ချွေးမလောင်းကို မကြည်ဖြူလို့ မင်္ဂလာပွဲပျက်အောင် ဝတ်စုံကို အိမ်သုတ်ဆေးနဲ့ ပက်ခိုင်းခဲ့သူ

5.3.24-yyl-4.jpg

ချွေးမလောင်းကို မကြည်ဖြူတဲ့ အမျိုးသမီးတစ်ဦးဟာ လူရမ်းကား ၃ ယောက်ကို အခကြေးငွေပေးပြီး မင်္ဂလာပွဲမှာ သတို့သမီးဝတ်စုံကို အိမ်သုတ်ဆေးနဲ့ ပက်ခိုင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ မိဘတွေက သူ့ချစ်သူကို သဘောတူကြည်ဖြူခြင်းမရှိပေမဲ့ သတို့သားကတော့ အတိုက်အခံလုပ်ပြီး မင်္ဂလာပွဲ စီစဉ်ခဲ့တာပါ။

သူတို့စုံတွဲဟာ ဖေဖော်ဝါရီလ ၁၇ ရက်က မက္ကဆီကိုနိုင်ငံ ဆိုနိုရာပြည်နယ်၊ ဆီယူဒက်အိုဘရီဂွန်မြို့ ဘုရားကျောင်းမှာ လက်ထပ်ပွဲ ကျင်းပခဲ့ကြပါတယ်။ လက်ထပ်ပွဲမတိုင်ခင် သတို့သမီးက ဘုရားကျောင်းရှေ့မှာ ရပ်နေတုန်း လူ ၃ ယောက် ရောက်လာပြီး မင်္ဂလာဝတ်စုံအဖြူကို အိမ်သုတ်ဆေးအနီနဲ့ ပက်ပြီး တစ်ယောက်က ဒီဖြစ်ရပ်ကို ဗီဒီယိုမှတ်တမ်းတင်နေတာ တွေ့ရပါတယ်။ ဒါဟာ ငွေပေးခိုင်းစေသူကို သက်‌သေပြဖို့ မှတ်တမ်းတင်တာလို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

အလက်ဇန္ဒား(တွစ်တာအကောင့် အမည်)ဟာ ဆင်းရဲတဲ့မိသားစုက မွေးဖွားလာသူဖြစ်ပြီး ငွေကြေးစည်းစိမ်မက်လို့ သူ့သားကို လက်ထပ်ချင်တာလို့ သတို့သားရဲ့မိသားစုက စွပ်စွဲကာ သူတို့မင်္ဂလာပွဲကို ကန့်ကွက်ခဲ့ကြတာပါ။ မင်္ဂလာပွဲမတိုင်ခင်မှာ သတို့သားရဲ့အမေက နှလုံးရောဂါဖောက်ပြီး ဆေးရုံတက်ရသလို ဟန်ဆောင်ခဲ့ပါသေးတယ်။ ဒါတင်မကဘဲ ဘုရားကျောင်းအပြင်ဘက်မှာ မင်္ဂလာအကြို ဓာတ်ပုံရိုက်နေတုန်းမှာလည်း မူးယစ်ဆေးဝါး တွေ ရှိနေတယ်ဆိုတဲ့ သတင်းပေးမှုကြောင့် ရဲတွေရောက်လာပြီး ရှာဖွေမှုတွေ လုပ်ခဲ့ပေမဲ့ မူးယစ်ဆေးဝါး တစ်ခုမျှ မတွေ့ခဲ့ပါဘူး။

မင်္ဂလာပွဲအခမ်းအနား မတိုင်ခင် သတို့သမီးရဲ့ မင်္ဂလာဝတ်စုံအဖြူကို အိမ်သုတ်ဆေးအနီ ပက်ခံခဲ့ရပေမဲ့ သတို့သမီးက ရွှေအိုရောင်ဝတ်စုံ ပြောင်းလဲဝတ်ဆင်ပြီး မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။

Ref: Woman Allegedly Pays Thugs to Ruin Bride’s Dress to Stop Son’s Wedding

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top