ဂျပန်ဘီလျံနာက လကမ္ဘာခရီးစဉ်မှာ သူနဲ့အတူလိုက်ပါမယ့် ဘဝလက်တွဲဖော် ရှာဖွေနေ

y1-5.jpg

ဂျပန်ဘီလျံနာ မဲဇာဝါက လကမ္ဘာကိုသွားမယ့်ခရီးစဉ်မှာ သူနဲ့အတူလိုက်ပါမယ့် ဘဝလက်တွဲဖော်အမျိုးသမီးတစ်ယောက် ရှာဖွေနေပါတယ်။ အသက်(၄၄)နှစ်ရှိတဲ့ ဖက်ရှင်လုပ်ငန်းပိုင်ရှင် မဲဇာဝါဟာ Space X ကုမ္ပဏီရဲ့ Starship ဒုံးပျံနဲ့အတူ လကမ္ဘာပေါ်ကို ပျံသန်းမယ့် ပထမဆုံး အရပ်သားခရီးသည်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ အဲဒီခရီးစဉ်ဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားတွေရဲ့ ပထမဆုံး လကမ္ဘာခရီးစဉ် ဖြစ်လာမှာပါ။ လကမ္ဘာခရီးစဉ်ရဲ့ အတွေ့အကြုံကို ထူးခြားတဲ့အမျိုးသမီးတစ်ယောက်နဲ့ မျှဝေခံစားချင်တယ်လို့ မဲဇာဝါက ပြောပါတယ်။ သိပ်မကြာသေးခင်က အသက် ၂၇ နှစ်ရှိတဲ့ သရုပ်ဆောင် ဂိုရီကီနဲ့ လမ်းခွဲခဲ့တဲ့ မဲဇာဝါဟာ သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ဘဝလက်တွဲဖော်ရှာဖွေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

”အထီးကျန်ဆန်မှုနဲ့ ပျင်းရိငြီးငွေ့မှု ခံစားချက်တွေက ကျွန်တော့်ကို တဖြည်းဖြည်း ၀ါးမျိုနေတယ်။ အမျိုးသမီးတစ်ယောက်ကို ရိုးမြေကျချစ်သွားဖို့ ကျွန်တော် စဉ်းစားမိတယ်။ ဘဝလက်တွဲဖော် ရှာဖွေချင်ပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်လက်တွဲဖော်နဲ့အတူ ကျွန်တော်တို့ရဲ့အချစ်နဲ့ လွတ်လပ်ပျော်ရွှင်မှုတွေကို အာကာသထဲကနေ ဟစ်ကြွေးချင်တယ်”လို့ မဲဇာဝါက ရေးသားထားပါတယ်။ မဲဇာဝါရဲ့ ဘဝလက်တွဲဖော်အဖြစ် လျှောက်ထားချင်တဲ့ အမျိုးသမီးတွေဟာ အသက် ၂၀ ကျော်လွန်ရမှာဖြစ်ပြီး အိမ်ထောင်မရှိသူ ဖြစ်ရမယ်၊ အမြဲတမ်း အပြုသဘောဆောင်တတ်သူဖြစ်ရပြီး အာကာသထဲသွားဖို့ စိတ်ဝင်စားသူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

လျှောက်လွှာတွေကို ဇန်နဝါရီလ ၁၇ ရက် နောက်ဆုံးထားပေးပို့ရမှာဖြစ်ပြီး မတ်လအကုန်မှာ အပြီးသတ်ရွေးချယ်မှုလုပ်မယ်လို့ ဆိုပါတယ်။ အွန်လိုင်းပေါ်ကနေ အဝတ်အထည်တွေ လက်လီရောင်းချပေးနေတဲ့ Zozo Inc ကုမ္ပဏီကို တည်ထောင်သူ မဲဇာဝါဟာ အမေရိကန်ဒေါ်လာ ၃ ဘီလျံ ချမ်းသာကြွယ်ဝတယ်လို့ ခန့်မှန်းထားပါတယ်။ သူဟာ လူအများ အာရုံစိုက်စရာဖြစ်စေတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ဖူးပါတယ်။ အခုလအစောပိုင်းတုန်းကလည်း တွစ်တာပေါ်က သူ့ရဲ့ရေးသားချက်ကို ဝေမျှသူတွေထဲက အယောက် ၁၀၀ ကို ကျပန်းရွေးချယ်ပြီး ယန်းငွေ သန်း ၁၀၀(အမေရိကန်ဒေါ်လာ ၉၂၅၀၀၀)ပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ မဲဇာဝါဟာ သူ့ရဲ့လကမ္ဘာခရီးစဉ်မှာ အနုပညာရှင်အဖွဲ့ကိုလည်း ခေါ်ဆောင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top