KBZPay အသုံးပြုသူများ၏ အက်ပလီကေးရှင်းမှ တစ်ဆင့် လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း၂၈၀ ကျော်အား သက်ဆိုင်ရာ အဖွဲ့အစည်း ငါးဖွဲ့ ထံသို့ လွှဲပြောင်းပေးအပ်

Image-7_Credit-to-KBZPay.jpg

ယနေ့တွင် မြန်မာနိုင်ငံ၏ ထိပ်တန်း Mobile Wallet တစ်ခု ဖြစ်သည့် KBZPay မှ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ KBZPay အသုံးပြုသူ မိဘပြည်သူများမှ အက်ပလီကေးရှင်းအတွင်းရှိ သတ်မှတ်ထားသည့် အဖွဲ့အစည်းများ သို့ ၂၀၁၉ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ လှူဒါန်းခဲ့သော အလှူငွေစုစုပေါင်း (၂၈,၂၄၁,၁၀၂) ကျပ်အား အဆိုပါ လူမှုအကျိုးပြုအဖွဲ့အစည်း ငါးဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတစ်ခုအား ကျင်းပပြုလုပ်ခဲ့ပါသည်။ KBZPay သည် နိုင်ငံတစ်ဝန်းရှိ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအကြား နေ့စဉ် ငွေကြေးဆိုင်ရာ လုပ်ဆောင် ချက်များ ပြုလုပ်ရာတွင် မြန်ဆန်စိတ်ချရသည့် နည်းလမ်းတစ်ခုကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေသူများထံသို့ KBZPay အသုံးပြုသူများမှ အဆင်ပြေလွယ်ကူစွာ ၎င်းတို့၏ မွန်မြတ်သောသဒ္ဓါစိတ်ထားဖြင့် ပေးဝေလှူဒါန်းနိုင်စေရန် KBZPay အနေဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားအား ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၈ ရက် ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်လမ်းတွင် ရှိသော ကမ္ဘောဇဘဏ်၏ i3 Penthouse တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခင်နှစ်အတွင်း KBZPay မှ တစ်ဆင့် အလှူငွေလက်ခံခဲ့သည့် အဖွဲ့အစည်းများ ဖြစ်ကြသော အာစိဏ္ဏသီရိ ပရဟိတကျောင်းတိုက်၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)၊ ခုခံအားကျဆင်းမှု ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး ဂေဟာ၊ ရွှေသံလွင်ဘိုးဘွားရိပ်သာ နှင့် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း တို့ မှ ကိုယ်စားလှယ်များမှ အခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။ ထို့နောက် KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို မှ အမှာစကားပြောကြားပြီး Head of KBZPay ဖြစ်သူ Mr. Chong Ho Yoon မှ KBZPay အက်ပလီကေးရှင်းမှ ရရှိသည့် အလှူငွေများအား အဆိုပါ အဖွဲ့အစည်း ငါးဖွဲ့ ထံသို့ ကျေးဇူးတင်ဂုဏ်ပြုလွှာနှင့် တကွ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

“KBZPay ဟာ မြန်မာနိုင်ငံမှာရှိတဲ့သန်းပေါင်းများစွာသော ပြည်သူတွေကို ဘဏ္ဍာရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်မှာ ပါဝင်လာပြီး တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ပေါင်းစည်းပေးတဲ့ သင်္ကေတအနေနဲ့ ရှိပေးခဲ့ ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ KBZPay အလှူဒါန လုပ်ဆောင်ချက်ကနေတစ်ဆင့် အနယ်နယ်အရပ်ရပ်က အသုံးပြုသူတွေကို အဆင်ပြေလွယ်ကူပြီး လုံခြုံစိတ်ချစွာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဆီ အလှူအဒါန်းပြု ကုသိုလ်ယူနိုင်အောင် ဝန်ဆောင်မှု ပေးနေပါတယ်။ ကူညီထောက်ပံ့ဖို့ လိုအပ်နေတဲ့ မတူညီတဲ့ လူမှုအသိုင်းအဝန်းအမျိုးအမျိုးက ပြည်သူတွေဆီ ကျွန်တော်တို့ ချိတ်ဆက်ရောက်ရှိနိုင်ဖို့ မိတ်ဖက် အဖွဲ့အစည်းတွေ ရွေးချယ်တဲ့အခါမှာလည်း စနစ်တကျနဲ့ ရွေးချယ် ပြီး ပူးပေါင်းလုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ KBZPay အက်ပလီကေးရှင်းကို နည်းပညာအရ အဆင့် မြှင့်တင်မှု တွေ အဆက်မပြတ်လုပ်သွားမှာ ဖြစ်သလို လူမှုအကျိုးပြုလုပ်ဆောင်မှုတွေ လုပ်ဆောင်တဲ့ အခါမှာ လည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို လုံခြုံစိတ်ချပြီး ကောင်းမွန်လာဖို့အတွက် အမြဲလေ့လာဆန်းစစ်ပြီးရှေ့ဆက်လုပ်ဆောင်သွားမှာပါ။ မနှစ်က လှူဒါန်းမှုမှာ ပါဝင်ခဲ့တဲ့ သူအယောက်စီတိုင်း ကို ကျေးဇူူးတင်ဂုဏ်ပြုပြီး ၂၀၂၀ အတွက် ပူးပေါင်းပါဝင်မယ့် ကျွန်တော်တို့ ရဲ့ မိတ်ဖက် အဖွဲ့အစည်း တွေဆီ အလှူငွေ ထည့်ဝင်ပြီး ကုသိုလ်ယူကြဖို့ အားလုံးကို ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။” ဟု KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို က ပြောသည်။

