ရေသူမအမြီးနဲ့ (၂၆.၂၂) မိုင် ရေကူးပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့သူ

13-6-2022-yyl08.jpg

“Eco Mermaid” လို့ လူသိများတဲ့ မာလီ လီဗန်ဒ် ဆိုတဲ့ အမျိုးသမီးဟာ ဆီလီကွန်ရေသူမအမြီးကို အသုံးပြုပြီး ၂၆.၂၂ မိုင် ရေကူးနိုင်ခဲ့တာကြောင့် မေလမှာ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။ အဏ္ဏဝါထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ ဆောင်းရာသီချန်ပီယံရေကူးသမား မာလီက ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီကမ်းလွန်မှာ ၁၁ နာရီနဲ့ ၅၄ စက္ကန့်အတွင်း ရေသူမအမြီးနဲ့ရေကူးပြီး စံချိန်ချိုးခဲ့တာပါ။ အရင်က သူဟာ ရေသူမအမြီးနဲ့ ၁၈.၆ မိုင် ရေကူးနိုင်ခဲ့တဲ့ မှတ်တမ်းလည်း ရှိခဲ့ပါတယ်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဝင်ဖို့အတွက် မာလီက ရေကူးတဲ့အချိန်မှာ သူ့ရဲ့လက်တွေကို အသုံးမပြုဘဲ ရေသူမအမြီးတပ်ထားတဲ့ သူ့ရဲ့ခြေထောက်ကိုပဲ အသုံးပြုခဲ့တာပါ။ “လက်တွေမသုံးဘဲ ရေသူမအမြီးနဲ့ ရေကူးတာက လင်းပိုင်နဲ့ ရေနေသတ္တဝါတွေ ကူးခတ်ပုံနဲ့ ဆင်တူပါတယ်” လို့ သူက ဂင်းနက်စ်မှတ်တမ်းကို ပြောကြားခဲ့ပါတယ်။


ရေကူးတဲ့လမ်းကြောင်းတစ်လျှောက်မှာ ရေနေသတ္တဝါများစွာနဲ့ကြုံတွေ့ခဲ့ရပြီး ဂျယ်လီငါးလည်း အကိုက်ခံခဲ့ရပါတယ်။ သူက ဂျယ်လီငါးအကိုက်ခံခဲ့ရပေမဲ့ အားတင်းပြီး ဆက်ကူးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီစံချိန်က အားကစားသမားတစ်ယောက်ရဲ့အောင်မြင်မှုတင်မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်အတွက်လည်း ဖြစ်ပါတယ်။ မာလီက သဘာပတ်ဝန်းကျင်ညစ်ညမ်းမှု (အထူးသဖြင့် သမုဒ္ဒရာအတွင်းက ပလတ်စတစ်ညစ်ညမ်းမှု)အကြောင်း သိမြင်မှုတွေမြှင့်တင်ပေးဖို့ တာဝေးရေကူးခဲ့တာဖြစ်ပါတယ်။

ရေကူးစဉ်အတွင်း မာလီဟာ လမ်းကြောင်းတစ်လျှောက် မြင်တွေ့ရတဲ့ အမှိုက်မှန်သမျှကို ကောက်ယူပြီး သူ့နောက်က လိုက်ပါလာခဲ့တဲ့ ကယပ်လှေပေါ် တင်လာခဲ့ပါတယ်။ “ကျွန်မ အမှိုက်မြင်ရင် ဒေါသထွက်တယ်။ အဆုံးသတ်မှာ ဒါက မှတ်တမ်းတစ်ခုအတွက်တင်မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းနဲ့ကမ္ဘာကြီးကို ကူညီပေးတာပါပဲ”လို့ မာလီက ဆိုပါတယ်။

Ref: CNN “Woman sets record swimming 26.22 miles in a mermaid fin”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top