အရိုးရှင်းဆုံး နည်းလမ်းနဲ့ စွန့်ပစ်ပစ္စည်း လျော့ချမယ်

yyl-029.jpg

မြို့ကြီးတစ်မြို့သည် တစ်နေ့တွင် စွန့်ပစ်ပစ္စည်း ၈,၀၀၀ မက်ထရစ် တန် နေ့စဉ်စွန့်ပစ်လျှက်ရှိသည်။ ရေဘူးခွံများ၊ အစားအသောက် အကြွင်းအကျန်များ၊ ပလတ်စတစ်အိတ်များ နှင့် မီးဖိုချောင်သုံး စွန်းပစ်ပစ္စည်းများ နေ့စဉ် စွန့်ပစ်ခြင်းကြောင့် မြို့တိုင်းတွင် တောင်ကဲ့သို့ ပုံနေသည် အမှိုက်များ နေ့စဉ်ကြီးထွားပွားများလျက်ရှိနေသည်။ အမှိုက်တိုးပွားမှု၊ စနစ်တကျမစွန့်ပစ်မှု နှင့် အမှိုက်ပိတ်ဆို့မှု ပြဿနာသည် သည်လိုပဲဆက်လက်ရှိနေမည်ဆိုလျှင် တောင်ကဲ့သို့ ကြီးမားသည့် အမှိုက်ပုံကြီးများအား စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ကောင်းစွာ အကောင်အထည်ဖော်ခြင်း မရှိလျှင် ရောဂါပိုး၊ ဘေးထွက်ဆိုးကျိုး နှင့် သဘာဝ ဘေးအန္တာရာယ်များ အတားအဆီး မရှိ ကျရောက်လာ နိုင်ပေသည်။

ခေတ်မှီသော နိုင်ငံကြီးများတွင် စွန့်ပစ်ပစ္စည်းကို အမျိးအစားခွဲကာ အမျိးအစားအလိုက် ပြန်လည်အသုံးပြုနိုင်သည့် တန်ဖိုးနည်းပစ္စည်းများ ထုတ်လုပ်ခြင်း၊ အမှိုက်များကို ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ်သို့ မပြောင်းလဲသွားအောင် ဓာတ်ပြု၍ အဆင့်မြင့် နည်းပညာများသုံးကာ မီးရှို့ခြင်များ အစရှိသည်ဖြင့် စနစ်တကျ ရင်းနှီး မြုပ်နှံ စီမံခန့်ခွဲကြသည်။ သို့သော် ဖွံ့ဖြိုးနေဆဲနိုင်ငံငယ်များတွင် ယင်းကဲ့သို့ အဆင့်မြင့် နည်းပညာများ၊ ရင်းနှီးမှုများပြုလုပ်ကာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးသော်လည်း နိုင်ငံသား အယောက်တိုင်း သေးငယ်သော
အောက်ပါ အပြုအမူများ လုပ်ဆောင်ခြင်းဖြင့် စွန့်ပစ်ပစ္စည်း ပြဿနာကို အထိုက်အလျောက် ထိန်းထားနိုင်မည်ဖြစ်သည်။

