အာရှက လျှမ်းလျှမ်းတောက် အမျိုးသမီး နိုဘယ်ဆုရှင်များ

21-4-2020-yyl-005.jpg

Alfred Nobel မှဆင်းသက်လာသည့် နှစ်စဥ်ပေးအပ်တဲ့ ကမ္ဘာ့ အကြီးဆုံး နဲ့ သြဇာ အရှိန်အ၀ါ အကြီးမားဆုံး ဆုဟာ နိုဘယ်ဆုပဲဖြစ်ပါတယ်။ ထိုဆုကို နှစ်စဥ် နယ်ပယ် အမျိုးမျိုး၌ ထူးချွန်ထက်မြက်ပြီး ကမ္ဘာ့နိုင်ငံသားတို့ ဂုဏ်ပြုထိုက်၊စံထားထိုက်တဲ့ အရည်အချင်းများကို ပိုင်ဆိုင်ထားသူများအား ရွေးချယ်ပေးအပ်လေ့ရှိပါတယ်။ နိုဘယ် ဆုကို ၁၉၀၁ ခုနှစ်ကနေ စတင်ပေး အပ်ခဲ့တာဆိုရင် ယခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီး။ ကမ္ဘာတစ်၀ှမ်း နိုဘယ်ဆုရှင်ပေါင်း ၉၀၀ ကျော် ရှိခဲ့ပြီး ထိုဆုရှင်များထဲတွင် အမျိုးသား များက အများဆုံးဖြစ်နေ တာကိုတွေ့နိုင်ပါတယ်။

ဆက်လက်ပြီး နိုဘယ်ဆုရှင်များရှိရာ အာရှတိုက်တွင် စုစုပေါင်း ဆုရှင် (ရုရှားမပါ) (၆၈) ဦးခန့်ရှိပါတယ်။ အာရှတိုက်တွင်နိုဘယ်ဆုရှင်အများဆုံးရှိတဲ့နိုင်ငံအဖြစ် ဂျပန်နိုင်ငံ ကရပ်တည်လျှက်ရှိပြီး စုစုပေါင်း (၂၈) ဦးထိရှိနေပါတယ်။ အာရှ ဒုတိယ နိုဘယ်ဆုရှင် အများဆုံးနိုင်ငံက အိန္ဒိယ ဖြစ်ကာ စုစုပေါင်း (၁၃) ဦးရှိပါ တယ်။ တတိယ အများဆုံး ကတော့ အစ္စရေး နိုင်ငံကဖြစ်ပြီး စုစုပေါင်း (၁၂) ဦးရှိပါတယ်။ မည်သိုဆိုစေ အာရှတွင်လည်းဆုရှင်များက အမျိုးသားများပင်ဖြစ်ပြီး အမျိုးသမီး ဆုရှင် များကို တော့ လက်ချိုးရေတွက်နိုင်ပါတယ်။ အာရှတိုက်တွင် အမျိုးသမီး နိုဘယ်ဆုရှင် စုစုပေါင်း (၈) ဦးခန့် ရှိပါတယ်။ အဘယ်ကြောင့် ထိုအမျိုးသမီးများ နိုဘယ် ဆုရရှိပိုင်ဆိုင်ခဲ့ကြသည်ကို ရှင်းလင်းပါရစေ။

