ခွေး(၉) ကောင်နဲ့အတူ ဆေးရုံတက်နေတဲ့လူနာတွေဆီ သွားလည်ပြီး ပျော်ရွှင်မှုပေးစွမ်းနေသူ

8-5-2020-yyl-038.jpg

မက်ကန်ဇီ မာကတ်ချီဆိုတဲ့ အမျိုးသမီးငယ်လေးဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူတွေကို ခွေးတွေနဲ့ ရောဂါကုထုံးလုပ်ပေးဖို့အတွက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကို တည်ထောင်ထားတာပါ။ အဲဒီအတွက် နယူးဖောင်လန်အမျိုးအစားခွေး (၉) ကောင်ကို မွေးထားတဲ့သူလည်းဖြစ်ပါတယ်။

မက်ကန်ဇီရဲ့မိခင် ဒိုင်ဒရီ ကင်ဆာရောဂါခံစားရနေချိန်အတွင်းမှာ အဲဒီခွေးတွေက ပျော်ရွှင်အောင် ကူညီပေးခဲ့တဲ့အတွက် ဆေးရုံကလူတွေကိုလည်း ပျော်ရွှင်မှုပေးစွမ်းမယ်ဆိုတဲ့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။ မက်ကန်ဇီရဲ့မိခင်က သူ့ရဲ့အိပ်မက်တွေဖြစ်လာဖို့ကူညီပေးတဲ့နေရာမှာ အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့တယ်လို့ပြောလို့ရပါတယ်။

မက်ကန်ဇီရဲ့အကြောင်းကို အနည်းငယ်ပြောပြပါမယ်။ မက်ကန်ဇီက အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အသက် (၂၈) နှစ်အရွယ် မိန်းကလေးပါ။ သူ့ရဲ့မိခင်က ၂၀၁၆ခုနှစ်မှာ အူမကြီးကင်ဆာ အဆင့် (၄) ကို ခံစားပြီးတဲ့နောက်မှာ ဆေးရုံတက်နေတဲ့လူနာတွေကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ခွေး (၉) ကောင်က သူ့မိခင် ကင်ဆာကို တွန်းလှန်နိုင်အောင် ကူညီပေးခဲ့တာပါ။ အဲဒီခွေးတွေက ခက်ခဲနေတဲ့အချိန်တွေမှာ သူ့ကို ပံ့ပိုးပေးခဲ့ပါတယ်။ ခွေးတွေရဲ့ ဂရုစိုက်မှုကို ရရှိခဲ့တဲ့ ပထမဆုံးလူနာကတော့ မက်ကန်ဇီရဲ့မိခင်ပါပဲ။

မက်ကန်ဇီက သူ့မိခင်နဲ့ ခွေး(၉)ကောင် အကြောင်းကို အင်စတာဂရမ်အကောင့်ဖန်တီးပြီး မျှဝေခဲ့တာပါ။ အင်စတာဂရမ်ကနေ ဖျားနာနေမကောင်းတဲ့လူတွေကို ပံ့ပိုးနှစ်သိမ့်ပေးနေတဲ့ ခွေးလေးတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုလည်း မျှဝေခဲ့ပေးသေးတယ်။ နောက်ပိုင်းမှာ အင်စတာဂရမ်အသုံးပြုသူတွေဆီကနေ ချစ်ခြင်းမေတ္တာတွေနဲ့ တွန်းအားပေးမှုတွေပါတဲ့စာတွေကို လက်ခံရရှိခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ သူ့မိခင်က ကင်ဆာရောဂါကို မကျော်လွှားနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ သူ့အတွက် အိပ်မက်မျိုးစေ့ကို ချန်ထားခဲ့တဲ့အတွက် မက်ကန်ဇီက အဲဒါကို ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ခွေးလေးတွေနဲ့ ရောဂါကုထုံးပေးနေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း The Newf Crewကို ဖန်တီးခဲ့ပါတယ်။ ဒီအဖွဲ့အစည်းကို မက်ကန်ဇီနဲ့ သူ့ရဲ့ ခွေး (၉) ကောင်က ဦးဆောင်နေတာပါ။ ခွေး (၉) ကောင်ထဲက (၃) ကောင်ကတော့ ရောဂါကုထုံးခွေးတွေဖြစ်ဖို့ လိုအပ်တဲ့လေ့ကျင့်မှုတွေ ပေးပြီးသွားပါပြီ။

မက်ကန်ဇီက သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ခွေးလေးတွေက သူ့ရဲ့ဆုံးရှုံးမှုတွေကို ကျော်လွှားဖို့အတွက် ကူညီပေးခဲ့တယ်ဆိုတာကို “ခွေးတွေသာ မရှိခဲ့ရင် အမေ သေဆုံးပြီးတဲ့နောက်မှာ အိပ်ရာထဲလဲနေတဲ့ ရက်တွေ တော်တော်များပါလိမ့်မယ်”လို့ ပြောပါတယ်။ မက်ကန်ဇီက ခွေးပေါက်လေးတွေ သယ်နေတဲ့ ပုံက သူ့ရဲ့ကိုယ်ပိုင် meme ဖြစ်သွားတဲ့အတွက် ဝက်ဆိုက်မှာ သူဟာ နာမည်ကြီးလို့နေပါတယ်။ လူတွေက သူ့ရဲ့ခွေးလေးတွေကို စိတ်ဝင်စားတာကို သိရတဲ့အတွက်လည်း ဝမ်းသာမိတယ်လို့ မက်ကန်ဇီက ဆိုပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ခွေး (၉) ကောင်နဲ့အတူ ဆေးရုံတက်နေတဲ့လူနာတွေနဲ့ ကုသမှုခံယူနေတဲ့လူတွေကို ကူညီပေးနေပါတယ်။

Ref: This Young Woman and Her 9 Dogs Visit Hospitalized People, Bringing Happiness to Those Who Need It Most

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top