဖန်တီးပေးပါတယ်။ ဒါ့အပြင် စိတ်လက်အေးချမ်းမှုကို မြှင့်တင့်ပေးပြီး အာရုံစူးစိုက်မှုကို တိုးတက်စေနိုင်တဲ့ အမိုက်နိုအက်ဆစ်လည်း ပါဝင်ပါတယ်။ လက်တွေ့ အာဟာရဆိုင်ရာ ဂျာနယ်မှာ ဖာ်ပြပါရှိတဲ့ လေ့လာချက်တစ်ခုအရ တစ်ရက်မှာ Green Tea အနည်းဆုံး ၅ခွက် သောက်သုံးခဲ့သူများဟာ တစ်နေ့မှာ တစ်ခွက်လောက်ပဲ သောက်တဲ့သူများနဲ့ ယှဉ်ရင် ကျန်းမာရေးနဲ့ စိတ်အခြေအနေ ပိုမိုကောင်းမွန်ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် သင် စိတ်ဖိစီးနေရင် Green Tea ကို သောက်သုံးပါ။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ antioxidants များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ မဂ္ဂနီဆီယမ်၊ မန်းဂနိစ့်တို့လို သတ္တုဓာတ်များစွာနဲ့အတူ ဗီတာမင်စီနဲ့ အီးလည်း ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးများကို ပုံမှန်စားသုံးပေးခြင်းဟာ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်းနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အခြားသော စိတ်အခြေအနေ ကစဉ့်အလျားဖြစ်ခြင်းများကို ကူညီပေးနိုင်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီးများမှာ ကိုယ်ခံအားကို မြှင့်တင့်ပေးနိုင်တဲ့ ဗီတာမင်စီ မြင့်မားစွာ ပါဝင်ပြီး free radical များကို တိုက်ထုတ်ပေးနိုင်တဲ့ antioxidant လည်းဖြစ်ပါတယ်။ စိတ်ဖိစီးခြင်းဟာ ခန္ဓာကိုယ်မှာ free radical များ တိုးမြင့်လာလေ့ရှိပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ ဗီတာမင်အေ၊ ဘီနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သတ္တုဓာတ် မျိုးစုံလည်း ပါဝင်ပါတယ်။ လိမ္မော်သီးများမှာ ပါဝင်တဲ့ အာဟာရဓာတ်များရဲ့ အကျိုးကျေးဇူးများကို ရရှိစေဖို့ နေ့စဉ် လိမ္မော်ရည် တစ်ခွက် သောက်သုံးပါ။ အချိုပွဲအဖြစ်လည်း စားသုံးနိုင်ပါတယ်။ လိမ္မော်သီးနဲ့အတူ အခြားသော ဆစ်ထရစ်ဓာတ်ပါဝင်တဲ့ သစ်သီးများလည်း စားသုံးနိုင်ပါတယ်။

နို့

နို့ကို ပုံမှန်သောက်သုံးသူများဟာ စိတ်ဖိစီးမှု လျော့နည်းတတ်ကြပါတယ်။ နို့တစ်ခွက် သောက်သုံးခြင်းဟာ ဗီတာမင်အေ၊ ဒီ၊ ကယ်ဆီယမ်နဲ့ ပရိုတင်းဓာတ်များ ခန္ဓာကိုယ်ကို ပံ့ပိုးပေးပါတယ်။ ဒီ အာဟာရဓာတ်အားလုံးဟာ တည်ငြိမ် အေးမြမှု ပေးနိုင်ပြီး စိတ်ဖိစီးမှု ခံစားရတဲ့အခါ ခန္ဓာကိုယ်တွင်းမှ ထုတ်လွှတ်သော free radicals များကို တိုက်ထုတ်ပေးပါတယ်။ ဒါ့အပြင် အိပ်ရာမဝင်ခင် နို့တစ်ခွက် သောက်သုံးခြင်းဟာလည်း ပိုမိုအိပ်ကောင်းစေပါတယ်။ နို့မကြိုက်ဘူးဆိုရင်တော့ ချိစ့်နဲ့ ဒိန်ချဉ်တို့လို နို့ထွက်ပစ္စည်းများကို စားသုံးလို့ရပါတယ်။

မက်မွန်သီး

မက်မွန်သီးမှာ ဗီတာမင်ဘီ၊ အီး၊ မဂ္ဂနီဆီယမ်၊ ဇင့်နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီများ မြင့်မားစွာ ပါဝင်ပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်မှုများကိုလည်း ပြေပျောက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းများကို လျော့ကျစေရန်၊ သွေးဖိအား လျော့ကျရန်နဲ့ စွမ်းအင်မြှင့်တင်ရန်အတွက် သစ်ကြားသီးကိုလည်း စားသုံးပေးနိုင်ပါတယ်။

