သင့်ရဲ့အချစ်ဆုံးသော သူများနှင့်ပင် ဝေမျှအသုံး မပြုသင့်သော ပစ္စည်း (၈) မျိုး

things-not-lend-large.jpg

ကျွန်တော်တို့အားလုံး တစ်ခြားတစ်ယောက်ရဲ့ဘီး ဒါမှမဟုတ် သွားတိုက်တံကို အတူတူ ဝေငှအသုံးမပြုသင့်ဘူး ဆိုတာကိုတော့ လူတိုင်းသိကြမှာပါ။ သွားတိုက်တံသာမက ဝေမျှမသုံးစွဲသင့်တဲ့ တခြားသောပစ္စည်းတွေလည်း ရှိပါသေးတယ်။

အခုဒီမှာတော့ Yoyarlay ပရိတ်သတ်တွေအတွက် တစ်ကိုယ်ရည်သာသုံးသင့်ပြီး မိမိရဲ့အချစ်ဆုံးသောသူနှင့်ပင်လျှင် ဝေမျှ မသုံးစွဲသင့်သောပစ္စည်း ၈ မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၈။ နှုတ်ခမ်းနီ။

တကယ်ကို သင့်သူငယ်ချင်းတစ်ယောက်ရဲ့အလှပြင်မိတ်ကပ်ပစ္စည်းတွေက အိမ်မှာကျန်ခဲ့မယ်ဆိုရင် သင့်အနေနဲ့သူ့ကို နှုတ်ခမ်းနီ ခဏငှားသင့်တယ် လို့ထင်ပါသလား။ သူငယ်ချင်းအချင်းချင်း နှုတ်ခမ်းနီခဏပေးဆိုးလိုက်တာက ဘာမှမဖြစ်ပေမဲ့ ရေယုန်ကဲ့သို့သောရောဂါများဟာ နှုတ်ခမ်းနီကိုအတူတကွဝေမျှသုံးစွဲခြင်းကနေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ တကယ်လို့ရေယုန်ကူးနေသူတစ်ယောက်ဟာ သိသာတဲ့ ရောဂါလက္ခဏာမပြသေးပေမဲ့ နှုတ်ခမ်းနဲ့အကျိအချွဲတွေနဲ့ တံတွေးတို့မှာဗိုင်းရပ်စ်ပိုးက ရှိနေနိုင်ပါသေးတယ်။ လတ်တလောအချိန်မှာတော့ ရေယုန်ကို ထိထိရောက်ရောက် ကုသပေးနိုင်တဲ့ဆေးဝါးမရှိသေးပါဘူး။ တကယ်လို့ရေယုန်ကူးစက်ခံရတယ်ဆိုရင် အဲ့ဒီနှုတ်ခမ်းနီကိုဆက်လက်အသုံးမပြုပါနဲ့တော့။ ဒါ့အပြင် သင့်အနေနဲ့နှုတ်ခမ်းနီမှာ ဗိုင်းရပ်စ်ပိုးများနဲ့ အညစ်အကြေးများမရှိစေချင်ဘူးဆိုရင် သန့်ရှင်းတဲ့တစ်ရှုးနဲ့ နှုတ်ခမ်းနီရဲ့ ထိပ်ပိုင်းကို ဖုံးအုပ်ထားပြီး အချိန်မှန်လဲလှယ်ပေးသင့်ပါတယ်။

၇။ နားကျပ်။

လူတစ်ယောက်စီရဲ့ နားဖာချေးထဲမှာ ဘတ်တီးရီးယားပိုးများ ထူးခြားစွာကိုယ်စီရှိကြပါတယ်။ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ ရိုမန်တစ်ဆန်ချင်လို့နားကြပ်တူတူနားထောင်တာပဲဖြစ်ဖြစ် နားကြပ်ဝေမျှပြီးသုံးစွဲမယ်ဆိုရင် ဒီလိုသုံးစွဲခြင်းဟာ ဗိုင်းရပ်စ်အချင်းချင်းကူးစက်စေပြီး နားကိုရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေသုံးစွဲရမယ်ဆိုရင် သင့်အနေနဲ့ပိုးသတ်ဆေး သုတ်ထားတဲ့ ဂွမ်းနဲ့သန့်ရှင်းပြီးသုံးစွဲနိုင်ပါတယ်။ ဒါ့ပေမဲ့ သန့်ရှင်းမယ်ဆိုရင်လည်း  နားစည်ကိုမထိခိုက်စေဖို့ ပိုးသတ်ဆေးအများကြီးနဲ့မသန့်ရှင်းသင့်ဘဲ နားကြပ်ကို အမြဲတမ်းအသုံးပြုနေသူတစ်ယောက်ဆိုရင် တစ်ပတ်တစ်ခါလောက် နားကြပ်ကိုသေချာ သန့်ရှင်းပေးသင့်ပါတယ်။

