အင်္ဂါဂြိုဟ်ခုံနှင့် ဓါတ်လေးပါး၊ လက်လေးမျိုး တို့အကြောင်း

yyl-astrology.jpg

ကျွန်ုပ်ထံသို့ လက္ခဏာလာရောက်မေးမြန်းကြသော မိတ်ဆွေတို့အနေဖြင့် သူတို့၏ ကျန်းမာရေး၊စီးပွားရေး၊ အချစ်ရေး-အိမ်ထောင်ရေး၊ရာထူးကိစ္စ စသည်တို့ကို မေးမြန်းကြသည်က များသည်။ အချို့သော မိတ်ဆွေတို့က ထို့အကြောင်း အရာများထဲက ဖောက်ထွက်သော မေးခွန်းများဖြစ်သည့် အထူးပြုသော မေးခွန်းများကိုမေးတတ်ကြသည်။ ထောင်ကျမလား ၊ခွဲစိတ်ကု သရာမှာ အောင်မြင်ပါ့မလား၊ ယာဉ်အန္တရာယ်ဖြင့် အသက်ဆုံးရမလား စသည့်မေးခွန်းများလည်း ပါရှိတတ်ကြသလို အချို့သော မိတ်ဆွေများကလည်း ဘယ်လိုအလုပ်ကို လုပ်ကိုင်သင့်သလည်း၊ ဘယ်အလုပ်မျိုး ကအကျိုးပေးနေသလည်း၊ စသဖြင့် မေးမြန်းတတ်ကြရာ ကျွန်ုပ်တတ်သိသော လက္ခဏာပညာနှင့် နက္ခတ်ဗေဒင် ပညာတို့ပေါင်းစပ်ပြီး အကောင်းဆုံးအဖြေများနှင့် အကောင်းဆုံးအကြံညဏ်များကို မကွယ်မဝှက်ဘဲ ကျမ်းများနှင့် တိုက်ဆိုင်ခြင်း၊လက်တွေ့သုတေသနများနှင့် ပေါင်းစပ်ပြီး လမ်းညွှန်ရပါတယ်။

ဒီလိုလမ်းညွှန်တဲ့အခါ လက်ပုံစံများ၊လက်ရေစာနှင့် ဂြိုဟ်ခုံတို့ရဲ့ သဘောတရားများဟာ အဓိကကျပါတယ်၊ အခြားသော လက်ဝါးပြင်ပေါ်က လမ်းကြောင်းများနှင့် ထူးခြားအမှတ် အသား များလည်း အရေးကြီးလှပါတယ်။ အားလုံးပေါင်းစပ်ပြီး အဖြေထုတ်ရတာဖြစ်တယ်။ အခုတင်ပြလိုတာကတော့ လက်ပုံစံ(၄) မျိုးနှင့် အင်္ဂါဂြိုဟ်အကြောင်းကို တင်ပြလိုရင်ဖြစ်လို့ အခြား ဂြိုဟ်ခုံများအကြောင်းပါရှိမှာမဟုတ်ပါဘူး။ နောင်များမှာ ဂြိုဟ်ခုံတစ်ခုချင်းစီနှင့် လက်ပုံစံတို့ အကြောင်းကို တင်ပြသွားပါ့မယ်။

