အစစ်အလား ထင်မှားစေတဲ့ဗီဒီယို(Deepfake)တွေကို ဖြုတ်ချမယ်လို့ ဖေ့ဘွတ်ခ် ကြေညာ

yyl-030-3.jpg

မှတ်ဉာဏ်တုအသုံးပြုပြီး မွမ်းမံပြင်ဆင်ထားတဲ့ အစစ်အလား အထင်မှားစေတဲ့ဗီဒီယို (Deepfake) တွေကို သူတို့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ ဖြုတ်ချသွားမယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ကွန်ပျူတာပရိုဂရမ်အသုံးပြုပြီး အစစ်နဲ့တူတောင် ဖန်တီးထားတဲ့ ဗီဒီယိုတွေကို Deepfake ဗီဒီယိုလို့ ခေါ်ကြပါတယ်။ အဲဒီဗီဒီယိုတွေက အရှိတရားကို ပုံဖျက်ပြီး နည်းပညာလောကကို အကြီးအကျယ် စိန်ခေါ်နေတယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက ပြောပါတယ်။ မှတ်ဉာဏ်တုဆော့ဖ်ဝဲက နိုင်ငံရေးသမားတွေ ဒါမှမဟုတ် ထင်ပေါ်ကျော်ကြားသူတွေရဲ့ မူရင်းဗီဒီယိုတွေမှာ ရုပ်ကတ်ထပ်ပေါင်းထည့်တာ၊ အစားထိုးတာ၊ အပေါ်ကနေ ပုံရိပ်ဖုံးအုပ်တာမျိုးလုပ်ပြီး Deepfake ဗီဒီယိုတွေ ဖန်တီးကြပါတယ်။

မူရင်းဗီဒီယိုမှာ ပါဝင်သူက တကယ်မပြောတဲ့ စကားတွေကို ပြောသယောင်ဖန်တီးတာ၊ လူလုံးမသဲကွဲအောင် ပြုပြင်ဖန်တီးတာတွေ လုပ်ထားတယ်လို့ တွေ့ရရင် အဲဒီဗီဒီယိုတွေကို ဖြုတ်ချသွားမယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက ပြောပါတယ်။ ဖေ့ဘွတ်ခ်ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ အမှီအခိုကင်းတဲ့ အချက်အလက်စစ်ဆေးသူတွေက ဗီဒီယိုအစစ် ဟုတ်၊ မဟုတ်ဆိုတာကို စစ်ဆေးပိုင်းခြားမှာပါ။ ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ မူဝါဒသစ်က သရော်လှောင်ပြောင်တဲ့ ဗီဒီယိုတွေအပေါ် သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ ဗီဒီယိုတွေမှာ Deepfake လုပ်ထားတာ ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် နည်းပညာတွေ တိုးတက်အောင် အမေရိကန်ဒေါ်လာ ၁၀ သန်း မတည်မယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဖေ့ဘွတ်ခ်ကုမ္ပဏီက ကြေညာခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top