တာမီးတောင်လှုပ်ရှားမှု လျော့နည်းလာလို့ ဒေသခံတွေကို တိရစ္ဆာန်တွေနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ရွှေ့ပြောင်းသယ်ယူခွင့်ပြု

Y1-6.jpg

တာမီးတောင်(Taal) လှုပ်ရှားမှု လျော့နည်းလာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံအာဏာပိုင်တွေက ရွှေ့ပြောင်းမိန့်ထုတ်ခံထားရတဲ့ ဒေသခံတွေကို အိမ်ပြန်ပြီး ကြက်၊ ဝက်၊ ခွေး အစရှိတဲ့ တိရစ္ဆာန်တွေ ခေါ်ဆောင်လာဖို့၊ ပိုင်ဆိုင်မှုပစ္စည်းတွေ သွားသယ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒေသခံ ၃၀၀၀ နီးပါးကို သူတို့ရဲ့ အိုးအိမ်တွေ ပြန်သွားကြည့်ဖို့၊ တိရစ္ဆာန်တွေ၊ အဝတ်အစားတွေနဲ့ တခြားပိုင်ဆိုင်မှုပစ္စည်းတွေ သွားသယ်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ အေဂွန်ဆီလိုမြို့တော်ဝန် ရီယက်စ်က ပြောပါတယ်။ အေဂွန်ဆီလိုမြို့ဟာ တာမီးတောင်ရဲ့ ဘေးသင့်ဇုန်အတွင်းမှာ ပါဝင်နေပါတယ်။

“သူတို့ မွေးထားတဲ့တိရစ္ဆာန်တွေကို ကယ်ခွင့်မပေးရင် တိရစ္ဆာန်တွေ သေကုန်မှာပါ။ တိရစ္ဆာန်တွေနဲ့အတူ သူတို့ စုဆောင်းထားတာတွေပါ ယူခိုင်းလိုက်တယ်’’လို့ ရီယက်စ်က ဆိုပါတယ်။ အဲဒီနောက်မှာတော့ မီးတောင်ပြာတွေ ဖုံးလွှမ်းနေတဲ့ အေဂွန်ဆီလိုမြို့ကနေ ဝက်တွေ၊ ခွေးတွေ၊ ရုပ်မြင်သံကြားစက်တွေ၊ ဂတ်စ်မီးဖိုတွေ၊ ပန်ကာတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကြီး ထွက်ခွာလာတာ မြင်ရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ လှုပ်ရှားမှုအများဆုံး၊ လူသေဆုံးမှုအများဆုံးမီးတောင်တစ်လုံးဖြစ်တဲ့ တာမီးတောင်ကနေ ပြာမှုန့်တွေ၊ ချော်ရည်တွေ၊ ဓာတ်ငွေ့တွေ ထွက်လာကတည်းက အေဂွန်ဆီလိုမြို့ရဲ့ ဒေသခံ ၄၀၀၀၀ ကျော်က အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့နောက်ပိုင်း တာမီးတောင် အခြေအနေ တည်ငြိမ်လာလို့ အခုလို ခွင့်ပြုပေးခဲ့တာလို့ ရီယက်စ်က ပြောပါတယ်။ ဒါပေမဲ့ တာမီးတောင်ရဲ့ အန ္တရာယ်ဖြစ်နိုင်ချေဟာ အဆင့်(၅)ဆင့်အနက် အဆင့်(၄)နေရာမှာ ရှိနေသေးတယ်လို့ ဖိလစ်ပိုင်နိုင်ငံ မီးတောင်နဲ့ ငလျင်သိပ္ပံဌာန(Phivolcs)က ပြောပါတယ်။


အဲဒီအဆင့်သတ်မှတ်ချက်အရ နာရီပိုင်းကနေ ရက်ပိုင်းအတွင်းမှာ အန ္တရာယ်ဖြစ်စေနိုင်လောက်တဲ့ ပေါက်ကွဲမှုဖြစ်နိုင်ချေ ရှိနေတုန်းပါပဲ။ တာမီးတောင် လှုပ်ရှားမှုကြောင့် မီးတောင်ပြာတွေ ဖုံးလွှမ်းပြီး သီးနှံတွေပျက်စီးခဲ့လို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ နာနတ်၊ ငှက်ပျော၊ ကော်ဖီစိုက်ပျိုးသူတချို့အတွက် ကပ်ဘေးဆိုက်မှု ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အသေးငယ်ဆုံး မီးတောင်တစ်လုံးဖြစ်တဲ့ တာမီးတောင်ဟာ ၁၉၁၁ ခုနှစ်တုန်းက ပေါက်ကွဲခဲ့ဖူးပြီး လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top