အာဟာရဓာတ်စုပ်ယူမှုအားကောင်းစေဖို့ တွဲဖက်စားသုံးသင့်တဲ့အစားအစာများ

yyl-055-1.jpg

ကျွန်တော်တို့တွေမှာ အစားအစာတွေကို မှားယွင်းစွာတွဲစားတတ်တဲ့ အလေ့အထတချို့ရှိကြပါတယ်။ တချို့လူတွေက မြေပဲထောပတ်ကို ယိုနဲ့ စားရတာကြိုက်သလို တချို့ကတော့ အားလူးချောင်းကြော်ကို ချိစ်နဲ့ တွဲစားရတာကို ပိုကြိုက်ကြပါတယ်။ အစားအစာတွေကို တွဲဖက်ရောနှောစားလိုက်ရင် အရသာအနေနဲ့ဆိုရင် စိတ်ကျေနပ်စေနိုင်ပေမဲ့ အာဟာရဓာတ်အနေနဲ့ဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်က သိပ်ပြီးမစုပ်ယူနိုင်ကြပါဘူး။ အာဟာရစုပ်ယူမှု အားကောင်းချင်ရင် အစားအစာတွေကို တွဲဖက်စားတဲ့နေရာမှာ မှန်ကန်စွာရွေးချယ်စားဖို့ အရေးကြီးပါတယ်။ အာဟာရဓာတ်လုံလုံလောက်လောက်ရဖို့က ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်အတွက်ကော ကျန်းမာကြံ့ခိုင်စွာ နေထိုင်နိုင်ဖို့အတွက်ပါ အရေးပါလှပါတယ်။ အာဟာရဓာတ်စုပ်ယူမှု အားကောင်းစေတဲ့ တွဲဖက်စားသင့်တဲ့ အစားအစာတွေကို ဒီဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ရပါတယ်။

ဗီတာမင်စီ နဲ့ သံဓာတ် ကြွယ်ဝတဲ့အစားအစာ

သံဓာတ်ကို ဟင်းသီးဟင်းရွက်ကို အခြေခံတဲ့ အစားအစာတွေကနေ စုပ်ယူဖို့ဆိုရင် အဲဒါနဲ့အတူ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာကို စားသင့်ပါတယ်။ ဗီတာမင်စီက ကျွန်တော်တို့ခန္ဓာကိုယ်ကနေ သံဓာတ်ကို အလွယ်တကူစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဒါကြောင့် သံဓာတ်အားနည်းတဲ့ သူတွေဆိုရင် သံပုရာရည်နဲ့ ဒေါက်ခွရွက်တို့ကို တွဲဖက်စားသုံးနိုင်ပါတယ်။

ကယ်စီယမ် နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့အစားအစာ

ဒီတစ်ခုကတော့ အတော်တော်လေးလူသိများပြီး ဆရာဝန်တွေကတောင် ကယ်စီယမ်နဲ့ ဗီတာမင်ဒီဆေးတွေကို အတူတူသောက်ဖို့ ညွှန်းကြပါတယ်။ ဒီအာဟာရဓာတ်နှစ်မျိုးကို ပေါင်းစပ်လိုက်ခြင်းက သင့်အရိုးကို ကျန်းမာသန်စွမ်းအောင် ကူညီပေးပါတယ်။ ကယ်စီယမ်ဓာတ်ကို စုပ်ယူဖို့ဆိုရင် ဗီတာမင်ဒီနဲ့ ကယ်စီယမ်တို့ကို တွဲသောက်သုံးဖို့လိုပါတယ်။ ဗီတာမင်ဒီကို ရရှိနိုင်မယ့်အဓိက အရင်းအမြစ်ကတော့ နေရောင်ခြည်ဖြစ်ပေမဲ့လည်း ချိစ်၊ ကြက်ဥအနှစ်တို့လို အခြားအစားအစာတွေကလည်း ဗီတာမင်ဓာတ် ပမာဏပါဝင်ပါတယ်။ ကယ်စီယမ်ဓာတ်ကတော့ နွားနို့၊ တိုဖူး၊ ပန်ဂေါ်ဖီစိမ်းတို့လိုအစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာကြံ့ခိုင်စွာ နေနိုင်ဖို့အတွက် ဒီအာဟာရဓာတ်နှစ်မျိုးကို တွဲဖက်စားသုံးလို့ရပါတယ်။

ခရမ်းချဉ်သီးနဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီအနှစ်

ခရမ်းချဉ်သီးက ရောဂါတိုက်ဖျက်နိုင်တဲ့ အန်တီအောက်စီဒန့်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးကနေ အာဟာရဓာတ်အများဆုံး စုပ်ယူနိုင်ဖို့အတွက် သံလွင်ဆီလို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီအနှစ်တွေနဲ့ ချက်ပြုတ်သင့်ပါတယ်။

နနွင်းနဲ့ ငရုတ်ကောင်း

နနွင်းက ဘယ်ဟင်းလျာမှာမဆို တွေ့ရတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါပဲ။ နနွင်းမှာ အစွမ်းထက်ဂုဏ်သတ္တိတွေ ပါဝင်ပြီး အဆစ်အမြစ်နာကျင်ခြင်း လက္ခဏာရပ်တွေကို ပြေလျော့စေသလို ကျောက်ကပ်အတွက်တောင် အကျိုးရှိပါတယ်။ ဒါပေမဲ့ ဒီဟင်းခတ်အမွေးအကြိုင်ကို ငရုတ်ကောင်းနဲ့ တွဲပြီးစားသုံးတဲ့အခါမှာ လိုအပ်တဲ့အာဟာရဓာတ်တွေကို စုပ်ယူနိုင်ပြီး ကျွန်တော်တို့ ကျန်းမာရေးအတွက် ကောင်းပါတယ်။

ဘယ်ရီသီးတွေနဲ့ မုယောစပါး

ဘယ်ရီသီးတွေက အမျှင်ဓာတ်ပါဝင်ပြီး မုယောစပါးတွေက သံဓာတ်နဲ့ ဗီတာမင်ဘီဓာတ်တွေ ပါဝင်တာကြောင့် အတူတူရောစားလို့ရပါတယ်။ ဘယ်ရီသီးက အာဟာရဓာတ်ကို စုပ်ယူတဲ့နေရာမှာ ကူညီပေးသလို အစာချေဖျက်ပေးနိုင်ပါတယ်။

Ref: Food Items You Should Pair Together To Boost Your Nutrient Absorption

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top