ဗီယက်နမ်မှာ အပူချိန် စံချိန်သစ်တင်၊ ထိုင်းနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက်

8.5.2023-yyl-2-1.jpg

ဗီယက်နမ်နိုင်ငံမှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် သိပ်မကြာခင် အပူချိန် စံချိန်သစ် ထပ်တင်ဖွယ်ရှိတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း သန်ဟွာပြည်နယ်မှာ အပူချိန် စံချိန်သစ်တင်ခဲ့တာပါ။
အပူချိန်မြင့်မားလွန်းတဲ့အတွက် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်ပြည်နယ်မှ တောင်သူတွေကတော့ တတ်နိုင်သမျှ အစောဆုံး ယာထဲဆင်းကြပြီး နံနက် ၁၀ နာရီဆိုတာနဲ့ အလုပ်သိမ်းကြပါတယ်။

အာဆီယံနိုင်ငံတွေအနက် ထိုင်း၊ မြန်မာနိုင်ငံတွေမှာလည်း အပူချိန်မြင့်တက်လျက် ရှိပါတယ်။ ထိုင်းနိုင်ငံ အနောက်ပိုင်း မက်ခ်ခရိုင်မှာ အပူချိန် ၄၄.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပြီး ယခင်စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်းမှာတော့ အပူချိန် ၄၃.၈ ဒီဂရီစင်တီဂရိတ် ရှိခဲ့ပြီး ဆယ်စုနှစ်အတွင်း အမြင့်မားဆုံး အပူချိန်အထိ ရောက်ရှိခဲ့ပါတယ်။ ထိုင်း၊ မြန်မာနိုင်ငံတွေမှာ မုတ်သုံမိုးမရွာခင် ပူနွေးတဲ့ ရာသီဥတု ကြုံလေ့ရှိပေမဲ့ လက်ရှိအပူချိန် မြင့်မားမှုက သိသိသာသာ မြင့်မားနေတာပါ။

ကမ္ဘာ့အပူချိန်ဟာ စက်မှုခေတ် စတင်ချိန်ကထက် ၁.၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချနိုင်ခြင်းမရှိဘူးဆိုရင် အပူချိန် ဆက်လက်မြင့်တက်နေမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာလည်း ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း အမြင့်မားဆုံး အပူချိန်နဲ့ ကြုံတွေ့နေပါတယ်။ အိန္ဒိယနိုင်ငံ ဒေသတချို့မှာလည်း ပုံမှန်ထက် ၃ ဒီဂရီ သို့ ၄ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

Ref: Climate change: Vietnam records highest-ever temperature of 44.1C

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top