၁။ Mother Teresa-မာသာထရီဇာ

တကယ်တမ်းတော့ မာသာထရီဇာအနေနဲ့ မက်ဆီဒိုးနီးယား နိုင်ငံသူ ရောမ ခရစ်ယာန် သီလရှင် တစ်ပါးဖြစ်ပြီး ကမ္ဘာ့အနယ်နယ်အရပ်ရပ်က ဆင်းရဲ မွဲတေလှတဲ့ လူများကို ဘ၀နဲ့ ရင်းပြီး ကူညီကယ်ဆယ်ခဲ့ပါတယ်။ သူမ အနေနဲ့ အချိန်အကြာဆုံးနေခဲ့ပြီး လူမှုလုပ်ငန်းတွေလုပ်ခဲ့တဲ့ နေရာကတော့ အိန္ဒိယနိုင်ငံ ကလကတ်တား မြို့မှာ ဖြစ်ပါ တယ်။ ထိုမြို့မှာပဲ သူမအဖွဲ့အနေနဲ့ မရှိဆင်ရဲသားများကို အဓိက ကူညီပေးတဲ့ (Missionary of Charity) စာနာထောက်ထားတဲ့ အဖွဲ့တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ သူမအနေနဲ့ ရောက်စမှာတော့ စာသင်ကြားတဲ့အလုပ်ခဲ့ပြီး နောက်ပိုင်း ချွတ်ခြုံကျတဲ့ ဒေသခံတွေကို ကယ်တင်ဖို့အတွက် သူမအနေနဲ့ သူမဘ၀တစ်ခုလုံးကို ခြေစုံပစ်၀င် ရောက်ခဲ့ပါတယ်။ သူမအနေနဲ့လည်း ဆင်းရဲသားအပါအ၀င် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူ ကလေးနဲ့ သက်ကြီးရွယ်အိုများအတွက် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ဖို့အတွက် နေစရာ များ ဖွင့်လှစ် ပေးခဲ့ပါတယ်။

သူမရဲ့ ကျော်ကြားတဲ့ စကားဆိုရိုးကတော့ “ကျွန်ုပ်တို့အားလုံး ကောင်းမွန်ပြီး ကြီးမားတဲ့ အရာတွေကို မလုပ်နိုင်ပေမယ့် အားလုံး သေးငယ်တဲ့ အရာများကိုတော့ ကြီးမား တဲ့ချစ်ခြင်း မေတ္တာ များဖြင့် လုပ်နိုင်ကြပါတယ်” ဟုဆိုခဲ့ပါတယ်။ သူမရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကြောင့် ၁၉၇၉ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပထမဆုံး အာရှတိုက် အမျိုးသမီးဆုရှင်အဖြစ် ဆုရရှိခဲ့ပါတယ်။

၂။ Daw Aung San Suu Kyi-ဒေါ်အောင်ဆန်းစုကြည်

ကျွန်တော်တို့မြန်မာနိုင်ငံသားတို့အတွက် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူ၀င့်ကြွား ဖြစ်စေ ခဲ့တာ ကတော့ ယခုလက်ရှိ နိုင်ငံတော်၏အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်ပဲဖြစ်ပါ တယ်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ် သလို အဖေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ ခြေရာနင်းမှုကြောင့် မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲကို သူမကိုယ်တိုင်ဦးဆောင်ကာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ရှေ့တန်း တိုက်ပွဲ၀င် ပါ၀င်လှုပ်ရှားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ပြတ်သားတဲ့ လုပ်ရပ်တွေကြောင့် စိတ်မကောင်းစွာနဲ့ ပဲ နှစ် (၂၀) ကျော် နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေထိုင်ခဲ့ရပါတယ်။ မည်သို့ပဲ အတိုက်အခိုက် တွေရှိလင့်ကစား သူမ ကြံ့ကြံ့ခံပြီး နိုင်ငံအတွက် ကျရာတာ ၀န်ကို ယခုထိတိုင် ဇွဲမလျှော့ပဲ အင်တိုက်အားတိုက် မြန်မာပြည် ဒီမိုကရေစီခရီး ရှည်အတွက် ကြိုးပမ်း နေဆဲဖြစ်ပါတယ်။

သူမရဲ့ နိုင်ငံရေးပါတီ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် သည် လက်ရှိတွင် ရွေးကောက်ပွဲရလဒ်နဲ့အညီ နိုင်ငံ့အာဏာကိုရယူထားပြီး သူမအနေနဲ့ နိုင်ငံ တော်၏ အတိုင်အပင်ခံရာထူး၊ နိုင်ငံခြားရေး၀န်ကြီးရာထူး အပြင် နိုင်ငံတော်၏ အရေးကြီးသော လုပ်ငန်းများတွင်လည်း ဦးစီးဦးရွက် လုပ်ကိုင် လျှက်ရှိပါတယ်။ မြန်မာနိုင်ငံအတွက် သူမရဲ့ လုပ်ရပ်နဲ့ ပေးဆပ်မှုတွေကြောင့် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထိုက်တန်စွာ ရရှိခဲ့ပါတယ်။ သူမအနေနဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ အမျိုးသမီးများ (၁၀၀) စာရင်း တွင် ၁၉၉၀ ပြည့်နှစ်အတွက် ကမ္ဘာ့ သြဇာအရှိန်အ၀ါကြီးမားဆုံး အမျိုးသမီးအဖြစ် ဖော်ပြခံခဲ့ရပါတယ်။ သူမရဲ့ ကမ္ဘာကျော် ဆိုရိုးစကားတစ်ခုရှိပါတယ် အဲဒါကတော့ “သင့်ရဲ့ အကြောက်တရားတွေက သင်မှန်တယ်ထင်တဲ့ အရာတွေလုပ်ဆောင်ဖို့ သင့်ကို ဘယ်တော့မှ မတားဆီးစေပါနဲ့” ဆိုပြီး ရေးပန်းစားခဲ့ပါတယ်။

