ခရစ်စမတ်နေ့မှာ HBO Max ကနေလည်း ကြည့်ရှုလို့ရတော့မယ့် Wonder Woman 1984

20-11-2020-yyl-025.jpg

ပရိသတ်တွေအားလုံး မျှော်လင့်စောင့်ဆိုင်းနေကြတဲ့စူပါဟီးရိုးဇာတ်ကား Wonder Woman 1984 ဟာ အမေရိကန်ရုပ်ရှင်ရုံတွေမှာရော HBO Max streaming service မှာပါ ခရစ်စမတ်နေ့ကစပြီး ပြသသွားတော့မှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အခုလိုအစီအစဉ် (၂) မျိုးနဲ့ ဒီဇာတ်ကားကို ပြသဖို့ စီစဉ်လိုက်ရတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒီဇင်ဘာ ၁၆ ရက်နေကစတင်ပြီး HBO Max မရနိုင်တဲ့ အမေရိကန်အပြင်ဘက်က ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ Warner Bros စတူဒီယိုက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါကြောင့် ဒီဇာတ်ကားရုံတင်ပြသမယ့်ရက်ကို ခဏခဏရွှေ့ဆိုင်းခဲ့ရတာကြောင့် တစ်ချိန်တည်းမှာပဲ ရုပ်ရှင်ရုံမှာရော၊ အိမ်မှာပါ ကြည့်လို့ရအောင် လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ရုံတွေမဖွင့်သေးတဲ့နေရာတွေကတော့ Wonder Woman ဇာတ်ကားကို HBO Max ကနေ ကြည့်ရှုရမှာဖြစ်ပါတယ်။

မင်းသမီးချော ဂယ်ဂဒေါ့ ပါဝင်ထားတဲ့ Wonder Woman 1984 ဇာတ်ကားကို အစက ၂၀၂ဝပြည့်နှစ် ဇွန်လမှာ ရုံတင်ပြသဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးက ရုပ်ရှင်ရုံတွေကို ပိတ်ပစ်စေတဲ့အတွက် ဟော်လိဝုဒ်စတူဒီယိုတွေက ဇာတ်ကားတွေကို ၂၀၂၁ခုနှစ်အထိ ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ Wonder Woman 1984 ဇာတ်ကားဟာလည်း ပြသမယ့်ရက်ကိုကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၀ခုနှစ်ဇာတ်ကားတွေထဲမှာဆိုရင် နောက်ဆုံး ကုန်ကျစရိတ်အများဆုံးအက်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ရုပ်ရှင်ဒါရိုက်တာ ပတ်တီ ဂျမ်ကင်းစ် (Patty Jenkins) ကလည်း “ဒီအားလပ်ရက်အချိန်အခါမှာ ပရိသတ်တွေအားလုံးကို သူတို့ရဲ့ဇာတ်ကားက ပျော်ရွှင်မှုတွေယူဆောင်လာပေးမယ်လို့ မျှော်လင့်ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။ မင်းသမီး ဂယ်ဂဒေါ့ကလည်း “ဇာတ်ကားထွက်ရှိဖို့ကို ဒီလောက်အချိန်အကြာကြီး ရွှေ့ဆိုင်းထားရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဒါပေမဲ့ ကိုဗစ်က တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့တယ်”လို့ ဇာတ်ကားရွှေ့ဆိုင်းရတာနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

Warner Bros က မေလကမှ စတင်ခဲ့တဲ့ တစ်လကို ၁၅ ဒေါ်လာနဲ့ ပေးဆောင်ရတဲ့ HBO Max မှာ Subscriber အသစ်တွေတိုးလာဖို့အတွက် ဒီနည်းနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်းမှာ တချို့က Wonder Woman 1984 ဇာတ်ကားကို အိမ်ကနေ ကြည့်ပြီး ဘယ်သူတွေက ရုပ်ရှင်ရုံသွားကြည့်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ လော့စ်အိန်ဂျယ်လိစ်မြို့နဲ့ နယူးယောက်မြို့က ရုပ်ရှင်ရုံအကြီးစားတွေက ပိတ်ထားတုန်းပါပဲ။ အခြားနေရာတွေမှာ ဖွင့်ထားတဲ့ရုပ်ရှင်ရုံတွေကတော့ လက်မှတ်ရောင်းချမှုနှုန်းကန့်သတ်ထားတဲ့အပြင် ဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောင်ရွက်ထားပါတယ်။
Wonder Woman 1984 ဇာတ်ကားဟာ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းမှာ လက်မှတ်ရောင်းချမှု ဒေါ်လာ ၈၂၁.၅ သန်းရရှိခဲ့တဲ့ Wonder Woman ဇာတ်ကားရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။

Ref: ‘Wonder Woman’ sequel to release theatrically, digitally on Christmas

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top