အင်္ဂါဂြိုဟ်ခုံအကြောင်းကို ပြောရမည်ဆိုပါက အင်္ဂါဂြိုဟ်ရဲ့စရိက်လက္ခဏာတွေကို အရင်သိထားဖို့လိုအပ်ပါတယ်၊ ဒါကြောင့် အင်္ဂါဂြိုဟ်ခုံရဲ့ စရိက်လက္ခဏာအကြောင်းကို အကျင်းချုပ် လောက်တင်ပြလိုပါတယ်။ ယောကျာင်္းပီသပြီး ပူလောင်ခြောက်သွေ့သော အနီရောင်ရှိသောဂြိုဟ်ဖြစ်တယ်၊အင်းအား၊စွမ်းအင်နှင့်သတ္တိတို့ရဲ့ အမှတ်အသားဖြစ်တဲ့ ဂြိုဟ်တစ်လုံးဖြစ်တယ်၊ စစ်သူကြီးဂြိုဟ်လို့လည်း သတ်မှတ်ကြပြီး ဓါး၊လှံ၊သားသတ်လက်နက်ပစ္စည်း နှင့် သွေးထွက်ခြင်းကို ကြီးစိုးတယ်လို့ဆိုပါတယ်။အင်္ဂါဂြိုဟ်ဟာ တည်ဆောက်ခြင်းကို ပြဆိုတတ်သလို ဖျက်ဆီးတတ်သော ဂြိုဟ်လည်းဖြစ်တယ်။ စစ်ပွဲ၊ဒဏ်ရာရခြင်း၊သွေထွက်ခြင်း၊ ထိမိခိုက်မိခြင်း၊တို့ကို လုပ်ဆောင်တတ်တဲ့သဘောတရာတွေ အပြည့်ရှိတဲ့သူပါ။ဒီဂြိုဟ်ရဲ့ စိုးမိုးခြင်းတွေမှာ ခွဲစိတ်ကုသရခြင်း၊ဓါတုဗေဒနှင့် ဆိုင်သော၊စစ်မှု့ ရေးရာကိစ္စရပ်များ၊စစ်တပ်၊ သားသတ်သူ ၊တဇွတ်ထိုးပြုလုပ်ခြင်း၊ အဓ္ဓမပြုခံရခြင်းတို့ဟာလည်း အင်္ဂါဂြိုဟ်ရဲ့ ပါတ်သက်မှု့တွေပါဘဲ။

သတ္တိရှိခြင်း၊သန်မာခြင်း၊စွမ်းအားရှိခြင်း၊သတ္တိရှိခြင်း နဲ့ အကြောက်အလန့်မရှိခြင်းတို့ကိုဖြစ်ပေါ်စေတာဖြစ်လို့ ဒီအချက်တွေဟာ ကောင်းသောအချက်တွေလို့ ပြောလို့ရပါတယ်။ သူတပါးကိုအထင်သေးတတ်ခြင်း ၊ကြမ်းထမ်းသော ၊ပြင်းထန်သော၊ရိုင်းစိုင်းသော၊သီးမခံတတ်သော၊ဖျက်ဆီးတတ်သော ၊သတ်ဖြတ်တတ်သော စသည့် စရိက်လက္ခဏာများ ကတော့ မကောင်းတဲ့ အချက်တွေလို့ဘဲ ပြောရပါလိမ့်မယ်။ လောကမှာ အရာရာတိုင်းဟာ ကောင်းတာတွေစုနေ တာမဟုတ်သလို ဆိုးနေတာတွေဘဲ စုနေတာတော့မဟုတ်ပါဘူး၊ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက် တွေလည်း ရှိနေပါလိမ့်မယ်။ အခုအင်္ဂါဂြိုဟ်စာလည်း အထက်ကဖော်ပြသလို ကောင်းခြင်း၊ဆိုးခြင်းတွေ ရှိပါတယ်။ ဒီလိုဝိသေသတွေနဲ့ ပြည့်စုံတဲ့ အင်္ဂါဂြိုဟ်ရဲ့ သတ္တိတွေဟာ မိမိအပေါ် ဘယ်လိုပုံစံနဲ့ ပါတ်သက်နေသလည်း ဘယ်လိုအကျိုးအပြစ်တွေကို ပေးသလည်းဆိုတာကိုတော့ လက္ခဏာပေါ်က အင်္ဂါဂြိုဟ်ခုံကို သေချာလေ့လာရပါလိမ့်မယ်။ နက္ခတ်ဇာတာပေါ်ကလည်း အင်္ဂါဂြိုဟ်ရဲ့ အခြေအနေကို လေ့လာရပါလိမ့်မယ်။

