WLC ရဲ့ လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ စိန်ခေါ်သူ ဆာရှာမွိုင်ဆာ အနိုင်ရ

67578459_2475923802450857_2188270877940908032_n.jpg

WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့ ဒုတိယခေါင်ပွဲဖြစ်ပြီး လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အာသာဆာလာဒီးယက်စ် (ပိုလန်)နဲ့ ဆာရှာမွိုင်ဆာ (ယူကရိန်း) တို့ပွဲမှာတော့ ဆာရှာမွိုင်ဆာက အမှတ်နဲ့အနိုင်ယူပြီး ချန်ပီယံခါးပတ် သိမ်းပိုက်ခဲ့ပါတယ်။

ပထမအချီမှာပဲ မွိုင်ဆာက ဆာလာဒီးယက်ကို အမှတ်စဉ် ၂ ခါရေခံရအောင် ထိုးသတ်နိုင်ခဲ့လို့ ပွဲကကြည့်ကောင်းခဲ့ပါတယ်။ ပွဲစပြီးသိပ်မကြာခင်မှာ ဆာလာဒီးယက်ရဲ့ဘယ်ဝိုက် လက်သီးက မွိုင်ဆာကို ထိမှန်ခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ မွိုင်ဆာက ညာဖြောင့်လက်သီး၊ ညာဝိုက်လက်သီးတွေနဲ့ ဆာလာဒီးယက်ကို အမှတ်စဉ် ၂ ခါရေခံရအောင် လုပ်ခဲ့တာပါ။

ဒုတိယအချီမှာ ထိချက်သိပ်မကွာခဲ့ပေမဲ့ တတိယအချီမှာတော့ မွိုင်ဆာရဲ့ လက်သီးချက်တွေ တပေါက်ပေါက် ထိမှန်ခဲ့လို့ ဆာလာဒီးယက် မျက်နှာမှာ သွေးအလိမ်းလိမ်း ဖြစ်ခဲ့ပါတယ်။ တည်ငြိမ်ပြီး အမှားနည်းတဲ့ မွိုင်ဆာဟာ ဆာလာဒီးယက်ကို ညာဖြောင့်လက်သီး၊ ဘယ်ထောက်လက်သီး၊ ဘယ်ဝိုက်လက်သီးတွေ ပစ်သွင်းနိုင်ခဲ့ပါတယ်။

ဆာလာဒီးယက်က ပါဝါကောင်းကောင်းနဲ့ အဝင်၊ အထွက် ထိုးဖို့ ကြိုးစားခဲ့ပေမဲ့ ဗျာများနေသလိုဖြစ်ခဲ့ပြီး မွိုင်ဆာက တည်တည်ငြိမ်ငြိမ်နဲ့ အမှတ်ယူထိုးသတ်နိုင်ခဲ့ပါတယ်။ ဆာလာဒီးယက် လိုက်လာချိန်မှာ မွိုင်ဆာက ဆတ်ခနဲ ဖြတ်တားတဲ့ လက်သီးချက်တွေ၊ ဖြောင့်လက်သီးတွေ၊ လူချင်းပူးချိန်မှာ အရှောင်အတိမ်းကောင်းကောင်းနဲ့ ဝိုက်လက်သီးတွေကို ပညာသားပါပါ အသုံးပြုခဲ့ပါတယ်။

စတုတ္ထအချီမှာ မွိုင်ဆာရဲ့ ညာဖြောင့်လက်သီးချက်နဲ့ ဘယ်ထောက်လက်သီးချက်ကြောင့် ဆာလာဒီးယက် ကွဲခဲ့ပြီး ဆရာဝန် ပြခဲ့ပေမဲ့ ဆရာဝန်က ဆက်ထိုးခွင့် ပေးခဲ့ပါတယ်။ နောက်ဆုံးအချီမှာတော့ သူတပြန်၊ ကိုယ်အပြန် အနေအထားဖြစ်ခဲ့ပါတယ်။ နောက်ဆုံးအချီအပြီး အမှတ်နဲ့ ဆုံးဖြတ်ရာမှာ စိန်ခေါ်သူ မွိုင်ဆာကို ဒိုင်တွေက အနိုင်ပေးခဲ့ပါတယ်။

စောဘဦးကို ဒိုင်ပွဲရပ် အနိုင်ယူပြီး WLC ရဲ့ လိုက်မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် သိမ်းပိုက်ခဲ့တဲ့ အာသာဆာလာဒီးယက်စ်ဟာ ဆာရှာမွိုင်ဆာနဲ့ အတွေ့မှာတော့ ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရပါတယ်။

Photos – TH
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top