၃။ Shirin Ebadi−ရှီရင်အဘာ့ဒီ

ရှီရင်အဘာ့ဒီ လို့ခေါ်တဲ့ အီရန် အမျိုးသမီးကတော့ တရားသူကြီးတစ်ယောက်ဖြစ်သလို၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အပြင် ကျောင်းဆရာမ နဲ့ စာရေးဆရာမ တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမကို ပညာတတ် မိဘများကမွေးဖွားခဲ့ပါတယ်။ သူမ အနေနဲ့ ၁၉၆၉ ခုနှစ်မှာ ဥပဒေဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး အီရန် ၌ ပထမဦးဆုံးသော အမျိုးသမီး တရားသူကြီးအဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။ ဆက်လက်ပြီး သူမရဲ့ ဥပဒေ ဒေါက်တာဘွဲ့ကို ၁၉၇၁ ခုနှစ်တွင်ရရှိခဲ့ပြီး Tehran မြို့ရဲ့ တရားရုံးချုပ်အဖြစ် ၁၉၇၉ ခုနှစ်အထိတာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

ထို့နောက် ၁၉၇၈−၇၉ ခုနှစ် အစ္စလမ်မစ်သမ္မတနိုင်ငံ တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး ဘာသာရေးအရ အမျိုးသမီးများအနေနဲ့ တရားသူကြီးအဖြစ် မသင့်တော်ဘူးလို့ ဆိုခဲ့ ကြပါတယ်။ ဒီလိုနဲ့ သူမ ဟာ အမျိုးမျိုးသော အနှောက်အယှက်များကြုံခဲ့ရပြီး ထိုရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ တရားသူကြီးလိုင်စင်ပြန် ရခဲ့ပြီး သူမအလုပ်ဆက်လက်လုပ်ခွင့်ရခဲ့ပါတယ်။ သို့သော်လည်းသူမရဲ့ လူထုနဲ့ လွတ်လပ်စွာ လူ့အခွင့်အရေးတက်ကြွစွာ လုပ်ဆောင်တဲ့ လုပ်ရပ်တွေက အစိုးရအတွက် အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင်အစိုးရရဲ့ ကျူးလွန်မှု တွေကိုလဲ ဖော်ထုတ် ခဲ့လို့ အချုပ်တွေ ထောင်ဒဏ်တွေကျခံခဲ့ရပါသေးတယ်။ သူမအနေနဲ့ Defenders of Human Rights Center ကိုထူထောင်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် အစိုးရရဲ့ အတင်းပိတ်သိမ်းခြင်းကိုခံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ သူမ ကို အီရန်မှ အင်္ဂလန်သို့ ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။ သို့သော်လည်းသူမ အနေနဲ့ ပြည်ပကနေ အီရန် နိုင်ငံအတွက် အပြောင်းအလဲများကို လုပ်ဆောင်နေဆဲပါ။ ဆက်လက်ပြီးသူမအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စာအုပ်များကိုလည်း ရေးသားထုတ်​ေ၀ခဲ့ပါတယ်။ သူမရဲ့ လုပ်ဆောင်မှုတွေကြောင့် ၂၀၀၃ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပါတယ်။