၁။ တစ်ခါသုံး ပလက်စတစ်အိတ် အသုံးပြုခြင်း ရပ်တန့်ပါ။

ပတ်ဝန်းကျင်တွင် ပလတ်စတစ်အိတ် အသုံးပြုခြင်း ရပ်တန့်ရန် လှုံ့ဆော်မှုများ အမြဲ မြင်နေ ကြားနေရတတ်သော်လည်း တကယ်တမ်း ကိုယ်တွေ့ ကျင့်သုံးဖို့အတွက်တော့ အကြောင်းအမျိုးမျိုးကြောင့် ကျင့်သားမရ ဖြစ်နေတတ်သည်။ ပြန်လည်အသုံးပြုလို့ရသည့် အထူးပြုလုပ်ထားသော ဈေးဝယ်အိတ်များအား သင်သွားလေရာနေရာတိုင်းတွင် အမြဲ သယ်ဆောင်တတ်သော အကျင့်တစ်ခု ထားရှိမည်ဆိုလျှင် ဒါသည် ကောင်းမွန်သော အလေ့အကျင့်တစ်ခုပင်ဖြစ်သည်။ တစ်ခါသုံး ပလတ်စတစ်ပိုက်၊ တစ်ခါသုံး ပလတ်စတစ် အိတ်အသေးလေးများ၊ တစ်ခါသုံး ပလတ်စတစ် တစ်ရှုးထုပ်များအား အသုံးပြုခြင်းကို သတိထား၍ ရှောင်ရှားတတ်သည့် အကျင့်ထားသင့်သည်။ သင်စွန့်ပစ်လိုက်သည့် တစ်ခါသုံး ပလက်စတစ်အိတ် တစ်ခုသည် မြေကြီးထဲတွင် နှစ်ပေါင်း လေးရာ့ငါးဆယ်ကြာ တည်ရှိနေတတ်သည်။ ထိုအကြောင်းအရာကို စိတ်ထဲသွင်း၍ သင်နောက်တစ်ခါ ဈေးဝယ်သွားချိန် သတိထားပြီး ဈေးဝယ်အိတ်များ အပါယူသွား လိုက်ကြပါဦးနော်။

၂။ ပြန်လည်အသုံးပြုလို့ရသည့် ရေသန့်ဘူးများ သုံးပါ။

ဧရာမ အမှိုက်ပုံကြီးများတွင် အများဆုံးတွေ့ရမည့် စွန့်ပစ်ပစ္စည်းမှာ အခြားမဟုတ်… တစ်ခါသုံး ပလတ်စတစ် ရေသန့်ဘူးများပင်ဖြစ်သည်။ သန်းနှင့် ချီသည့် တစ်ခါသုံး ပလတ်စတစ် ရေသန့်ဘူးများစွန့်ပစ်နေခြင်းသည် အတားအဆီး မရှိကို မြင့်တက်နေသည်။ ယင်း ရေသန့်ဘူးများ နှင့် အခြားပေါ့ပါးသည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် လေပြင်းမုန်တိုင်းများ တိုက်ခိုက်ချိန်တွင် လေဖြင့် အလွယ်တကူ သယ်ဆောင်ကာ သမုဒ္ဓရာများ၊ မြစ်များ၊ ချောင်းများ၊ ပင်လယ်များ သို့ ရောက်ကာ ရေနေသတ္တဝါများ ကို အန္တာရာယ်ပေးသည်။ သမုဒ္ဓရာညစ်ညမ်းမှု၊ ပင်လယ် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေသည်။ ထိုညစ်ညမ်းမှုကို တားဆီးကာကွယ်ရန်မှာ မိမိတစ်ဦးတစ်ယောက် အနေဖြင့် တတ်နိုင်သလောက် ပလတ်စတစ် အသုံးပြုခြင်းကို ငြင်းဆန်ရန်ပင်ဖြစ်သည်။ ရေသန့်ဘူး တစ်ဘူးဝယ်ယူခြင်းသည် များစွာသော ကောင်းကျိုးများအတွက် တစ်ကြိမ် တစ်ခါ ရင်းနှီးမြုပ်နှံခြင်း တစ်ခုသာဖြစ်သည်။

