အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၁-၇-၂၀၁၉ မှ ၂၇-၇-၂၀၁၉ ရက်နေ့အထိ)

Bay-Din-21to27-july.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၁-၇-၂၀၁၉ မှ ၂၇-၇-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက် ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထူးသဖြင့် အိမ်ဆောက်ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းရောင်းချခြင်းတို့ဖြင့် စီးပွားရေးအဆင်ပြေပါလိမ့်မည်။ အစုစပ်လုပ်ငန်း ကောင်းတတ်သည်။ ကျန်းမာရေးအနေနှင့် မျက်လုံးသတိထားပါ မျက်လုံးရောဂါရတတ်ခြင်း၊ ခွဲစိတ်ရခြင်းများ ဖြစ်တတ်ပြီး ပြင်ပမှ ပစ္စည်းတစ်ခုခု မျက်လုံးကို ထိမိတတ်တယ်ခြင်းများဖြစ်တတ်သည်။ သတိထားပါ။ အချစ်ရေးကတော့ ကံခေနေတတ်ပြီး ကလေးဆန်သောချစ်သူကို ရလိမ့်မည်။ အိမ်ထောင်ရေးတွင် ကံကောင်းပါသည်။ ပညာရေးသမားများအနေနှင့် ဘာသာစကားဆိုင်ရာသင်တန်းများ ပြီးစီးအောင်တက်ပါ။ အစိုးရရုံးဝန်ထမ်းများ ထက်အောက်ဆက်ဆံရေး သတိထားရပါလိမ့်မည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၂၊ ၆ ။ ယတြာ – အုန်းသီးပါသောမုန့်ကို ဆွမ်းကပ်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ စီးပွားရေးလုပ်ငန်းများ ဖရိုဖရဲ ဖြစ်နေပါလိမ့်မည်။ ယခင်တစ်ပတ်က ဖြစ်နေသောကိစ္စများ ဆက်ဖြစ်နေတတ်သည်။ အထူးသဖြင့် ရေလုပ်ငန်းလုပ်ကိုင်နေသူများ၊ စားသောက်ကုန်လုပ်ကိုင်သူများ သတိပြုလုပ်ကိုင်ရမည်။ ကျန်းမာရေးအနေနှင့် ခေါင်းကိုက်ခြင်း၊ ဇက်ကြေတက်ခြင်းဖြစ်တတ်သလို ဦးနှောက်နှင့် သက်ဆိုင်သောရောဂါလည်း ဖြစ်တတ်သည်။ အမျိုးသမီး မီးဟပ် နှင့်ဆိုင်သော ရောဂါတ့ို အထူးသတိထားသင့်သည့်အချိန်ဖြစ်သည်။ အချစ်ရေးအနေနှင့် ကံကောင်းသော ချစ်ခြင်းဖြစ်မည်။ စိတ်ကောက်ဆိုးသောချစ်သူကို ချစ်မိမည်။ အိမ်ထောင်ရေးသမားများ သံသယဖြင့် ရန်ဖြစ်တတ်သည်။ သတိထားပါ။ ပညာရေးအနေနှင့် တွက်စာသတိထားပါ။ နိုင်ငံဝန်ထမ်းများ ကံကောင်းနေပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၂၊ ၄၊ ဝ။ ယတြာ – အိမ်ဘုရားတွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ အမွှေးတိုင်များကို တနင်္လာနေ့မနက်ပိုင်းတွင် ကပ်လှူဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးများ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်းလုပ်ငန်း၊ ကုန်သည်လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းများဖြင့် အောင်မြင်လိမ့်မည်။ ကျန်းမာရေးအနေဖြင့် နှလုံးရောဂါအထူးသတိထားပါ။ အရိုးနှင့် ပတ်သက်ပြီး ဆေးရုံတက်နေရတဲ့သူဖြစ်ပါက အထူးကုသရန်လိုပါသည်။ အချစ်ရေးတွင် ကံကောင်းပြီး ချစ်သူလှလှကို ရပါလိမ့်မည်။ အိမ်ထောင်ရေးအနေနဲ့ကတော့ နှစ်ဘက်မိဘကြောင့် စာကားများနေရတတ်ပြီး ရန်ပေါ်နေတတ်သဖြင့် နှစ်ဘက်မိဘအိမ်တွင် နေထိုင်သောသူများအနေဖြင့် အထူးသတိထားရမည့် အချိန်ဖြစ်သည်။ ပညာရေးအနေနဲ့ စာရင်းနှင့်ပတ်သက်သောသင်တန်းကောင်းပါသည်။ သင်ယူထားသင့်သည့် အခြေအနေပါ။အစိုးရဝန်ထမ်းအနေနဲ့ မိမိတာဝန်ယူထားသည့်လုပ်ငန်းနှင့် ဆိုင်သော အရေးကြီးစာရွက်စာတမ်း ပျောက်တတ်ပါသည်။