ဓါတ်လေးပါး၊လက်လေးမျိုးဆိုတာကတော့ မြေ၊ရေ၊လေ၊မီး ဆိုတဲ့ လက်ပုံစံတွေကို ပြောတာပါ၊ ဒီပုံစံတွေက လူတစ်ယောက်ရဲ့ ဘဝအခြေခံအုတ်မြစ်ဖြစ်ပါတယ် ၊မိမိကဘယ်လက် အမျိုးအစားထဲပါနေသလည်းဆိုတာကို သေချာလေ့ လာရပါတယ်၊ ဒီလက်ပုံစံ လေးမျိုးကို အထက်ကဖော်ပြခဲ့တဲ့ အင်္ဂါဂြိုဟ်ရဲ့ သက်ရောက်မှု့ကို ပေါင်းစပ်ပြီး လေ့လာကြည့်တဲ့အခါ ထူးခြားလှတဲ့ လူ့ဘဝ၊လူ့လောကရဲ့ ဖြစ်ခြင်း၊ပျက်ခြင်း၊သွေးထွက်သံယိုဖြစ်ခြင်း၊ထိမိခိုက်မိဖြစ်ခြင်းနှင့် လုပ်ကိုင်ရမည့် အလုပ် ၊ဖြတ်သန်းရမယ့်ဘဝပုံစံတို့ကို အသေးစိတ်အကြောင်းတွေကို သိမြင်ရပါတယ်။ ဓါတ်လေးပါရဲ့ အစွမ်းသတိနဲ့ အင်္ဂါဂြိုဟ်ရဲ့ အစွမ်းသတ္တိတို့ ပေါင်းစပ်လိုက်တဲ့အခါ အချို့လက်ပုံစံတွေက အလွန်ကောင်းပြီး အထွဋ်အထိပ်ကို ရောက်ကြရသလို့ အချို့သောလက်ပုံစံတွေကတော့ သွေးထွက်သံယိုနဲ့ အင်္ဂါရဲ့ အပြစ်ကို ရကြပါတယ်။ ဒီလိုအခြေအနေမှာ လက္ခဏာဆရာဟာ ဘယ်လို လက်အမျိုးအစားအတွက် ဘယ်လိုအကျိုးကို ဖြစ်စေပြီး ဘယ်လိုလက်ပုံစံအတွက် ဘယ်လိုအပြစ်ကို ရစေမယ် ဆိုတာကို သေသေချာချာစနစ်တကျ လေ့လာသုတေသနပြုထားဖို့ အထူးလိုအပ်လှပါတယ်။

အင်္ဂါဂြိုဟ်အကျိုးပေးတဲ့လက္ခဏာရှင်များစွာရှိပါတယ်၊ ခွဲစိတ်ဆရာဝန်ကြီးတွေ၊ စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် ထိပ်ဆုံးကို ရောက်နေတဲ့သူတွေအများကြီးရှိပါတယ်၊သူတို့ဟာ သူတို့ လက္ခဏာက ညွှန်းပြတဲ့ အလုပ်ကို လုပ်ခဲ့လို့ ထိပ်ဆုံးကို ရောက်ခဲ့သူတွေဖြစ်တယ်၊ ဒီလိုဘဲ သွေးထွက်သွယိုဖြစ်ခြင်း၊ မတော်တဆဖြစ်ခြင်းကြောင့် အသက်သေဆုံးကြရတဲ့သူတွေရဲ့ လက္ခဏာကို လေ့လာတဲ့အခါမှာလည်း အင်္ဂါဂြိုဟ်ရဲ့ အပြစ်ကို တွေ့ရတတ်ပါတယ်။ လက်ဖဝါးပြင်မှာ အင်္ဂါဂြိုဟ်ခုံး အဖို-အမ နဲ့ အင်္ဂါလွင်ပြင်ဆိုပြီး အင်္ဂါနဲ့ပါတ်သက်တဲ့ နေရာအများ အပြားပါရှိတာဖြစ်လို့ လက်ပုံစံနှင့်တွဲဘက်ပြီး အထူး(အထူး) သတိထားလေ့လာသင့်တဲ့ ဂြိုဟ်ခုံတစ်ခုဖြစ်ပါကြောင်း တင်ပြလိုပါတယ်။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top