ကိုရီးယားအာမီဘေ့စ်စတူး ( Korea Army Base Stew) သို့မဟုတ် ဘူဒဲဂျီဂဲ

1526128447_maxresdefault.jpg

Army Stew ဆိုတာက ကိုရီးယားစွပ်ပြုတ်ကို ကြက်အူချောင်း ၊ စည်သွပ်ပဲ နဲ့ ချိစ် တို့လို အမေရိကန်စတိုင် အစားအစာတွေ ပေါင်းစပ်ပြီး ပြင်ဆင် ချက်ပြုတ်တာကိုခေါ်ပါတယ်။ ဘူဒဲဆိုတာက စစ်တပ်ကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းဖြစ်ပြီး ဂျီဂဲ ဆိုတာကတော့ စွပ်ပြုတ်ကို ဆိုလိုတာပါ။ ဒါကြောင့်မို့ Army Stew ဆိုတဲ့ အခေါ်အဝေါ်လေး ပေါ်ပေါက်လာတာပါ။

၁၉၅၀ အစောပိုင်းတွေက ကိုရီးယားစစ်ပွဲတွေ ငြိမ်းသွားတဲ့အခါ ကိုရီးယားမှာ အစားအစာ အင်မတန်မှ ရှားပါးခဲ့ပါတယ်။ အမေရိကန်စစ်တပ်က ပိုလျှံနေတဲ့ processed meat တွေက ကိုရီးယားတွေအတွက် ဖြည့်စွက် အစားအစာဖြစ်ခဲ့ပါတယ်။

အမေရိကန်စစ်တပ် အခြေစိုက်ရာ ဆိုးလ်မြို့ မြောက်ဘက်ကနေ တစ်နာရီကြာခရီးရှိတဲ့ အွီဂျွန်းဘူ ဒေသမှာ ဒီစွပ်ပြုတ်က နာမည်ကြီးပါ။ ဒီစွပ်ပြုတ်လုပ်စားကြတဲ့ အဓိက အကြောင်းရင်းက ပြင်ဆင်ရတာ အရမ်းလွယ်လို့ပါ။ ပါဝင်ပစ္စည်းတွေကို လှီးဖြတ်ပေးရုံနဲ့ နှစ်သက်ရာအလိုက် ပါဝင်ပစ္စည်း အတိုးအလျော့ လုပ်လို့ရပါတယ်။

ဘူဒဲဂျီဂဲ လေးယောက်စာ ချက်မယ်ဆိုရင် ထည့်ရမယ့် ပါဝင်ပစ္စည်းတွေကို ကြည့်ရအောင်…

ကြက်ပြုတ်ရည် (၄) ခွက်၊ ဝက်သားပြား (၂၀၀) ဂရမ်၊ CP ကြက်အူချောင်း (၁) ထုပ် ၊ CP အသားပြား တစ်ထုပ်၊ ဂျပန် တို့ဟူး (၂) ထုပ်၊ ကိုရီယားကင်ချီ တစ်ထုပ်ချိစ် (၅) ပြား၊ ကြက်ဥ (၂) လုံး၊ ခေါက်ဆွဲခြောက်၊ မုန်ညင်းဖြူ ၊ မုန်ညင်းစိမ်း ၊ ပြောင်းဖူး စသည်ဖြင့် ကြိုက်နှစ်သက်ရာ အသီးအရွက်၊ ကြက်သွန်မြိတ်ကိုရီးယားဟင်း အနှစ် ထမင်းစားဇွန်း (၄) ဇွန်း၊ အပ်မှို
ပြုလုပ်နည်း အဆင့်ဆင့်ကို ပြောပြပါမယ်။

၁။ မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ဝက်သားပြား၊ CP ကြက်အူချောင်း၊ CP အသားပြား၊ ကင်ချီ တွေကို စီပါ။ အပေါ်ကနေ အရွက်တွေ၊ မှိုတွေ၊ ကြက်သွန်မြိတ်၊ တို့ဟူးတွေစီပါ။

၂။ ကိုရီးယား ဟင်းအနှစ်ထည့်ပါ။ ကြက်ပြုတ်ရည် လောင်းပြီး ပွက်ပွက်ဆူတဲ့ အထိ တည်ထားလိုက်ပါ။

၃။ အသားတွေ အားလုံးနူးပြီ ဆိုတော့မှ အပေါ့အငံလေး မြည်း ငံပြာရည်လေး လိုသလောက်ပေါက်ပါ။

၄။ ခေါက်ဆွဲခြောက်လေးထည့် အပေါ်က ချိစ်ပြားလေးတင် ကြက်ဥလေး ဖောက်ထည့်ပါ။ မီးအရှိန်လျှော့လိုက်ပါ။

ဒါဆို အရသာရှိတဲ့ ကိုရီးယား ဘူဒဲဂျီဂဲ (၄) ယောက်စာ ရပါပြီ။

Ref: mykoreankitchen “Budae Jjigae (Army Stew)”
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top