လက္ခဏာပညာမှ လက်ပုံစံ(၇)မျိုးအကြောင်း

Line-Of-heart.jpg

လူသားတို့ရဲ့ လက်ဖဝါးပြင်ကို ရှေးနှစ်ပေါင်းများစွာကတည်းက အထူးပြုသုတေသနပြုလုပ်ခဲ့ကြသူများရှိခဲ့ပါတယ်။ မှတ်တမ်းမှတ်ရာများရှိခဲ့သလို

မှတ်တမ်းမရှိခဲ့တာတွေလည်း များစွာရှိပါလိမ့်မယ်။ လက္ခဏာဆိုင်ရာဆရာကြီးများလည်း ခေတ်အလိုက် များစွာပေါ်ထွန်းခဲ့ပါတယ်။ ဆရာကြီးကိုင်ရို အပါအဝင် ဆရာကြီး တော်တော်များများက လက်တွေ့နဲ့ လက်ဖဝါးပြင်က အရေးကြောင်းတွေကို တိတိကျကျ မှတ်တမ်းတွေလုပ်ပြီး သိပ္ပံနည်းကျ သုတေသနတွေ လုပ်ခဲ့ပါတယ်။ ဒီလိုသုတေသနပြုချက်အရ လက်ပုံစံ (၇) မျိုးကို ခွဲခြားပြီး တွေ့ရှိချက်တွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ အဲဒီလက်ပုံစံ (၇)မျိုးကတော့-

(၁) အခြေခံလက်

ရုပ်ပိုင်းဆိုင်ရာသဘောတရားများကို အလေးထားသူဖြစ်ပြီး၊ အတွေးအခေါ်အားနည်းလှတဲ့သူတွေမှာ တွေ့ရတတ်တယ်။ စိတ်ကို လုံးဝမချုပ်တည်းနိုင်သူတွေကများပြီး သူတို့တွေက၊ ကာမရမက်ဇောကြီးသူတွေဖြစ် တယ်၊ ဘာလုပ်လုပ်အဆင်အခြင်မဲ့လုပ်ရပ်တွေကို လုပ်ကိုင်တတ်သူများဖြစ်ပါတယ်။ အခြားသော လမ်းကြောင်းတွေတဲ့ တိုက်ဆိုင်စစ်ဆေးရပါတယ်။ အထူးသဖြင့် ရာဇဝတ်တရားရုံးတော်မှာ ပြစ်ဒဏ်ချခံရတဲ့လူတွေရဲ့ ၆၀% လောက်က ဒီလိုလက်ပုံစံတွေဖြစ်တာကို တွေ့ရတယ်။ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကလည်း လူ့ကျင့်ဝတ် စာရိတ္တနဲ့ဆိုင်တဲ့ ပြစ်မှုတွေဖြစ်တာကိုလည်း လေ့လာမှတ်သားသုတေသနပြုထားပါတယ်။

(၂) လေးထောင့်လက်

သစ္စာရှိတတ်သူတွေနဲ့ စည်းစနစ်ကြီးမားသူတွေမှာ တွေ့ရတတ်တဲ့လက်ဖြစ်တယ်။ ဒီလူတွေက ရုပ်ဝါဒသမားတွေဖြစ်ပြီး လက်တွေ့ကျကျ ကိုယ်တိုင်ကိုယ်ကျသိလိုက်ရမှ၊ တွေ့လိုက်ရမှ၊ လုပ်ကြည့်ရမှ ယုံကြည်သူတွေ ဖြစ်ကြတယ်။ ရှေးရိုးစွဲဝါဒသမားများ၊ ရိုးရာဓလေ့များကို အသက်ထက်ဆုံး စောင့်သိသူတွေ ဖြစ်ကြတယ်။ ဒီလိုလက်ပိုင်ရှင်တွေဟာ ရိုးရာဓလေ့တွေ၊ ဥပဒေနဲ့ အမိန့် စတာတွေကို တိတိကျကျ ကောင်းစွာလိုက်နာခံယူတတ်တယ်။ လုပ်ငန်းကို စနစ်ကျကျလုပ်တတ်ပြီး စည်းကမ်းကောင်းတာကြောင့် နာမည်ကောင်းရတတ်သူတွေဖြစ်ကြတယ်။ အခြားသော လမ်းကြောင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရရပါတယ်။

