ရေခဲခြောက်အသုံးပြုပြီး ကြွက်များကို နှိမ်နင်းမည်

Dry_Ice_in_Water.jpg

ကြွက်ကောင်ရေ များပြားနေတဲ့ မြို့များမှာတော့ ကြွက်များကို နှိမ်နင်းရန်အတွက် နည်းစနစ်သစ်ဖြစ်တဲ့ ရေခဲခြောက် (ကာဗွန်ဒိုင်အောက်ဆိုက် အခဲ) ကို အသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။ ကြွက်ကောင်ရေ များပြားမှုကြောင့် တစ်နှစ်တစ်နှစ်ကို တိုင်ကြားစာများစွာ လက်ခံရရှိနေတဲ့ နယူးယောက်မြို့ဟာ ရေခဲခြောက်ကို ကြွက်တွင်းများထဲချကာ ကြွက်များ အသက်ရှုကြပ်ပြီး သေဆုံးသွားစေရန် အစီအစဉ်တစ်ခုကို လုပ်ဆောင်လျက်ရှိနေပါတယ်။ Bell Laboratories က ထုတ်လုပ်တဲ့ ရေခဲခြောက်ကို အသုံးပြုရာမှာ ပထမဆုံး ကြွက်တွင်းထဲထားရမှာ ဖြစ်ပါတယ်။ ရေခဲခြောက်က အငွေ့ပျံသွားတဲ့အခါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထွက်လာမှာ ဖြစ်ပြီး ကြွက်တွင်းထဲရှိ ကြွက်များ အသက်ရူကြပ်ကာ သေဆုံးသွားကြမှာ ဖြစ်ပါတယ်။

အမျိုးသား ပိုးမွှားအန္တရာယ် ထိန်းချုပ်ရေးအဖွဲ့မှ ပိုးမွှားဗေဒပညာရှင်ဖြစ်တဲ့ ဂျင်ဖရက်ဒရစ် (Jim Fredericks) ကတော့ ရေခဲခြောက်ဟာ ကြွက်ကောင်ရေ ထိန်းချုပ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာလိမ့်မယ် လို့ဆိုပါတယ်။

ကြွက် နှိမ်နင်းရန်အတွက် ရေခဲခြောက်ကို အသုံးပြုမယ့် အစီအစဉ်ဟာ နယူးယောက်မြို့တော်ဝန် ဘီလ် ဒဲလ်ဘလာစီရို (Mayor Bill de Blasio’s) ရဲ့ မြို့တော် ကြွက်ကောင်ရေ လျှော့ချရန် ဒေါ်လာ ၃၂ သန်းအသုံးပြုမယ်လို့ ကြေညာချက် မတိုင်ခင်ကတည်းက ရှိပြီးသားဖြစ်ပါတယ်။ ဘလာစီရိုဟာ နည်းပညာမြင့်အမှိုက်ပုံးများ အသုံးပြုပြီး နယူးယောက်မြို့ ကြွက်ကောင်ရေကို ရ၀ % အထိ လျှော့ချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

နယူးယောက်မြို့ဟာ ကြွက်ကောင်ရေ များပြားမှုကြောင့် နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကလည်း ကြွက် မြင်လိုက်ကြောင်း သတင်းပို့မှု ၁၇၂၀၀ မှု၊ ကြွက်ကောင်ရေနဲ့ ပတ်သတ်ပြီး တိုင်ကြားမှုပေါင်း ၁သောင်းကျော် လက်ခံရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရေခဲခြောက်ကို နယူးယောက် ပြည်နယ်မှာ အသုံးပြုဖို့ ခွင့်ပြုချက်ချပေးထားပြီး တခြားပြည်နယ်တွေမှာတော့ ရေခဲခြောက်ကို ကြွက်သတ်ပစ္စည်းအဖြစ် ခွင့်ပြုပေးထားခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ရေခဲခြောက်ဟာ ကြွက်သတ်ဆေးများထက် အန္တရာယ်ကင်းတဲ့အတွက် အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းများက အသုံးပြုဖို့ အားသန်နေပြီး တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်းများကတော့ ရေခဲခြောက်အစား မသေစေနိုင်တဲ့ ကာကွယ်ရေးပစ္စည်းများကို အသုံးပြုသင့်တယ် လို့ဆိုပါတယ်။ တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းများဟာ ကြွက်ကောင်ရေ တိုးပွားလာခြင်းကို ကာကွယ်ရန် နည်းပညာမြင့် အမှိုက်ပုံးများကို အသုံးပြုဖို့ တိုက်တွန်းနေပြီး ဒီအမှိုက်ပုံးများဟာ အမှိုက်ပြည့်သွားတာနဲ့ မြို့တော်စည်ပင်ကို ချက်ခြင်း အမှိုက်သိမ်းဖို့ အချက်ပြနိုင်သလို ကြွက်နဲ့ အခြား အင်းဆက်သတ္တဝါများ အနားကပ်လာရင် ယင်းတို့ မနှစ်မြို့တဲ့ ကြိမ်နှုန်းမြင့် (high frequency) အသံများကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

Ref : NBC News : Dry Ice Is Latest Weapon in Fight Against Rats in Major Cities

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top