ချောကလက်အညိုရောင်

ချောကလက် အညိုရောင်ကို နေ့စဉ် တစ်အောင်စခွဲခန့် စားသုံးပေးခြင်းဟာ ခန္ဓာကိုယ်တွင်းရှိ စိတ်ဖိစီးမှု ဟော်မုန်းများကို မြင့်မားစွာ လျှော့ချပေးနိုင်တယ်လို့ အမေရိကန် ဓာတုဗေဒဆိုင်ရာ အဖွဲ့အစည်းရဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြထားတဲ့ လက်တွေ့ စမ်းသပ်ချက်တစ်ခုအရ သိရှိရပါတယ်။ ချောကလက် အညိုရောင်မှာ စိတ်ဖိစီးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဆိုး ဒေါသဖြစ်ခြင်းများကို တိုက်ထုတ်ပေးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယမ် ပါဝင်ပါတယ်။

အညိုရောင် ချောကလက်နဲ့ပတ်သက်ပြီး အကောင်းဆုံးအချက်ကတော့ သူ့ကို လူအများစုက ကြိုက်နှစ်သက်ကြခြင်းပါ။ စိတ်ဖိစီးမှု ဖြစ်ပေါ်လာတိုင်းမှာ ချောကလက် အညိုရောင်ကို စားလိုက်ပါ။ စိတ်အခြေအနေကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါလိမ့်မယ်။ နို့ချောက လက်တစ်ခွက် ဒါမှမဟုတ် ချောကလက်ပါတဲ့ အချိုစားစရာလေးတွေလည်း စားလို့ရပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်လို အစိမ်းရင့်ရောင် ဟင်းရွက်များမှာ ဗီတာမင်အေ၊ ဘီ၊ စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်း စိတ်ဖိစီးမှု ဟော်မုန်းများကို လျှော့ချပေးပြီး စိတ်ကိုတည်ငြိမ်စေတဲ့ ကယ်ဆီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စ်ဖိတ်ကဲ့သို့သော သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။

ဆဲလ်မွန်ငါး

ဆဲလ်မွန်ငါးမှာ omega-3 fatty acids များ ပါဝင်ပါတယ်။ Omega-3 fatty acid ဟာ ကြည်နူး ပျော်ရွှင်မှုကို ထိန်းသိမ်းပေးပြီး စိတ်ဖိစီးမှု ဟော်မုန်းများကို ထိန်းညှိပေးနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဦးနှောက်လုပ်ဆောင်ချက်ကိုလည်း ပိုမိုထိရောက်စွာ ကူညီထောက်ပံ့ပေးပါတယ်။ ဆဲလ်မွန်ငါးနဲ့အတူ မက်ကရယ်ငါး၊ တူနာနဲ့ ငါးသေတ္တာငါးများကိုလည်း စားသုံးနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး omega-3 fatty acid ပါဝင်တဲ့ ဖြည့်စွက်ဆေးများကို သောက်သုံးနိုင်ပါတယ်။

ဆန်ညို

ဆန်ညိုမှာ ဆဲလ်များ၊ တစ်သျှူးများနဲ့ အင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်းပေးခြင်းအတွက် အလွန်အရေးပါတဲ့ ဗီတာမင်ဘီ များစွာပါဝင်ပါတယ်။ ဦးနှောက်လုပ်ဆောင်ချက်၊ ကျန်းမာသော သွေးနီဆဲလ်များ၊ ကိုယ်ခံအားနဲ့ နှလုံးလုပ်ဆောင်ချက်များပါဝင်တဲ့ ဇီဝဓာတု တုံ့ပြန်မှုကိုလည်း ကူညီပံ့ပိုးပေးပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်ဘီဓာတ် လုံလောက်စွာရှိတဲ့အခါ စိတ်ဖိစီးမှုနဲ့ အခြားသော စိတ်အခြေအနေဆိုင်ရာ ပြဿနာများကို ကောင်းမွန်စွာ တိုက်ထုတ်နိုင်ပါလိမ့်မယ်။

ထောပတ်သီး

ထောပတ်သီးမှာ သတ္တုဓာတ်များ၊ ပရိုတင်း၊ ဗီတာမင်စီနဲ့ အီးတို့ ပါဝင်ပါတယ်။ ဒီ အာဟာရဓာတ်အားလုံးဟာ အာရုံကြောများနဲ့ ဦးနှောက်ဆဲလ်များ ကျန်းမာနေစေအောင် စိတ်ဖိစီးမှု ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ နေ့စဉ် ထောပတ်သီး တစ်ခြမ်းကိုဖြစ်စေ တစ်လုံးကိုဖြစ်စေ စားသုံးခြင်းဟာ သွေးဖိအားအဆင့်ကို သိသိသာသာ လျော့ကျစေပြီး စိတ်ဖိစီးမှု ဟော်မုန်းအဆင့်ကို လျော့နည်းစေပါတယ်။ ထောပတ်သီးကို အစိမ်းလိုက်ဖြစ်စေ ဖျော်စပ်၍ဖြစ်စေ သောက်သုံးနိုင်ပါတယ်။

ဒီအစားအစာတွေမှာ စိတ်ဖိစီးမှု ဟော်မုန်းကို ထိန်းညှိပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာ ဖြစ်လို့ စိတ်ဖိစီးမှု ကင်းမဲ့တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ကူညီထောက်ပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref : Health: Top 10 Super Foods that Fight Stress

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top