(၃) အရင်းကျဉ်း အဖျားကျယ်လက်

အရင်းမှ အဖျားဖြစ်စေ အဖျားမှ အရင်းဖြစ်စေ ကျဉ်းရာကနေ ကျယ်သွားရင် ဒီလက်ပုံစံမှာ ဘောင်ဝင်ပါတယ်။ စိတ်ကူးကောင်းတဲ့သူတွေဖြစ်တယ်။ ဒါကြောင့်လည်း ကမ္ဘာ့သမိုင်းမှာရှိတဲ့ ခေတ်သစ်တီထွင်ဆန်းသစ်သူအတော်များများရဲ့လက်တွေဟာ ဒီလိုပုံစံတွေဖြစ်နေတတ်တယ်။ ဒီလိုလူတွေက လေးထောင့်လက်သမားတွေလို မဟုတ်ပါဘူး။ သူတို့က ရှေးရိုးမစွဲတတ်ဘူး။ ဥပဒေနဲ့ အမိန့်တွေကိုလည်း တိတိကျကျ လိုက်နာချင်မှလိုက်နာကြတာ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ အယူဝါဒတွေကိုလည်း သေချာလေ့လာပြီးမှ ယုံကြည်တတ်သူတွေဖြစ်တယ်။ အခြားသောလမ်းကြောင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါတယ်။

(၄) ဒဿနလက်

နာမ်ဝါဒကို အခြေခံတဲ့ လက်ပိုင်ရှင်တွေဖြစ်တယ်လို့ဆိုရမှာပါပဲ။ ဒီလက်ပိုင်ရှင်တွေမှာ ဆက်စပ်တွေးခေါ်ခြင်းသဘောတရားတွေရှိတယ်။ ဒါကြောင့်လည်း ဒဿနလက်လို့ခေါ်တာဖြစ်ပါတယ်။ ဒီလိုလက်ပုံစံကို ပိုင်ဆိုင်တဲ့သူတွေကတော့ တရားဓမ္မကို ရှာဖွေသူများဖြစ်တယ်။ အိန္ဒိယနိုင်ငံက ဆာဒူး လို့ခေါ်တဲ့ သူတော်စင်တွေမှာ တွေ့ရတဲ့လက်ပုံစံမျိုး ဖြစ်ပါတယ်။ ဒီလိုလူတွေက စီးပွားချမ်းသာခြင်းဆိုတာထက် လောကကို အရှိအတိုင်းမြင်တတ်ကြသူတွေ ဖြစ်ကြပါတယ်။ လင်ကွန်း၊ ရှယ်လီ၊ စတဲ့ ခေါင်းဆောင်အတော်များများကတော့ ဒဿနလက်ပိုင်ရှင်တွေဖြစ်ကြပါတယ်။ အခြားသောလမ်းကြောင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါတယ်။

(၅) ကန်တော့ချွန်လက်

စိတ်အလွန်နုသူများအဖြစ် သူတို့ကိုတွေ့ကြရပါတယ်။ ဖော်ရွေသူတွေ ဖြစ်ပြီး အနုပညာဘက်မှာ အားကောင်းကြသူတွေပါ။ တေးဂီတပညာရှင်၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ ၊ ဇာတ်သဘင် စတဲ့ နယ်ပယ်လောကတွေမှာတော့ ကန်တော့ချွန်လက်ပုံစံရှိသူတွေကို အများဆုံး တွေ့ရတတ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေက ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ခြင်းကို မခံစားနိုင်သူတွေ ဖြစ်ကြတယ်။ စိတ်နုတာကြောင့် ဖြစ်ပါတယ်။ အခြားသောလမ်းကြောင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါတယ်။