အကျိုးပေးဂဏန်း – ၃၊ ၇၊ ဝ။ ယတြာ – ငှက်လွှတ်ပေးပါ။ ကံကောင်းလာပါလိမ့်မည်။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးတွင် အလုပ်သမားပြဿနာရင်ဆိုင်ရပါလိမ့်မည်။ အထည်လုပ်ငန်း၊ စက်ရုံးအလုပ်ရုံလုပ်ငန်းများတွင် သတိထားပါ။ အလုပ်သမားချင်းရန်ပေါ်တတ်ပြီး မိမိလုပ်ငန်းပါထိခိုက်နိုင်ပါသည်။ ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် ရေလုပ်ငန်းများ ကောင်းပါသည်။ ငွေချေးငှားပါက မိတ်ပါပျက်ရတတ်သည်။ ကျန်းမာရေးအနေဖြင့် ကျောက်ကပ်၊ ဆီးနှင့် သွေးတိုးရောဂါများ အထူးသတိထားသင့်သည်။ ချစ်ရေးချစ်ရာတွင် ကံကောင်းနေပါသည်၊ ချစ်သူထံက လက်ဆောင်ရပါလိမ့်မည်။ အိမ်ထောင်ရေးတွင် မိမိကိုနားလည်ပေးသူဖြစ်နေသဖြင့် အထူးအဆင်ပြေမည်။ ယခုရက်ပိုင်းအတွင်း ဘာသာရေးကိစ္စတစ်ခုလုပ်ပေးပါက ကံကောင်းလာပါမည်။ ပညာရေးသမားများ ကံကောင်းပါသည်။ နိုင်ငံဝန်ထမ်းများလည်း ကံကောင်းပါသည်။

ရာဟု – ရာဟုသားသမီးတို့ ကျန်းမာရေးညံ့နေလိမ့်မည်။ အချစ်ရေးတွင် ကံကောင်းပါသည်။ စီးပွားရေးတွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆေးပစ္စည်းလုပ်ငန်းများကို ဦးစားပေးသင့်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးနေရာ ပြောင်းရတတ်ပါတယ်။

အကျိုးပေးဂဏန်း – ၂၊ ၈၊ ဝ။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရွက်လှပန်းများ လှူပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့အတက် စီးပွားရေးအခြေအနေ အနည်းငယ် ကျဆင်းနေလိမ့်မည်။ စားသောက်ကုန်၊ ဆေးနှင့် ဆေးပညာဆိုင်ရာပစ္စည်းများ၊ အနုပညာနှင့်ဆိုင်သောပစ္စည်းများ၊ စာရေးကိရိယာ နှင့်ဆိုင်သောပစ္စည်းရောင်းဝယ်သည့်လုပ်ငန်းများ ကံကောင်းသည်။ စက်ရုံလုပ်ငန်းများလည်း ကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ခြေ၊ လက်တို့ ထုံကျင်ကိုက်ခဲသည့်ဝေဒနာခံစားရလိမ့်မည်။ အထူးသဖြင့် အပူကြောင့်ဖြစ်သောရောဂါရတတ်သည်။ ခွဲစိတ်ကုသခံရမည့်သူများအနေနှင့် သေချာဆောင်ရွက်ပါ။ အချစ်ရေး ကံကောင်းနေပါလိမ့်မည်။ ချစ်သူနှင့် အပျော်ခရီးထွက်ရတတ်သည်။ အိမ်ထောင်သည်များလည်း သာသမီးရတနာထွန်းကားမည့်အချိန်ဖြစ်သည်။ ပညာရေးသမားများ စာကြိုးစားပါ။ ဝန်ထမ်းများ အထက်အောက်ဆက်ဆံရေးကို ကောင်းမွန်အောင်သေချာကြိုးစားပါ။

