ဧဝရက်တောင်မှာ ရေခဲပြင် အရည်ပျော်လို့ မြုပ်နေတဲ့ ရုပ်အလောင်းတွေ ပေါ်လာ

in4-3.jpg

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်မှာ ရေခဲပြင်အရည်ပျော်လာလို့ တောင်ပေါ်မှာ သေဆုံးခဲ့တဲ့ တောင်တက်သမားတွေရဲ့ ရုပ်အလောင်းတွေ ပေါ်လာတယ်လို့ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူတွေက ပြောပါတယ်။ ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်ဖို့ ပထမဆုံး ကြိုးစားခဲ့ပြီးနောက်ပိုင်း ဧဝရက်တောင်ထိပ်မှာ တောင်တက်သမား ၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်အလောင်း (၃) ပုံ၊ (၂) ပုံကတော့ ရေခဲနဲ့ ဆီးနှင်းအောက် ဖုံးလွှမ်းခံနေရပါတယ်။

နွေဦးကာလ တောင်တက်ရာသီဖြစ်လို့ တရုတ်နိုင်ငံဘက်ခြမ်းက ဧဝရက်တောင် မြောက်ပိုင်းမှာတော့ ရုပ်အလောင်းတွေ ဖယ်ရှားနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း သေဆုံးခဲ့တဲ့ တောင်တက်သမားတွေရဲ့ အလောင်းတွေကို ဖယ်ရှားခဲ့ပေမဲ့ ဟိုးအရင်ကတည်းက နစ်မြုပ်နေတဲ့ ရုပ်အလောင်းတွေ ပြန်ပေါ်လာတာလို့ နီပေါနိုင်ငံ တောင်တက်အစည်းအရုံးဥက္ကဋ္ဌဟောင်း အန်းတာရင်က ပြောပါတယ်။

ရုပ်အလောင်း အများဆုံး ပြန်ပေါ်တဲ့နေရာကတော့ ခမ်ဘူရေခဲချောက်မှာ ဖြစ်ပါတယ်။ ရုပ်အလောင်းတွေ ပြန်ပေါ်လာတာ ကမ္ဘာ့ရာသီဥတု ပူနွေးပြီး ရေခဲပြင်အရည်ပျော်တာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ခမ်ဘူရေခဲချောက်က ရေခဲပြင်လှုပ်ရှားမှုကြောင့်လည်း ပါပါတယ်။ ဟိမဝန္တာတောင်တန်းရဲ့ နေရာအများစုလိုပဲ ဧဝရက်တောင်မှာလည်း ရေခဲပြင်တွေ အရည်ပျော်တာ မြန်လာပြီး ရေခဲပြင်တွေ ပါးလျလာတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။

ဧဝရက်တောင်ရဲ့ ရေခဲပြင်တွေဟာ ထင်ထားတာထက် ပိုပူနွေးပြီး အနိမ့်ဆုံးအပူချိန်က အနုတ် ၃.၃ ဒီဂရီဆဲလ်စီးယက်ပဲ ရှိပါတယ်။ ဧဝရက်တောင်ရဲ့ အမြင့်ပေများတဲ့စခန်းတွေမှာ ရုပ်အလောင်းတွေ ရှာဖွေဖယ်ရှားဖို့ဆိုရင် အမေရိကန်ဒေါ်လာ ၄၀၀၀၀ ကနေ ၈၀၀၀၀ လောက်အထိ ကုန်ကျမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ဧဝရက်တောင်ထိပ်ကို တက်ရောက်ခဲ့တဲ့ တောင်တက်သမား ၄၈၀၀ ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top