“မနှစ် က သြဂုတ်လ လယ်လောက် မိုးအဆက်မပြတ်ရွာလို့ မွန်ပြည်နယ် မလတ်တောင်မှာ အကြီးအကျယ်မြေပြိုတာတွေဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက မြေပြိုတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ဖို့ KBZPay ကနေတစ်ဆင့် လှူဒါန်းငွေတွေ ရရှိအောင် ပံ့ပိုးကူညီပေးခဲ့ပါတယ်။ အဲဒီလို ကူညီထောက်ပံ့မှုတွေကြောင့် ကျွန်တော်တို့ Yangon Rescue Organization အနေနဲ့ မြေပြိုမှုဖြစ်တဲ့နေရာအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့တာပါ။ ဒါ့ကြောင့် KBZPay ကနေတစ်ဆင့် ပါဝင်လှူဒါန်းတဲ့သူတွေရော၊ KBZPay က တာဝန်ရှိသူတွေကိုပါ ကျေးဇူး အထူးတင်ရှိပါတယ်။” ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က ပြောသည်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ချောင်းကျိုးကျေးရွာရှိ အာစိဏ္ဏသီရိ ပရဟိတကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော် အရှင်သီဟဉာဏသီရိက “ကိုယ်တော်တို့ ကျောင်းက ဓနိမိုး ကျူထရံကာ ဝါးကြမ်းခင်းလေးနဲ့ လုံခြုံတယ်ဆိုရုံ ခက်ခက်ခဲခဲနဲ့ စတင်ခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်အစရှိတဲ့ ဒေသတွေက မိဘမဲ့ ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေနဲ့ ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ ကလေးတွေ၊ ပညာသင်ယူဖို့ ခက်ခဲနေတဲ့ ကလေးငယ် စုစုပေါင်း အယောက် ၂၀၀ ခန့်ကို ပရဟိတကျွေးမွေးပြုစု ထားပြီး ပညာသင်ကြားပေးနေပါတယ်။ အနယ်နယ်အရပ်ရပ်က စေတနာရှင်၊ အလှူရှင်တွေအနေနဲ့ ဒီကလေးတွေရဲ့ ပညာရေးနဲ့ ပရဟိတကျွေးမွေးပြုစုစောင့်ရှောက်စားရိတ်အတွက် တစ်ထောင့်တစ်နေရာကနေ အားဖြည့်ကူညီပံ့ပိုးပေးနိုင်အောင် KBZPay ကတစ်ဆင့် လှူဒါန်းနိုင်အောင် အခွင့်အလမ်းဖန်တီးပေးတဲ့အတွက် ကမ္ဘောဇဘဏ် မိသားစုတွေ၊ စေတနာပါပါနဲ့ အကျိုးဆောင်ပေးပါသော ဒါယိကာ၊ ဒါယိကာမများနှင့် ဝန်ထမ်းတွေကို ကျေးဇူးအထူးတင်ရှိပါ တယ်။

ကမ္ဘောဇဘဏ်သည် ရာသီဥတု ပြောင်းလဲမှု လျော့ချရေးအတွက် အသိပညာပေးရန် (Climate change mitigation through education)၊ နိုင်ငံတော်၏ အနာဂါတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးရှိသူများအား ဖော်ဆောင်ပေးရန် (Talent Development for Future Economy) နှင့်၊ လူအများ အတူတကွ စုပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းခွင်နှင့် လူမှုဝန်းကျင် ဖော်ဆောင်ရန် (Inclusive Society & Workplace) ဟူသည့် လူမှုအကျိုးပြုလုပ်ငန်းစဉ် (Social Purpose Pillars) ၃ရပ်ကို ချမှတ်ပြီး၊ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်လျှက် ရှိပါသည်။ အဆိုပါ လုပ်ငန်းစဉ် ၃ ရပ်မှ လူအများ အတူတကွ စုပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် လူမှုဝန်းကျင် ဖော်ဆောင်နိုင်ရန်ဟူသည့် ရည်ရွယ်ချက်အတိုင်း၊ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် နေထိုင်ကြသည့် မည်သူမဆို KBZPay မှတစ်ဆင့် လွယ်လင့်တကူ ပါဝင် ကုသိုလ်ပြုလှူဒါန်းနိုင်ရန်အတွက်၊ မတူညီသည့် နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများအား လူမျိုးဘာသာ မခွဲခြားပဲ စနစ်တကျ ရွေးချယ်ခဲ့ပါသည်။

၂၀၂၀ ခုနှစ် ပထမနှစ်ဝက် လှူဒါန်းမှုအဖြစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ဇွန်လ ၃၀ ရက်နေ့အထိ KBZPay မှ တစ်ဆင့် အလှူဒါန ကုသိုလ်ယူ လှူဒါန်းနိုင်မည့် အဖွဲ့အစည်းများအဖြစ် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း ၊ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်း ၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ဝန်ထမ်းသားသမီးများအတွက် မူလတန်းကြိုကျောင်း ၊ ခေမာရာမ သီလရှင်သင် ပညာရေး(ပရဟိတ ကျောင်း) နှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတအသင်း တို့ကို ရွေးချယ်ခဲ့ပါသည်။ KBZPay အက်ပလီကေးရှင်း အသုံးပြုသူ မည်သူမဆို ၅၀၀ ကျပ်မှ စတင်ကာ KBZPay အက်ပလီကေးရှင်းတွင်းမှ အလှူဒါနလုပ်ဆောင်ချက် အတွင်းရှိ သတ်မှတ်ထားသည့် လှူဒါန်းလိုသော အဖွဲ့အစည်းကို ရွေးချယ်ကာ လှူဒါန်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top