အမေရိကန်နိုင်ငံရဲ့ လူငယ်သိပ္ပံပညာရှင် ဖြစ်လာခဲ့တဲ့ (၁၄) နှစ်သမီးလေး

yyl-030-2.jpg

ကယ်လီဖိုးနီးယားပြည်နယ်က (၈) တန်းကျောင်းသူလေး ကာရာ ဖန် (Kara Fan) ဟာ မကြာခင်ကမှ ဖြစ်လာခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ လူငယ်သိပ္ပံပညာရှင် အသစ်တစ်ယောက်ပါ။ သူ့ရဲ့တီထွင်မှုကြောင့်ပဲ လူငယ်သိပ္ပံပညာရှင်ဆိုတဲ့ သရဖူကို ဆောင်းခဲ့ရတာဖြစ်ပါတယ်။ သူက မင်နီဆိုးတားပြည်နယ်မှာ နှစ်တိုင်းကျင်းပတဲ့ 3M Young Scientist Challage ဆိုတဲ့ ပြိုင်ပွဲမှာ အခြားဝင်ရောက်ယှဉ်ပြိုင်သူ (၉) ဦးကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ကာရာက ပဋိဇီဝဆေးကို အစားထိုးဖို့အတွက် နာနိုဒြပ်မှုန့်တွေပါဝင်တဲ့ liquid bandage ကိုတီထွင်ခဲ့တာပါ။ Liquid bandage ဆိုတာ နောက်ဆုံးပေါ်ပတ်တီးဖြစ်ပြီး အသားရည်ပေါ်မှာ လိမ်းရ၊ ဖြန်းရတဲ့ ပတ်တီးဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ငါးတန်းကနေ ရှစ်တန်းထိ ကျောင်းသူ/သားထောင်ပေါင်းများစွာရဲ့ အကြံဉာဏ်တွေကိုတင်ပြခဲ့ပါတယ်။ အဲဒီအလယ်တန်းကျောင်းသူ/သားထဲက တစ်ယောက်ကသာ Top Prize နဲ့ ဒေါ်လာ (၂၅၀၀၀) ကို ရရှိခဲ့ပါတယ်။

အဲဒီ Top Prize ကို ကာရာ ဖန်က ရရှိခဲ့တာဖြစ်ပြီး သူ အဲဒီလိုရရှိခဲ့တဲ့အပေါ် သူ့ရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။ “သမီး အရမ်းတုန်လှုပ်ခဲ့ရပြီး အံ့သြခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ တကယ်ကို စိတ်လှုပ်ရှားခဲ့ပါတယ်။ သမီးရဲ့ပရောဂျက်က ပဋိဇီဝအသုံးများခြင်းကို လျော့ချပေးမှာဖြစ်တာကြောင့် အရေးကြီးပါတယ်” လို့ ကာရာက ဆိုပါတယ်။ ဒီပရောဂျက်ကနေ ကာရာရရှိခဲ့တဲ့ သင်ခန်းစာကတော့ အခြားသူတွေနဲ့ ကောင်းကောင်းအလုပ်လုပ်ရင် ကောင်းတဲ့အရာတွေ ဖြစ်လာမယ်ဆိုတာပါပဲ။

ဒီပြိုင်ပွဲမှာ ဒုတိယနေရာကို ရရှိခဲ့တဲ့သူက ဓာတ်ဆီ၊ ဒီဇယ်ဆီအစား ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုနိုင်တဲ့ ရထားကို ဒီဇိုင်းထွင်ခဲ့တဲ့ ကာရိုလိုင်း ကော့ချ်လေဖြစ်ပြီး တတိယနေရာကတော့ လက်ဟန်အနေအထား ဆက်သွယ်မှုကနေ အသံ၊ အသံကနေ လက်ဟန်အနေအထားဆက်သွယ်မှုကို ဘာသာပြန်တဲ့ကိရိယာကို တီထွင်ခဲ့တဲ့ ဖာရက်ဇ် တန်ဘိုလီ (Faraz Tamboli) ဆိုတဲ့ ကျောင်းသူလေးပါ။

အရင်တုန်းကတော့ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့သူတွေက သမ္မတကို တွေ့ဆုံခဲ့ရပြီး Forbes’s 30 Under 30 List စာရင်းမှာ ပါဝင်ခဲ့ရသလို ညီလာခံမတိုင်ခင် အဖွင့်မှာစကားပြောကြားပေးတာ၊ TED Talksမှာ ဆွေးနွေးပြောကြားပေးရတာတွေလည်း လုပ်ခဲ့ရပါတယ်။

Ref: 14-year-old crowned America’s top young scientist with nano particle liquid bandage invention

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top