ဘယ်အခြေအနေအတွက်မဆို အသင့်ပြင်ထားတယ်လို့ ရုရှားကို ဗီတာလီကလစ်ရှ်ကို သတိပေး

14-2-2022-yyl1.jpg

ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည်တွေ တပ်စွဲထားတာနဲ့ပတ်သက်ပြီး ” ဘယ်အခြေအနေမျိုးအတွက်မဆို အသင့်ပြင်ထားတယ်” လို့ ဟဲဗီးဝိတ်လက်ဝှေ့သမားဟောင်း ဗီတာလီကလစ်ရှ်ကိုက ရုရှားနိုင်ငံကို သတိပေးခဲ့ပါတယ်။ ရုရှား – ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် ၁၀၀,၀၀၀ စေလွှတ်ထားလို့ ပြီးခဲ့တဲ့လပိုင်းအတွင်း တင်းမာမှုတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာ ကိဗ်မြို့တော်ဝန်အဖြစ် ဆောင်ရွက်နေတဲ့ ဗစ်တာလီကလစ်ရှ်ကိုက ” တင်းမာမှုတွေ မြင့်တက်လာရင် ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်မှုနဲ့ နယ်မြေစည်းလုံးမှုကို ကာကွယ်ဖို့ အသင့်ဖြစ်နေရမှာပါ။ ပြည်သူ့ကာကွယ်ရေးကိုလည်း ပြင်ဆင်ထားရမှာပါ။ အဲဒီလို အဆိုးရွားဆုံး အခြေအနေမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အဆိုးဆုံးအခြေအနေအတွက်လည်း ပြင်ဆင်ထားရမှာပါ” လို့ ဆိုပါတယ်။

ရုရှားနိုင်ငံဟာ အခုသီတင်းပတ်အတွင်း သံတမန်ရေးရာ ဆွေးနွေးမှု ၂ ကြိမ်တိုင် လုပ်ခဲ့ပေမဲ့ တင်းမာမှုလျှော့ချသွားမယ်လို့ ကတိပြုခဲ့ခြင်းမရှိကြောင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမန်းက ပြောပါတယ်။ နေတိုးအဖွဲ့က အရှေ့ဘက်ကို စစ်အင်အား မတိုးချဲ့ဖို့၊ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် လုံးဝဝင်ခွင့်မပြုဖို့ ရုရှားနိုင်ငံက တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ရုရှားနဲ့ နေတိုးအဖွဲ့ကြား ၄ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယူကရိန်းကို နေတိုးအဖွဲ့မှာ ဘယ်တော့မှ ပါဝင်ခွင့်မပြုဖို့ ရုရှားနိုင်ငံရဲ့တောင်းဆိုချက်ကို မလိုက်လျောနိုင်ဘူးလို့ အမေရိကန်နဲ့ နေတိုးအဖွဲ့ မဟာမိတ်နိုင်ငံတွေက ပြောခဲ့ကြောင်း ဝမ်ဒီရှာမန်းက ဆိုပါတယ်။

” ၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဥရောပလမ်းစဉ် ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံနဲ့ သမ္မတပူတင်က သဘောမကျဘူး။ ဘာလို့လဲဆိုတော့ သူက ဆိုဗီယက်အင်ပါယာ ပြန်ပြီး တည်ဆောက်ချင်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဆိုဗီယက်ပြည်ထောင်စုထဲ ပြန်ဝင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနာဂတ်က ဒီမိုကရေစီကျင့်သုံးတဲ့ ဥရောပနိုင်ငံ ဖြစ်ဖို့ပါပဲ” လို့ ဗီတာလီကလစ်ရှ်ကိုက ပြောပါတယ်။

ဗီတာလီကလစ်ရှ်ကိုဟာ နိုင်ငံရေးလောကထဲ မဝင်ခင်က ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းတစ်ယောက်ဖြစ်ပြီး ၄၅ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းနဲ့ လက်ဝှေ့လောကကနေ အနားယူခဲ့သူပါ။

Ref: CNN ” Vitali Klitschko, mayor of Kiev and former heavyweight boxer, says ‘we prepare for any case’ over tension with Russia”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top