၆။ ဆံပင်ကောက်ဘီးလိပ်များ ။

လူတော်တော်များများက ဘီးကိုဝေမျှမသုံးစွဲသင့်ဘူးဆိုတာသိကြပေမဲ့ တခြားသောဆံပင်ဆိုင်ရာ အသုံးအဆောင်များကိုတော့ ဝေမျှသုံးစွဲတတ်ကြပါသေးတယ်။ ဒါပေမဲ့ သန်းများနဲ့မှိုများဟာ ဦးရည်ပြားမှာ ရှိနေနိုင်တဲ့အတွက် ဦးရေနဲ့ထိတွေ့နေရတဲ့ ဘယ်အသုံးအဆောင်ကို မဆိုဝေမျှ မသုံးစွဲသင့်ပါဘူး။ တကယ်လို့ မဖြစ်မနေဝေမျှသုံးစွဲရမယ်ဆိုရင် အရင်ဆုံးဆပ်ပြာနဲ့ ရေစင်အောင်ဆေးပြီး ခြောက်အောင်သုတ်ကာဝေမျှသုံးစွဲသင့်ပါတယ်။

၅။ ချိုင်းလိမ်းတောင့်၊ ချွေးနံ့ပျောက်ဆေး။

ချွေးနံ့ပျောက်ဆေးတွေ၊ ချိုင်းလိမ်းတောင့်တွေမှာ ဘတ်တီးရီးယားပိုးများကို သတ်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းများပါဝင်နေပေမဲ့ အရေပြားနဲ့ထိတွေ့ရတဲ့အတွက် ဘတ်တီးရီးယားပိုးများ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ချိုင်းလိမ်းတောင့်များကိုသုံးမယ်ဆိုရင် ရေချိုးပြီးကာစပဲ သုံးသင့်ပြီး နေ့တစ်ဝက်တာလောက်မှ ထပ်အသုံးပြုရတော့မယ်ဆိုရင် သင့်ရဲ့ချိုင်းကို စိုစွတ်တဲ့တစ်ရှုးနဲ့ သုတ်ပြီးမှ သုံးစွဲသင့်ပါတယ်။

၄။ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါ။

ပုဝါတွေရဲ့ အဓိကလုပ်ငန်းကတော့ သင့်ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ကနေ ရေများကို အတတ်နိုင်ဆုံး စုပ်ယူပေးဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ဟာ လုံးဝဒေါင်ဒေါင်မြည်အောင် ကျန်းမာသူတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်မှ ပုဝါများဟာ စိုထိုင်းနေတဲ့အတွက် ဘတ်တီးရီးယားပိုးများ၊ မှိုများပေါက်ဖွားရာ အကောင်းဆုံးနေရာတစ်ခု ဖြစ်နေပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဆိုင်ရာကျွမ်းကျင်သူများကတော့ ပုဝါများကို ၃၊ ၄ ရက်တစ်ကြိမ်လဲပေးဖို့ အကြံပြုထားကြပြီး မလဲနိုင်ရင်လည်း ပုဝါကိုအသုံးပြီးတိုင်း ပုံမထားပဲ ခြောက်သွေ့စေရန် လှမ်းထားသင့်ပါတယ်။ ပုဝါကိုလည်း ပုံမှန်လျှော်သင့်ပြီး လျှော်ပြီးရင်လည်း မီးပူတိုက်ပြီးမှ   အသုံးပြုသင့်ပါတယ်။