အကျိုးပေးဂဏန်း – ၅၊ ၆၊ ၉။ ယတြာ – ရဟန်းများကို ဆွမ်းလောင်းပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် အလုပ်သစ်၊ စီးပွားသစ် လုပ်ကိုင်မည်ဆိုပါက ဆက်လက်ကောင်းနေပါသည်။ ယခုအချိန်တွင် စာအုပ်စာပေလုပ်ငန်း၊ အနုပညာနှင့်ဆိုင်သောလုပ်ငန်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ အထူးသဖြင့် အလှကုန်ပစ္စည်းများကို ရောင်း-ဝယ်တင်သွင်းသည့် လုပ်ငန်းများ အထူးကောင်းသည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းညံ့နေမည်။ ငွေကြေးလုပ်ငန်းများလည်း ပြဿနာတက်တတ်သဖြင့် လက်ရှောင်ထားပါ။ ကျန်းမာရေးအနေဖြင့် အစာအိမ်၊ အမျိုးသမီးများ သားအိမ်နှင့်ပတ်သက်ပြီး သတိထားပါ။ အချစ်ရေးတွင် အတော်လေးအညံ့ဘက်ပါနေပြီး ချစ်သူနှင့် လမ်းခွဲရမည့်အခြေအနေအထိ ဖြစ်နေတတ်သည်။ အိမ်ထောင်ရေးတွင်လည်း ကိစ္စတစ်ခုအတွက် သေချာညှိနှိုင်းဆောင်ရွက်သင့်ပါတယ်၊ အမှိုက်ကစ ပြာသာဒ်မီးလောင်သကဲ့သို့ အိမ်ထောင်ရေးကွဲကွာသည်အထိ ဖြစ်တတ်သည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများအနေဖြင့်လည်း အလုပ်အကိုင်ကောင်းပါသည်။

အကျိုးပေးဂဏန်း – ၂၊ ၃၊ ဝ။ ယတြာ – သောကြာနေ့တွင် ဘုရားတွင် ဆီမီး (၁၁) တိုင်ပူဇော်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့ စီးပွားရေးလုပ်ငန်းများ ပြန်ကောင်းလာပါမည်။ ရေလုပ်ငန်း၊ ငါးလုပ်ငန်း၊ ရေခဲစက်နှင့် ရေသန့်လုပ်ငန်းများ ကံကောင်းချိန်ဖြစ်ပါသည်။သင်္ဘောလုပ်ငန်း၊ စက်လှေ၊ မြစ်တွင်းသွားလုပ်ငန်းများ ကောင်းပါသည်။ သတိပြုရမည်မှာ မီးပါသော ကုန်းနှင့်ဆိုင်သည့်လုပ်ငန်းများ ညံ့ပါသည်။ ရွှေနှင့်ပတ်သက်သူများ သတိထားပါ၊ အရှုံးပေါ်တတ်သည်။ ကျန်းမာရေးအနေဖြင့် ခါးနာခြင်းကြောင့် အထူးကုသခံရမည့်အခြေအနေဖြစ်သည်။ သတိပြုပါ။ အချစ်ရေးတွင် အားပေးကူညီတတ်သော ချစ်သူလှလှလေးကိုရမည်။ အိမ်ထောင်ရေး ကံကောင်းပါသည်။ ပညာရေးသမားများ စိတ်မလေရန်သတိပြုပါ။ အစိုးရဝန်ထမ်းများ အထက်လူကြီးကြောင့် အတော်လေးစိတ်ညစ်ရပါမည်။

အကျိုးပေးဂဏန်း – ၂၊ ၇၊ ၉။ ယတြာ – ဘုရား၊ ကျောင်းများတွင် သန့်ရှင်းရေးလုပ်ပေးပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top