(၆) စိတ်ကူးယဉ်လက်

ဒီလက်အမျိုးအစားကို ပိုင်ဆိုင်သူတွေကတော့ စိတ်စွမ်းအား အလွန်နည်းပါးတဲ့သူတွေ ဖြစ်ကြပါတယ်။ ယဉ်ကျေးသူများဖြစ်ကြပြီး ခံစားလွယ်သူများဖြစ်တယ်။ သစ္စာရှိပြီး လူတိုင်းပြောသမျှကို ယုံလွယ်သူတွေလည်းဖြစ်ကြပြန်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေကို ဒီလိုလူတွေဦးဆောင်တဲ့အခါ ဆုံးရှုံးကြရတာများပါတယ်။ လူလိမ်ခံကြရပြီဆိုရင်တော့ ဒီလိုလက်ပိုင်ရှင်တွေက ထိပ်ဆုံးကပါနေတတ်တယ်။ လုပ်ငန်းတွေလုပ်ကိုင်ရာမှာ များစွာမျှော်လင့်စိတ်ကူးယဉ်နေကေမဲ့လည်း လက်တွေ့လုပ်ပါဆိုတဲ့အခါ ထလုပ်လိုက်တာမျိုး အလွန်အားနည်းတဲ့သူတွေ ဖြစ်ကြတယ်။ အခြားသောလမ်းကြောင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါတယ်။

(၇) ရောထွေးစုပေါင်းလက်

ဒီလိုလက်ပိုင်ရှင်တွေကတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့် ရောထွေးစုပေါင်းနေထိုင်ရမယ်ဆိုရင်လည်း သူတို့ပျော်နေကြတယ်။ နေလည်းနေကြပါတယ်။ တစ်နယ်ကနေ တစ်နယ်ကို ပြောင်းရွေးတတ်ကြတယ်။ အဲဒီလိုပြောင်းရတာကိုလည်း နှစ်သက်ကြတာများပါတယ်။ သူတို့ဘဝဟာ ထူးခြားတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဆိုတာတွေ တိတိကျကျမရှိတတ်ဘူး။ ဖြစ်လာမှ ကြည့်လုပ်တတ်သူတွေဖြစ်တယ်။ ဘာလုပ်ငန်းလုပ်လုပ် လုပ်ငန်းသဘောတရားအရ ခက်ခဲလာမယ်ဆိုရင် ဇွဲလျော့တတ်ပြီး နောက်တစ်ခုကို အလွယ်ပဲပြောင်းလဲလုပ်ကိုင် တတ်ကြတယ်။ ပေါ့ပေါ့ပါးပါးနေတတ်သူတွေဖြစ်ပြီး လောကဓံကို ခံစားရရင်လည်း များများစားစား စိတ်မညစ်တတ်သူတွေဖြစ်တယ်။ အခြားသောလမ်းကြောင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါတယ်။

ဒီလက်ပုံစံ (၇) မျိုးအပြင် ရေ၊ လေ၊ မြေ၊ မီး စတဲ့ လက်ပုံစံ(၄) မျိုးကိုလည်း သုတေသနပြုထား ကြပြီးဖြစ်ပါတယ်။ အဲဒီလက်(၄) မျိုးကတော့ ကျွန်တော်တို့ အာရှသားတွေနဲ့ ပိုပြီးသင့်တယ်လို့ သုတေသနပြုချက်တွေအရသိရပါတယ်။ နောက်ထပ်အလျင်းသင့်တဲ့အခါ တင်ပြသွားပါမယ်။ လက္ခဏာဆိုတာ သင့်လက်ပေါ်ကအရေးကြောင်းတွေနဲ့ ပုံစံတွေဖြစ်ပါတယ်။ သင့်အတွက် လို့ဆိုတာနဲ့ လူတစ်ဦးချင်းစီအတွက် သီးသန့်ဖြစ်ပါတယ်။ သင့်ဘဝရဲ့ အနာဂါတ်ကံတရားသည် သင့်လက်ဖဝါးပြင်မှာရှိနေပါတယ်။ဒီလိုအခြေအနေမှာ လက်ဖဝါးပြင်ကို တိတိကျကျဖတ်နိုင်တဲ့ ဆရာတစ်ယောက်အဖို့ကတော့ လက်ဖဝါးကိုကြည့်လိုက်တာနဲ့ တစ်ခုခုတော့ သေချာပေါက် ပြောနိုင်ပါလိမ့်မယ်။

ကင်္ကသူ

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top