၃။ လက်သည်းဆိုးဆေးများနှင့် အခြားအလှကုန်အသုံးအဆောင်ပစ္စည်းများ။

ဇာဂနာများ၊ လက်သည်းညှပ်များ၊ ဘလိတ်ဓားများနဲ့ အခြားသော အလှကုန်အသုံးဆောင်ပစ္စည်းများက သင့်တစ်ကိုယ်ရည်သာ သုံးစွဲသင့်တဲ့  ပစ္စည်းများဖြစ်ကြပါတယ်။ ဒီပစ္စည်းများကို ကြာရှည်သုံးစွဲတဲ့အခါ ထိုပစ္စည်းများရဲ့ မျက်နှာပြင်ပေါ်မှာ မျက်စိဖြင့် မမြင်ရနိုင်တဲ့ ဘတ်တီးရီးယားပိုးများစွာ စုပုံနေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ မှိုရောဂါအမျိုးမျိုးနဲ့ ရေယုန်ရောဂါတို့ မကူးစက်ချင်ဘူးဆိုရင် ဒီပစ္စည်းများကို ဘယ်သူနဲ့မှ ဝေမျှမသုံးစွဲသင့်ပါဘူး။ တစ်ကိုယ်ရည်သုံးစွဲမယ်ဆိုရင်လည်း သုံးစွဲပြီးတိုင်း အရက်ပျံနဲ့ တိုက်ချွတ်ဆေးကြောသင့်ပါတယ်။

၂။ မျက်နှာအရေပြားသန့်ရှင်းရေးပစ္စည်းများ။

မျက်နှာသန့်ရှင်းရေး ဘရပ်ရှ်တွေ၊ မိတ်ကပ်လိမ်းရင်းသုံးတဲ့ ရေမြှပ်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် သန့်ရှင်းမလိုလိုပါပဲ။ ဒါပေမဲ့ သုံးစွဲလာတဲ့အချိန်ကြာလာတာနဲ့ အမျှ အသုံးအဆောင်တွေရဲ့မျက်နှာပြင်ပေါ်မှာ ဘတ်တီးရီးယားများစွာ စုပုံလာပါတော့တယ်။ ဒီလိုဘတ်တီးရီးယားတွေဟာ ဝက်ခြံဖြစ်ပွားစေနိုင်ပြီးမျက်နှာကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီလိုရေမြှပ်မျိုးကိုသုံးစွဲပြီးတိုင်း ဆပ်ပြာနဲ့သေချာဆေးကြောသင့်ပြီး ၂ လ မှ ၃ လအကြားမှာ  ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။

၁။ အိမ်အတွင်း ဝတ်ဆင်သည့်ဖိနပ်များ။

အိမ်ကို ဧည်သည့်များလာတဲ့အခါ သူတို့ကိုဖိနပ်ပေးစီးတာက သဘာဝကျပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အဲ့လိုကမ်းလှမ်းချင်တယ်ဆိုရင် ဖိနပ်အပိုတစ်စုံ၊ နှစ်စုံလောက် ဝယ်ထားတာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဖိနပ်ဝတ်ဆင်ထားတဲ့အခါမှာ ခြေဆီပြန်လာပါတယ်။ ဒီလိုခြေဆီပြန်တာဟာ  မှိုများကြီးထွားပေါက်ရောက်ဖို့အတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်လာနိုင်ပြီး ဒါ့ကြောင် သင့်အနေနဲ့ မှိုများကြီးထွားပေါက်ရောက်နိုင်တဲ့ ဖိနပ်များကို  ဝေမျှမသုံးစွဲသင့်ပါဘူး။ သင့်ရဲ့ အကြိုက်ဆုံးဖိနပ်ဆိုရင်တောင် ၆ လတစ်ကြိမ်လောက်လှဲလှယ်သင့်ပြီး ရှာလကာရည်စတဲ့ ပိုးသတ်နိုင်တဲ့အရည်များနဲ့ သင့်အိမ်တွင်းစီးဖိနပ်များကို ပုံမှန်ဆေးကြောပေးသင့်ပါတယ်။

Ref : Bright Side me : 8 Things You Should Never Lend, Even to Your Nearest and Dearest

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top