ကမ္ဘာ့ပထမဆုံး ရေပေါ် လေရဟတ် ဓာတ်အားပေးစက်ရုံ

97052770_mediaitem97052769.jpg

ယူနိုက်တက်ကင်းဒမ်း (United Kingdom) မြောက်ဘက်ဆုံးနိုင်ငံဖြစ်တဲ့ စကော့တလန်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ရေပေါ် လေရဟတ် ဓာတ်အားပေးစက်ရုံကို  တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ထူးထူးခြားခြား နည်းပညာဖြစ်တဲ့ ဒီနည်းပညာအရ ရေပေါ်မှာ တည်ဆောက်ထားခြင်းဖြင့် လေစွမ်းအား ပိုမိုရရှိစေမှာဖြစ်ပြီး အိမ်ပေါင်း  ၂၀,၀၀၀ ကျော်ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မှာဖြစ်တယ် လို့သိရပါတယ်။

ဒီ လေရဟတ်ဓာတ်အားပေးစက်ရုံကို ဟိုင်းဝင်းဒ် (Hywind) လို့ အမည်ပေးထားပြီး Hywind  ဓာတ်အားပေးစက်ရုံမှ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားဟာ လက်ရှိအသုံးပြုနေတဲ့ လေစွမ်းအားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ရတဲ့ လျှပ်စစ်ဓာတ်အားထက် ပိုမိုထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီလိုရေပေါ် ဓာတ်အားပေးစက်ရုံများကို ရေနက်ဒေသများမှာ ဆက်လက်တည်ဆောက်သွားဖို့ စီစဉ်နေပြီး သမာရိုးကျ လေအားသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများထက် ဈေးပိုမိုသက်သာမှာ ဖြစ်ပါတယ်။

ယခုတည်ဆောက်ထားတဲ့ ရေပေါ် လေရဟတ် ဓာတ်အားပေးတာဝါတိုင်ရဲ့ အမြင့်ဟာ ၁၇၅ မီတာ (၅၇၄ ပေ) အထိရှိပြီး တာဘိုင်တစ်ခုချင်းစီရဲ့ အလေးချိန်ဟာ ၁၁,၅၀၀ တန်ရှိပါတယ်။ ပန်ကာများနောက်က ပန်ကာအုံဟာဆိုရင် နှစ်ထပ်ဘတ်စကား ၂ စီးလောက် ထည့်ထားနိုင်တဲ့အထိ ကြီးမားပါတယ်။ ပန်ကာများရဲ့အရှည်ဟာ ၇၅ မီတာ (၂၄၆ ပေ) အထိရှိပါတယ်။ တာဝါတိုင်ကို မတ်မတ်ထောင်နေစေရန်အတွက် ရေအောက်မှာ ၇၅ မီတာ နက်တဲ့ ကိုယ်ထည်တစ်ခုကို သံများနဲ့ ဖြည့်ပြီး ထိန်းထားပါတယ်။ ရေပေါ် လေရဟတ်ဓာတ်အားပေးစက်ရုံများရဲ့ တန်ကြေးဟာ ပေါင် သန်း ၁၉၀ ရှိပြီး အစိုးရ ထောက်ပံ့ကြေးနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

သို့ပေမဲ့ ယခုလို ကမ်းလွန် လေရဟတ်ဓာတ်အားပေးစက်ရုံများကြောင့် ပင်လယ်ငှက်များစွာ သေဆုံးမယ့် အရေးကို ပူပန်နေသူများရှိကြပြီး ပင်လယ်ငှက်များ ကျက်စားရာ နေရာများတစ်ဝိုက်မှာ မတည်ဆောက်ဖို့ ကန့်ကွက်ထားကြပါတယ်။ ယခုလို ရေပေါ် လေရဟတ် ဓာတ်အားပေးစက်ရုံများဟာ စွမ်းအင်ထုတ်လုပ်ခြင်းအတွက် နည်းပညာသစ်တစ်ခု ဖြစ်လာနိုင်ပြီး အစိုးရများကတော့ ရာသီဥတုပြောင်းလဲလာခြင်း ပြဿနာကို ကိုင်တွယ်ရန်အတွက် သန့်ရှင်းစွမ်းအင်များကို ထုတ်လုပ်ရန် နည်းပညာသစ်များကို ဆက်လက်တီထွင်သွားမှာ ဖြစ်တယ် လို့သိရပါတယ်။

Ref : BBC News : World’s first floating wind farm emerges off coast of Scotland

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top