လောင်ကျွမ်းနေတဲ့ တောမီးအန္တရာယ်ကနေ သိုးအုပ်ကြီးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေး

yyl-026-1.jpg

သြစတြေးလျနိုင်ငံမှာ တောမီးက ဆက်လက်လောင်ကျွမ်းလို့နေပါတယ်။ စက်တင်ဘာလကစပြီး တောမီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန် သန်း (၅၀၀) ကျော် သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေက အတူတူပူပေါင်းပြီး မီးငြိမ်းသတ်မှုတွေပြုလုပ်ပေးနေကြသလို တိရစ္ဆာန်တွေကိုလည်း ကယ်တင်ပေးနေကြပါတယ်။

ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက အဖွဲ့အစည်းတွေ၊ လူတွေကလည်း သြစတြေးလျတောမီးလောင်မှုအတွက် ငွေလှူဒါန်းမှုတွေနဲ့ ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ တချို့တိရစ္ဆာန်တွေကလည်း တောမီးအန္တရာယ်ကနေ သူတို့ရဲ့အပေါင်းအဖော် တိရစ္ဆာန်တွေကို ကယ်တင်ပေးနေပါတယ်။ ဟီးရိုးဆိုတဲ့စကားလုံးက လူတွေအတွက်တင်မဟုတ်ဘဲ တိရစ္ဆာန်တွေအတွက်လည်း ဖြစ်တယ်ဆိုတဲ့ ဒီအကြောင်းအရာလေးက အသိပေးနေတာဖြစ်ပါတယ်။

အရင်တစ်ခါကလည်း ဘဲယား (Bear) ဆိုတဲ့ခွေးလေးက ကိုအာလာဝက်ဝံတွေကို ရှာဖွေကယ်တင်ပေးခဲ့ဖူးပါတယ်။ အခုတခေါက်မှာလည်း အသက် (၆) နှစ်အရွယ် ပတ်ဆီ (Patsy) ဆိုတဲ့ခွေးလေးဟာ သိုးအုပ်ကို ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ဝိတိုရိယ ပြည်နယ်ရဲ့ Corryong မြို့ငယ်လေးက ခွေးပိုင်ရှင်ရဲ့လယ်ကွင်းအနီးနားမှာ တောမီးလောင်ကျွမ်းနေတာကို စာဖတ်ပရိသတ်တွေက ပုံထဲမှာ မြင်တွေ့ရနိုင်ပါတယ်။

ခွေးလေးပတ်ဆီက သိုးအုပ်ကြီးကို ဘယ်လိုကယ်တင်ခဲ့လဲဆိုရင် သူဟာ သိုးတွေကို စုရုံးလာအောင်လုပ်ခဲ့ပြီး တောမီးနဲ့ လွတ်ကင်းတဲ့နေရာကို ခေါ်ဆောင်လာခဲ့တာပါ။ အဲဒီအချိန်မှာ သူ့သခင်က ရေတိုင်ကီပါတဲ့ထွန်စက်နဲ့ တောမီးကို ငြိမ်းသတ်ပေးနေတာပါ။ ပတ်ဆီနဲ့ သူ့သခင်တို့က သိုးတွေအားလုံးကို တောမီးအန္တရာယ်ကနေ ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ သူတို့က သိုးတွေကိုတင် ကယ်တင်နိုင်ခဲ့တာမဟုတ်ပါဘူး။ လယ်တဲတွေ၊ မြက်ခြောက်တွေ၊ သိုလောင်ရုံတွေကိုလည်း မီးလောင်ကျွမ်းအန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

မကြာသေးခင်ကမှ Corryong မြို့ငယ်တစ်ဝိုက်က တောမီးဟာ ရာသီဥတုအခြေအနေကြောင့် မီးလောင်ကျွမ်းမှုအရှိန်လျော့သွားခဲ့ပါတယ်။ ဒါပေမဲ့ အခုအပတ်မှာတော့ ရာသီဥတုပူလာပြီး လေပြင်းထန်ခဲ့တဲ့အတွက် မီးတောက်တွေပြန့်နှံ့လာမှာဖြစ်ပြီး မီးလောင်ကျွမ်းမှုက ပိုဆိုးရွားလာနိုင်ပါတယ်။

Ref: Dog Saves Flock Of Sheep From Australia’s Raging Bushfires

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top