၃။ ဆိုင်မှာစားပါ။ ပါဆယ်မဆွဲပါနှင့်။

သင့်နေ့လည်စာအတွက် လုံလောက်တဲ့ အချိန်ပေးနိုင်မယ်ဆိုလျှင် ဆိုင်မှာစားပါ။ ပါဆယ်မဆွဲပါနှင့်။ စားသောက်ဆိုင်များအနေဖြင့် ပါဆယ်တစ်ပွဲစာအတွက် ပြင်ဆင်ပြီဆိုလျှင် ဖော့ဘူး၊ ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဇွန်း၊ ခရင်း၊ ဝါးတူ စသည်ဖြင့် လုံလောက်သော ပလတ်စတစ်ပမာဏကို အသုံးပြုရပါသည်။ ဒါသည် သေချာပေါက် မလိုအပ်သော သုံးစွဲမှုဖြစ်ပါသည်။ သင့်အနေဖြင့် အခြေအနေပေးလို့ ပလတ်စတစ် သုံးစွဲခြင်းကို ငြင်းခွင့်ရမည် ဆိုလျှင် ငြင်းပေးပါ။ ကျေးဇူးတင်ပါသည်။ ဥပမာအနေဖြင့် အလုပ်ချိန်အတွင်း သင် ကော်ဖီသောက်ချင်လို့ ရုံးအောက်က ကော်ဖီဆိုင်တွင် ကော်ဖီတစ်ခွက် ပါဆယ် ဝယ်ရမည်ဆိုလျှင် သင့်ရဲ့ ရုံးသုံးကော်ဖီခွက်ကို ယူသွားကာ ဝယ်ယူလိုက်ပါ… ဆိုင်တွင် အကျိုးအကြောင်းရှင်းပြပြီး ထိုခွက်ထဲသို့ ကော်ဖီထည့်ခိုင်းပြီး ပါဆယ် ဝယ်နိုင်ပါသည်။ သင်သည် သိပ်ကို အများအကျိုး ကြည့်တတ်သော လူသားအနေဖြင့် လူအများ၏ နားလည်မှုကို ရမည်ဖြစ်သည်။ သင်အစပြုလိုက်သော ထိုလုပ်ရက်ကြောင့် သင့်လုပ်ဖော်ကိုင်ဖက်များ လိုက်လုပ်ပါက ထပ်ဆင့် ကောင်းကျိုးများ ရရှိမည်ဖြစ်သည်။

၄။ သင့် ပတ်ဝန်းကျင်ကို ပလတ်စတစ်သုံးဆွဲမှု လျေ့ာချရန် တိုက်တွန်းပါ။

လူအများစုက သူတို့ပြုလုပ်သော လုပ်ဆောင်ချက်တစ်ခုက ကမ္ဘာ့ စွန့်ပစ်ပစ္စည်း ပြဿနာတွင် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိဟု ယူဆတတ်ကြသည်။ ထိုယူဆချက်သည် လုံးဝ မှားယွင်းသော အယူအဆပင်ဖြစ်သည်။ သင့်တစ်ယောက်ရဲ့ ပါဝင်ကူညီမှုကြောင့် အကျိုးသက်ရောက်မှု တစ်ခုဖြစ်စေသည်။ သင့်တစ်ယောက်ရဲ့ လှုံ့ဆော်မှုကြောင့် အကျိုးသက်ရောက်မှု အများကြီးဖြစ်စေသည်။ ဆိုကြပါစို့… သင်သည် မနက်တိုင်းကော်ဖီ သောက်သည့် အကျင့်ရှိသူဖြစ်ပြီး သင် ကော်ဖီတစ်ခွက် ဝယ်ယူတိုင်း တစ်ခါသုံးခွက်အစား သင့်ကိုယ်ပိုင် ကော်ဖီခွက် အသုံးပြုခြင်းဖြင့် သင်တစ်ယောက်ထဲပင် တစ်နှစ်ကို တစ်ခါသုံးခွက်ကော်ဖီခွက် ၂၆၀ခွက် ကို လျော့ချနိုင်မည်ဖြစ်သည်။ သင့်ရဲ့ လှုံ့ဆော်မှုကြောင့် လျော့ချမှုနှုန်း နှစ်ဆ သုံးဆ မြှင့်တင်နိုင်သည်။

၅။ စွန့်ပစ်ပစ္စည်းမျာကို အမျိုးအစားခွဲပါ။

ရှုပ်ရှုပ်ထွေးထွေး အမျိုးအစားခွဲရန် မလိုအပ်ပေ။ သင့်အိမ်တွင် အမှိုက်ပုံး နှစ်ပုံးခွဲထား၍ ဟင်းသီးဟင်းရွက် အသားငါး အကြွင်းအကျန်စွန့်ပစ်ပစ္စည်းများကို အဆို ဟု အမှိုက်ပုံး တစ်ပုံးထားပြီး ပလတ်စတစ်၊ စာရွက်၊ သတ္တု နှင့် ကတ်ထူများကို အခြောက် ဟု အမှိုက်ပုံး တစ်ပုံးထားခြင်းသည်ပင် လွန်စွာ အကူအညီရနေပြီဖြစ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top