မြို့ကျော်၊ နယ်ကျော် အလှူခံတာတွေကို ခွင့်မပြုထားဘူးလို့ ဝန်ကြီးဆို

yyl-024-6.jpg

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၉ ခုနှစ်အတွင်း အလှူခံခွင့်ပြုမိန့် ၁၂ ခုကိုသာ ခွင့်ပြုထားပေမယ့် မြို့ကျော်၊ နယ်ကျော် လှည့်လည်အလှူခံခွင့်ကို ခွင့်ပြုပေးထားတာမရှိဘူးလို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြား လိုက်ပါတယ်။

အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ရဲ့ မြို့ကျော်၊ နယ်ကျော် လှည့်လည်အလှူခံနေကြသူတွေနဲ့ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းအပေါ်ကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဝေဖြိုးဟန်နှင့် ဦးနိုင်ငံလင်း

”အမှန်တကယ် အခက်အခဲဖြစ်လို့ အလှူလာခံတာကို ကုသိုလ်စိတ်နဲ့ ကြည့်မြင်ပေးနိုင်ပေမယ့် လှူချင် တန်းချင်စိတ်ပေါက်လောက်တဲ့ သွင်ပြင်လက္ခဏာမရှိဘဲ အေးဓားပြတိုက်သလို အကုသိုလ်ဖြစ်ဖွယ်တွေကို တွေ့မြင်နေရပါတယ်”လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။

တချို့အလှူခံပုဂ္ဂိုလ်တွေက မိမိတို့မြို့နယ်၊ ရပ်ကွက်အတွင်းကမဟုတ်ဘဲ မြို့ကျော်၊ နယ်ကျော် အလှူ လာခံကြတာကို တွေ့နေရသလို လူစည်ကားရာနေရာတွေ၊ လမ်းဆုံလမ်းခွတွေ၊ မီးပွိုင့်တွေမှာ သွားရောက် လှည့်လည် အလှူခံနေတာတွေလည်း ရှိနေပါတယ်။

ဦးနိုင်ငံလင်း

ဒါနဲ့ပတ်သက်ပြီး ဝန်ကြီး ဦးနိုင်ငံလင်းက ”မြို့ကျော်၊ နယ်ကျော်တွေကို ခွင့်မပြုထားပါဘူး။ မြို့ကျော်၊ နယ်ကျော်မဟုတ်တဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့အလှူခံကိစ္စတွေကို သက်ဆိုင်ရာကျောင်းတိုက်ဆရာတော်ရဲ့ လျှောက်ထားမှုအရ သတ်မှတ်ချက်နဲ့အညီ ခွင့်ပြုပေးလျက်ရှိပါတယ်”လို့ ပြောပါတယ်။

ဒီလိုခွင့်ပြုရာမှာ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်တာတွေ ရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက်နေသလို ခွင့်ပြုချက်မရှိတဲ့ အလှူခံသူတွေကိုလည်း အရေးယူဆောင်ရွက်နေပါတယ်။ ခွင့်ပြုထားတဲ့ အလှူခံတွေ အတင်း အကျပ်အလှူခံရင်လည်း ခွင့်ပြုချက်ပြန်လည်ရုပ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ခွင့်ပြုထားတဲ့ အလှူခံခွင့်ပြုမိန့် ၁၂ ခုအနက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ ခုနဲ့ ဘုန်းတော်ကြီးကျောင်းများတည်ဆောက်ရေးနဲ့ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စအတွက် ၄ ခု ဖြစ်တယ်လို့ သိရပါတယ်။

Photo – Yangon Hluttaw, Yangon Region Government
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top