၄။ Ada Yonath-အဒါယိုးနသ်

အဒါယိုးနသ် အနေနဲ့ အစ္စရေး လူမျိုးဖြစ်ပြီး သူမရဲ့ ကျွမ်းကျင်မှုနယ်ပယ်ကတော့ ဓာတုဗေဒပညာရပ်ဖြစ်ပါတယ်။ သူမရဲ့ ဒေါက်တာဘွဲ့ကို Weizmann Institute of Science တက္ကသိုလ်တွင် ရရှိပြီးနောက်ပိုင်း ထိုတက္ကသိုလ်ဖြင့် သုတေသနလုပ်ငန်းများ ကို ချိတ်ဆက်ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ သူမအနေနဲ့ လည်း ဥရောပ နဲ့ အမေရိကန် တက္ကသိုလ်များတွင်လည်း အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်များတွင် ကတည်းက စတင် စမ်းသပ်လာခဲ့တဲ့ သူမရဲ့ သုတေသနဟာ ၂၀၀၀ ခုနှစ်တွင် အမြင့်ဆုံးအချိန်သို့ရောက်ရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူမအနေနဲ့ လုပ်ဖော်ကိုင်ဖက် သုတေသီများနှင့်အတူ ribosome ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ ထိုဖွဲ့စည်းတည်ဆောက်မှု စမ်းသပ်ချက်တွင် ပုံဆောင်ခဲ အိတ်စရေး ဓာတ်ရောင်ခြည် (ဓာတ်မှန်) ဖြင့်အသုံးပြုကာ အက်တမ် (အဏုမြူ) ထောင်သောင်းချီကို ပါ၀င်စေခဲ့ပါတယ်။ ဒီအချက်က များစွာသော သုတေ သနစာတမ်းများထဲတွင် သူမနဲ့ အဖွဲ့ ရဲ့ သုတေသနစာတမ်းက ပိုမိုထူးခြား စေခဲ့ပါတယ်။ အကြောင်းမှာ ထိုသုတေသနစာတမ်း အချက်အလက်များက ပဋိဇီ၀ဆေး ထုတ်လုပ်ရာ တွင် အသုံး၀င်သော အချက်ကို ဖော်ထုတ်ခဲ့ခြင်း ကြောင့်ဖြစ်တယ်။ သူမရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ၂၀၀၉ ခုနှစ်တွင် နိုဘယ်ဆုကို သူမ လုပ်ဖော်ကိုင်ဖက် များနဲ့တကွ ထိုက်တန်စွာရရှိခဲ့ပါတယ်။

၅။ Tawakkol Karman-တာ၀ါကော် ကာမန်

ယီမင် နိုင်ငံသူလေး တာ၀ါကော်ကတော့ စာနယ်ဇင်းသမားတစ်ဦးဖြစ်ပြီး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမအနေနဲ့ ၂၀၀၅ ခုနှစ်ကတည်းကပူးတွဲတည်ထောင်ခဲ့တဲ့ Women Journalists Without Chains ရဲ့ ဦးဆောင်သူလည်းဖြစ်ပါတယ်။ သူမဟာ အာရပ်နွေဦးလူထု အုံကြွမှုတစ်ရပ်ဖြစ်တဲ့ ၂၀၁၁ ယီမင် နိုင်ငံရဲ့ လူထုအုံကြွမှုကြီးအတွင်း အပြည်ပြည်ဆိုင်ရာ လူထုမျက်နှာစာဖြစ် လာခဲ့တယ်။ ယီမင် နိုင်ငံသားတို့က သူမကို Iron Woman (သံမဏိစိတ် ဓာတ်ပိုင်ရှင်အမျိုးသမီး) နဲ့ Mother of the Revolution (တော်လှန်းရေးမိခင်) လို့ တင်စား ဂုဏ်ပြုခေါ်​ေ၀ါ်ကြပါတယ်။

ဒါ့အပြင်သူမဟာ နိုင်ငံအတွင်း အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု တွေကို အစိုးရဆီ၌ တစ်စိုက်မတ်မတ်တောင်းဆိုခဲ့ပါတယ်။ သူမရဲ့ နိုင်ငံနဲ့ လူမျိုးအတွက် လုပ်ဆောင်မှုတွေကြောင့် ၂၀၁၁ ခုနှစ်တွင်ငြိမ်းချမ်းရေးနိုဘယ်ဆု ကို ပထမဆုံး အာရပ် အမျိုးသမီးအနေနဲ့ လက်ခံရရှိခဲ့ပါတယ်။

