သက်ရှိတွေ သေဆုံးသွားတဲ့အခါ တချို့ ဆဲလ်တွေဟာ ချက်ချင်းသေဆုံးမသွားကြပါဘူး။ သူတို့ဟာ အခြေအနေနဲ့အမျှ အလိုက်သင့်ပြောင်းလဲတာ၊ ပြန်လည်ဖွဲ့စည်းတာနဲ့ အသစ်ပြန်လည် တည်ဆောက်တာတွေ လုပ်ဆောင်ကြပါတယ်။
သေဆုံးသွားတဲ့ သက်ရှိတစ်ခုဆီမှ ဆဲလ်တချို့ကို ထုတ်ယူပြီး သင့်တော်တဲ့ ပတ်ဝန်းကျင်တခုပေးလိုက်ရင် အဲဒီဆဲလ်တွေက အသက်ဝင်တဲ့ အခြေအနေသစ်တခုရရှိသွားနိုင်တာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။
ဒီအခြေအနေဟာ ရှင်သန်ခြင်းလည်း မဟုတ်၊ သေဆုံးခြင်းလည်းမဟုတ်ဘဲ အဲဒီနှစ်ခုကြားက “တတိယအခြေအနေသစ်” ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
စမ်းသပ်မှုတရပ်မှာ သေဆုံးသွားတဲ့ ဖားလောင်းတကောင်ရဲ့ အရေပြားဆဲလ်တွေကို ဓာတ်ခွဲဖန်ခွက်ထဲ ထည့်ထားတဲ့အခါ အဲဒီဆဲလ်တွေဟာအလိုအလျောက် ပေါင်းစည်းသွားပြီး Xenobots လို့ခေါ်တဲ့ သက်ရှိအသေးစားလေးတွေ ဖြစ်လာခဲ့ပါတယ်။ ပုံမှန်ဆဲလ်တွေနဲ့မတူတာက ဒီဖွဲ့စည်းပုံလေးတွေဟာ ကိုယ်တိုင်လှုပ်ရှားနိုင်တယ်၊ ဒဏ်ရာတွေကို ပြန်လည်ကုစားနိုင်တယ်၊ ဒါ့အပြင် တခြားဆဲလ်တွေကို သူတို့ရဲ့ ပုံတူအဖြစ် ပုံသွင်းပွားများနိုင်ကြပါတယ်။
နောက်ပိုင်းမှာ လူ့ အဆုတ်ဆဲလ်တွေမှာလည်း အလားတူ ပြုမူပုံကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ အဲဒီဆဲလ်တွေဟာ Anthrobots လို့ခေါ်တဲ့ အလုံးသေးသေးလေး တွေအဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနိုင်ပြီး အနီးနားမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို တောင် ပြန်လည်ပြုပြင်ပေးဖို့ ကူညီပေးကြပါတယ်။
ဆဲလ်တွေရဲ့ အသွင်သဏ္ဌာန်ပြောင်းလဲနိုင်စွမ်း (မိမိရဲ့ မူလအမှတ်အသားကို ပြောင်းလဲပြီး ဖွဲ့စည်းပုံအသစ်မတည်ဆောက်နိုင်စွမ်း) ကို ကြည့်ခြင်းအားဖြင့် သက်ရှိတစ်ကောင်လုံး သေဆုံးသွားရင်တောင် တချို့ ဆဲလ်တွေမှာ ပုံမှန်လုပ်ဆောင်ချက်တင်မက ဖန်တီးနိုင်စွမ်းပါ ကျန်နေသေးတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ပြန်လည်ဆန်းသစ်ကုသရေး ဆေးပညာ (Regenerative Medicine) မှာ အခွင့်အလမ်းအသစ်တွေကို ပွင့်လင်းစေခဲ့ပါတယ်။
အနာဂတ်မှာ လူနာရဲ့ ကိုယ်ပိုင်ဆဲလ်တွေနဲ့ ပြုလုပ်ထားတဲ့ ဇီဝစက်ရုပ် (Biobots) လေးတွေကို ဆေးဝါးပို့ဆောင်ဖို့၊ သွေးလွှတ်ကြောတွေကို ရှင်းလင်းဖို့ ဒါမှမဟုတ် တစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့ ဖန်တီးလာနိုင်တော့မှာပါ။ သူတို့ဟာ သီတင်းပတ်အနည်းငယ်အတွင်း သဘာဝအတိုင်း ပျောက်ပြယ်သွားမှာဖြစ်ပြီး ကိုယ်ခံအားစနစ်ရဲ့ ငြင်းဆန်မှုကိုလည်း ကြုံတွေ့ရမှာ မဟုတ်ပါဘူး။
သေဆုံးခြင်းဆိုတာ ထာဝရနိဂုံးချုပ်မဟုတ်ဘဲ ဆဲလ်တွေမှာ လုပ်ဆောင်စရာတွေ ကျန်ရှိနေသေးတယ်ဆိုတာဟာ လေ့လာနိုင်စရာ စိန်ခေါ်မှုနယ်ပယ်အသစ်တခုပဲ ဖြစ်ပါတယ်။
Ref : scientists discover state between life and death
NZ (ရိုးရာလေး)

