COVID-19 ကြောင့် (၅၈) ရက်ကြာဆေးကုသမှုခံယူခဲ့ရတဲ့ အသက်(၁၀၀) အရွယ် စစ်မှုထမ်းဟောင်း ဆေးရုံက ဆင်းခွင့်ရခဲ့ပြီ

27-5-2020-yyl-015.jpg

အသက် (၁၀၀) ရှိပြီးဖြစ်တဲ့ စစ်မှုထမ်းဟောင်း အဘိုးအို အယ်လော့ ဖလက်ခ်က ဆေးရုံမှာ (၅၈) ရက်တာ ကုသမှုခံယူပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ခဲ့ပါပြီ။ အဘိုးအယ်လော့က ဗာဂျီးနီးယားပြည်နယ်ရဲ့ Henrico Doctors Hospital မှာ ပထမဆုံးCOVID-19 လူနာတွေထဲက တစ်ယောက်ပါ။ သူဟာ မတ်လ ၂၄ ရက်နေ့မှာ ဗိုင်းရပ်စ်ရဲ့ရောဂါလက္ခဏာတွေခံစားခဲ့ရတာကြောင့် ဆေးရုံတက်ကုသမှုခံယူခဲ့ရပြီး ပြီးခဲ့တဲ့အပတ်ကမှ ရောဂါပိုးကင်းစင်သွားခဲ့တာကြောင့် ဆေးရုံက ဆင်းခွင့်ရခဲ့တာဖြစ်ပါတယ်။

အဘိုးအယ်လော့ရဲ့ ဇနီး (အသက် ၇၄နှစ်) ကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ရပြီး ရောဂါပိုးကို မတွန်းလှန်နိုင်ခဲ့တဲ့အတွက် သူ့ခင်ပွန်း ဆေးရုံက မဆင်းခင် အပတ်ကပဲ သေဆုံးသွားခဲ့ပါတယ်။ “လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်က သူ့ဇနီးကို ဆုံးရှုံးလိုက်ရပေမယ့် အဘိုးက သန်မာကြံ့ခိုင်အောင်နေခဲ့ပြီး COVID-19 ကို ဆက်လက်တွန်းလှန်နေခဲ့တယ်” လို့ ဆေးရုံပို့စ်မှာ ရေးသားထားပါတယ်။ အဘိုးအယ်လော့ ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်တဲ့အတွက် သူ့ကို ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ခန်းမဆောင်အပြင်ဘက်မှာ တန်းစီပြီး ဝှီးချဲနဲ့ထွက်လာတဲ့သူ့ကို လက်ခုပ်သံများနဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်။ “အရမ်းကူညီကြတာပဲ။ ကျွန်တော် တကယ်ကို လေးစားတန်ဖိုးထားပါတယ်”လို့ အဘိုးအယ်လော့က ပြောပါတယ်။

အဘိုးဆေးရုံကဆင်းတဲ့ဗီဒီယိုမှာပါတဲ့ သူ့သမီးကလည်း သူ့အဖေကို အသက်ဆက်လက်ရှင်သန်ဖို့အတွက် ကူညီပေးကြတဲ့အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကျေးဇူးတင်ထားပါတယ်။ “အဖေ အသက်မရှင်နိုင်တော့ဘူးလို့ ကြိမ်ပေါင်းများစွာ တွေးမိခဲ့ပါတယ်။ ကျွန်မအဖေအတွက်လုပ်ပေးခဲ့တဲ့အရာမှန်သမျှ၊ ဆေးစစ်မှုအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အမေသေဆုံးသွားတုန်းကလည်း သူ့ကို ကူညီပေးကြတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ အဲဒါက သူ့အတွက် ခက်ခဲခဲ့ပါတယ်။ အားလုံးက မယုံနိုင်စရာပါပဲ။ ကံကောင်းစွာနဲ့ အဖေ အသက်ရှင်နိုင်ခဲ့တာ အံ့သြစရာပါပဲ” လို့ အဘိုးအယ်လော့ရဲ့သမီးက ပြောပါတယ်။ အခုဆိုရင် အဘိုးအယ်လော့က အိမ်မှာပဲ ထူထောင်ထောင်ဖြစ်နေပြီး ရောဂါကနေလည်း ပြန်လည်ကောင်းမွန်နေပါပြီ။

Ref: World War II veteran, 100, beats coronavirus after 58 days in hospital

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top