၆။ Malala Yousafzai−မာလာလာ ယူစာ့ဖ်ဇိုင်း

နိုဘယ်ဆုရှင်များထဲတွင် အသက်အငယ်ဆုံးဖြစ်တဲ့ ဆုရှင်လေးကတော့ မာလာလာ ပဲဖြစ်ပါတယ်။ သူမကို ပါကစ်စတန်ရဲ့ အမျိုး သမီး ပညာရေး တက်ကြွလှုပ်ရှားသူ အဖြစ်သူသိများပါတယ်။ အထူးသဖြင့် သူမအနေနဲ့ အမျိုးသမီးလူ့အခွင့်အရေးနဲ့ အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေးကို ရှေ့တန်းကနေ ဦးဆောင်လုပ်ကိုင် နေသူ ဖြစ်ပါတယ်။ သူမနေထိုင်တဲ့ အနောက်မြောက် ပါကစ်စတန် စ၀တ်ဗေလ်လီ မှာတော့ ဒေသခံ တာလီဘန် စစ်သွေးကြွတွေက အမျိုးသမီးတွေကို ကျောင်းတက်ခွင့် ပိတ် ပင်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မာလာလာရဲ့ လှုပ်ရှားမှု တွေက နိုင်ငံတကာ အထိရိုက်ခတ်မှုရှိလာပြီး ပိုမိုအားကောင်းလာစေတယ်လို့ ပြောရမှာဖြစ် တယ်။

သူမရဲ့ မိသားစုက ဒေသအတွင်း ကျောင်းများကို ဆက်လက်တည်ထောင်ခဲ့ကြတယ်။ ၂၀၀၉ ခုနှစ် သူမ အသက် ၁၂ နှစ်လောက်မှာ ဘီဘီစီ အူရဒူ ဘာသာစကား အစီအစဥ်မှာ ကလောင်ရှင်တစ်ယောက်အမည် ဖြင့် သူမဖြတ်သန်းတွေ့ကြုံနေရတဲ့ အခြေအ နေတွေ ကိုရေးသားဖော်ပြခဲ့ပါတယ်။ ထိုရေးသားမှုထဲမှာတော့ ဒေသခံ တာလီဘန်စစ်သွေး ကြွတွေရဲ့ ထိန်းချုပ်မှုအောက်မှာ နေထိုင်ရမှု နဲ့ နယ်မြေသိမ်းယူမှု၊ စ၀တ်ဗေလ်လီ မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပညာရေးသင်ကြားခွင့်ရရှိရေး စတာတွေကို တောင်းဆိုရေး သားခဲ့ပါတယ်။ ဒီလိုနဲ့ သူမရဲ့ ဘ၀အကြောင်းတွေကို နယူးယောက်တိုင်းမ်ကနေ မှတ်တမ်းတင်ဗီဒီယိုအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။

ထိုနောက် ၂၀၁၂ အောက်တိုဘာလ မှာတော့ သူမကျောင်းကားနဲ့ လိုက်ပါသွားရာတွင် သေနတ်သမားတစ်ယောက်က သူမအမည်ကိုခေါ်​ေ၀ါ်ကာ သူမဆီသို့ သေနတ်ဖြင့် (၃) ကြိမ်ပစ်ခတ်ခဲ့တယ်။ ကျည်ဆံတစ်တောင့်က သူမရဲ့ ဘယ်ဖက် နဖူးသို့ ဖြတ်ထိသွားပြီး သူမရဲ့ ပုခုံးကိုမှန်ခဲ့တယ်။ ထိုတိုက်ခိုက်မှုအတွင်း သူမသည် ရက်အနည်းငယ် မေ့နေခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ သူမ အတိုင်းအတာတစ်ခုထိ သက်သာလာ ပြီးနောက် အင်္ဂလန်ရှိ Queen Elizabeth Hospital ဆေးရုံသို့ ပို့ဆောင်ကာ သူမကို ပုံမှန်အခြေအနေသို့ ရောက်ရှိအောင်ကုသခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ မိသားစုဟာ လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံခဲ့ရတယ်။

