ဟွန်ဒူးရပ်စ်နိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ ရွေးကောက်တင်မြှောက်နိုင်ဖွယ်ရှိနေ

1.12.2021yyl1.jpg

အာဏာရပါတီက ရွေးကောက်ပွဲ ရှုံးနိမ့်ပြီလို့ ကြေညာခဲ့တာကြောင့် ဟွန်ဒူးရပ်စ်နိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ ရွေးကောက်တင်မြှောက်နိုင်ဖွယ် ရှိနေပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ဝဲဝါဒ Libre (Free) ပါတီ ကိုယ်စားလှယ် စီယိုမာရာကက်စထရိုဟာ သူ့ရဲ့ပြိုင်ဘက်ကို ရမှတ် (၂၀) ရာခိုင်နှုန်းလောက် အသာရနေပါတယ်။

သမ္မတရွေးကောက်ပွဲမှာ စီယိုမာရာ အနိုင်ရခဲ့ရင် လက်ယာဝါဒ National ပါတီရဲ့ ၁၂ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်သွားမှာပါ။ National ပါတီ အုပ်ချုပ်တဲ့ကာလအတွင်း ဟွန်ဒူးရပ်စ်နိုင်ငံမှာ အရှုပ်တော်ပုံတွေ၊ အကျင့်ပျက်ခြစားမှု စွပ်စွဲချက် အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးကုန်ကူးမှုကြောင့် အမေရိကန်နိုင်ငံမှာ ညီဖြစ်သူ အန်တိုနီယို ထောင်ဒဏ်ချမှတ်ခံရပြီးနောက်မှာ ဟွန်ဒူးရပ်စ်သမ္မတ ဟွန်အော်လန်ဒိုဟာနန်ဒက်ဇ်က မူးယစ်ဆေးဝါးကုန်ကူးမှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

မူးယစ်အာဏာရှင်နဲ့ အကျင့်ပျက်ခြစားမှု ခံတွင်းဝထဲကနေ ဟွန်ဒူးရပ်စ်နိုင်ငံကို ဆွဲထုတ်ပေးမယ်ဆိုတဲ့ မဲဆွယ်ကတိနဲ့ စီယိုမာရာက ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ စီယိုမာရာရဲ့ ခင်ပွန်းဖြစ်သူ မန်နျူရယ်ဇီလာယာဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ကအထိ ဟွန်ဒူးရပ်စ်သမ္မတအဖြစ် တာဝန်ယူခဲ့ပေမဲ့ အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံခဲ့ရတာပါ။

လက်ရှိအချိန်အထိတော့ မဲတွေကို ဆက်လက်ရေတွက်နေဆဲဖြစ်ပြီး ရွေးကောက်ပွဲကောင်စီကလည်း ရွေးကောက်ပွဲအနိုင်ရသူကို တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကနဦးရလဒ်တွေမှာ စီယိုမာရာရဲ့ မဲအရေအတွက် တဟုန်ထိုး မြင့်တက်ခဲ့ပြီးနောက် ၂ ရက်အကြာမှာ အာဏာရပါတီက ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီလို့ ကြေညာခဲ့တာပါ။

Ref: BBC “Xiomara Castro: Honduras votes in first female president”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top