ဒီလိုအခြေအနေတွေကြောင့် ကုလသမဂ္ဂ အနေနဲ့ ကမ္ဘာတစ်၀ှမ်းရှိကလေးများကျောင်းတက်ရန် တောင်းဆိုခြင်းကို မာလာလာရဲ့ နာမည်ဖြင့် အသနားခံစာ ကိုစတင်ခဲ့ပါတယ်။ ဒီလိုတောင်းဆိုမှုက ပါကစ်စ တန်နိုင်ငံ အတွင်း အားလုံးပညာသင်ကြားခွင့်ရရေး ပထမဦးဆုံး ဥပဒေမူကြမ်းကို ရေးဆွဲအ ကောင်အထည်ဖော်ပေးခြင်းကို အတည်ပြုဦးတည်စေခဲ့တယ်။ သူမရဲ့ ဒီလိုလုပ် ဆောင်မှု တွေကြောင့် ၂၀၁၄ ခုနှစ်တွင် ငြိမ်းချမ်းနိုဘယ်ဆုကို အသက်ငယ်ဆုံးဆုရှင်အဖြစ် ရရှိခဲ့ပါတယ်။ သူမရဲ့ ကမ္ဘာကျော်ဆိုရိုးစကားတစ်ခု “သေနတ်ဖြင့် အကြမ်းဖက်သမား တွေကို သာ သတ်နိုင်တယ်၊ ပညာရေးဖြင့် အကြမ်းဖက်မှု၀ါဒ ကိုအဆုံးသတ်နိုင်တယ်” ဟုဆိုခဲ့ပါတယ်။

၇။ Tu Youyou-တူယူယူ

တရုတ်လူမျိုးဖြစ်တဲ့ တူယူယူကတော့ Artemisinin ဆိုတဲ့ ငှက်ဖျားရောဂါကာ ကွယ်ကုသရာတွင် အသုံးပြုတဲ့ ဆေး၀ါးကိုတွေ့ရှိခဲ့ပါတယ်။ သူမရဲ့ ဖော်ထုတ်ခဲ့တဲ့ ဆေး၀ါးတွေကြောင့် သန်းနဲ့ချီတဲ့ လူတွေရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါ တယ်။ ထိုဆေး ၀ါးအနေနဲ့ အပူပိုင်းဒေသများအတွက် အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များဖြစ်တဲ့ တောင်အာ ရှနိုင်ငံများ၊ အာဖရိတိုက်ရှိနိုင်ငံများ နဲ့ တောင်အမေရိက တိုက်ရှိနိုင်ငံများ အတွက်အလွန်မှ အကျိုးရှိစေမည့် ဆေး၀ါးဖြစ်ပြီး ထိုနိုင်ငံများအတွက် ထက်မြက်တဲ့ ဆေး၀ါးများ ကိုစမ်းသပ်ပေးနိုင်ခဲ့ပါတယ်။

တူယူယူအနေနဲ့ ပထမဦးဆုံး တရုတ်အမျိုးသမီးတစ်ယောက် အဖြစ်နိုဘယ်ဆုကို ၂၀၁၅ ခုနှစ်တွင်ရရှိခဲ့ပါတယ်။ သူမအနေနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ ဒီဆုကိုပူး တွဲရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီး သူမက သုတေသနလုပ်ငန်းများကို တရုတ်နိုင်ငံ၌အ ခြေချလုပ်ကိုင်နေလျှက်ရှိပြီး အခြားဆုတံဆိပ်များစွာကို လည်းရရှိထား သူတစ်ယောက်ဖြစ်ပါတယ်။

၈။ Nadia Murad-နာဒီယာမူရတ်

နာဒီယာ ကို အီရတ်နိုင်ငံ လယ်ယာလုပ်ကိုင်သူ မိသားစုကနေမွေးဖွား လာခဲ့ပါတယ်။ ယာဇီဒီ လူမျိုးဖြစ်ပြီး ဘာသာရေးလူနည်းစု ၀င်ဖြစ်ပါတယ်။ သူမ အသက် ၁၉ နှစ်တုန်းက အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွတွေက သူမရဲ့ ရွာကို တိုက်ခိုက်ခဲ့ပြီး ယာဇီဒီ လူမျိုး ၆၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပါတယ်။ ထိုသတ်ဖြတ်ခံရမှုတွင် သူမရဲ့ မိသားစု၀င် အချို့လည်းပါ၀င်ခဲ့ပါတယ်။ သူမအပါအ၀င် အခြားသော မိန်းကလေး ငယ်တွေဟာ ညှင်းပန်းနှိပ်စက်မှုနဲ့ အဓမ္မကျင့် ဖို့အတွက် ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ထိုငရဲတွင်းမှ သူမ အတတ်နိုင်ဆုံး ထွက်ပြေးခဲ့ပြီး နောက်ဆုံး ဒုက္ခသည်စခန်း တစ်ခုကို ရောက်ရှိခဲ့ပါတယ်။ ထိုမှတစ်ဆင့် သူမဟာ ဂျာမနီနိုင်ငံသို့ အခြေချခိုလှုံခွင့်ရခဲ့ပြီး ယခု လက်ရှိနေထိုင် လျက်ရှိပါတယ်။

သူမရဲ့လုပ်ဆောင်ချက်ကတော့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးများလိင်အကြမ်း ဖက်ခံရမှုမှပပျောက်ရေးတို့ဖြစ်တယ်။ လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုခြင်း နဲ့ ပဋိပက္ခတွေဟာ စစ်ရာဇ၀တ်မှု မြောက်ပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။ နာဒီယာ ရဲ့ ရွာမှာ ၂၀၁၄ ခုနှစ်တုန်းက အိုင်အက်စ် အကြမ်းဖက်အဖွဲ့ တွေက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်းရာနဲ့ ချီသတ်ဖြတ်ခံခဲ့ရပြီး မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေကိုတော့ အဓမ္မကျင့် ဖြားယောင်းပြီး လိင်ကျွန်အဖြစ် သိမ်းသွင်းခဲ့ပါတယ်။ ထိုစစ်သွေးကြွတွေရဲ့ ဖမ်းဆီးထားမှုကိုခံရချိန် နာဒီယာအနေနဲ့ လိင်အကြမ်းဖက်မှုများကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်သူမ အသက်နဲ့ရင်းပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူမအနေနဲ့ လက်ရှိတွင် အကြမ်းဖက်ခံရတဲ့ကလေး များနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ တွင် တက်ကြွစွာပါ၀င် လုပ်ကိုင် လျှက်ရှိ ပါတယ်။ သူမရဲ့ ရဲရင့်မှုနဲ့ အနစ်နာခံလုပ်ဆောင်မှုတွေကြောင့် ၂၀၁၈ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို သူမ လုပ်ဖော်ကိုင်ဖက်နဲ့ အတူ ပူးတွဲရရှိခဲ့ပါတယ်။

နိဂုံးချုပ်ပြောရလျှင် အမျိုးသမီးများအနေနဲ့ လူ့အသိုင်းအ၀ိုင်းကောင်းကျိုးအတွက် ယင်းတို့တတ်နိုင်တဲ့ ဘက်က ဥာဏ်ပညာ နဲ့ ဖြစ်စေ အသက်နဲ့ရင်းပြီး ဖြစ်စေ ကာကွယ် စောင့်ရှောက် ပေးခဲ့ ပေးလျှက်ရှိပါတယ်။ ကမ္ဘာကြီးမှာ မတရားမှုများ ပပျောက်ပြီး တရားမျှတမှုလုပ်ရပ်များ ပိုမိုပေါ်ပေါက်လာဖို့နဲ့ အသက်အန္တရာယ် ကပ်ဆိုးများမှ ကင်းစင်ရေးအတွက် လုပ်ဆောင်ကြဖို့ဆိုလျှင် လူသားတိုင်းမှာ တာ၀န်ကိုယ်စီရှိကြတယ် လို့ ထင်မြင်မိပါတယ်။ နိုဘယ်ဆုရှင်များရဲ့ ခြေရာကို မမှီသည့်တိုင်အောင် အတတ်နိုင်ဆုံး လူထုအကျိုးပြုမှု လုပ်ငန်းတွေမှာ ၀ိုင်း၀န်းပါ၀င်ခြင်းဖြင့် လူမှုအသိုင်းအ၀ိုင်းကို အုတ်တစ်ချပ် သဲတစ်ပွင့် ကူညီရာရောက်ပါကြောင်း အကြံပြုမျှ​ေ၀ပေးလိုက်ရပါတယ်။

Ref: Nobelprize.Org,

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top