ဘန်ကောက်မြို့တွင်ယှဉ်ပြိုင်မည့်ပြိုင်ပွဲ၌ အကောင်းဆုံးလက်ရည်ကိုပြသမည့် Janet Todd

jt_Webpage_16fdeea4-d72d-4e67-b09f-bff80780a340_large_2x.jpg

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်းကျင်းပခဲ့သည့် ONE Championship ပြိုင်ပွဲတွင် Janet “JT” Todd က ၎င်းသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ကိုယ်ခံပညာအားကစားသမားများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း အားကစားပရိသတ်များကို ပြသခဲ့သည်။

လာမည့်သောကြာနေ့၊ မေလ ၁၀ ရက်နေ့၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပမည့် ONE: WARRIORS OF LIGHT ပြိုင်ပွဲတွင် ONE Super Series ပွဲစဉ်အဖြစ် တစ်ကျော့ပြန်ယှဉ်ပြိုင်ဦးမည့် Janet “JT” Todd သည် ၎င်း၏ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသနိုင်ရန် မျှော်မှန်းထားသည်။

IFMA Pan-American မွေထိုင်းချန်ပီယံ Janet သည် ဘန်ကောက် Impact Arena အားကစားရုံ၌ အမျိုးသမီး အက်တမ်ဝိတ်တန်း Kick Boxing ပြိုင်ပွဲတွင် အသက် (၁၈) နှစ်အရွယ် အတွေ့အကြုံနုနယ်သေးသော Wang Chin Long နှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းက နိုင်ငံတကာအတွေ့အကြုံပိုသာသောကြောင့် အသာစီးရလိမ့်မည်ဟု မျှော်မှန်းထားသည်။

ဂျပန်-အမေရိကန်လူမျိုး အားကစားသမား Janet သည် ONE Championship အမျိုးသမီးမွေထိုင်း ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအားကစားသမား Stamp Fairtex နှင့် ပွဲဦးထွက် အကြိတ်အနယ်ထိုးသတ်ခဲ့ရသည်။

သို့သော်လည်း ထိုင်းနိုင်ငံ့ဂုဏ်ဆောင် အားကစားသမားနှင့် ငါးချီရင်ဆိုင်ယှဉ်ပြိုင်မှုအပြီးတွင် ကမ္ဘာ့ထိပ်တန်း အဆင့်မီအားကစားသမားဖြစ်ကြောင်း ကိုယ်တိုင်သိမြင်သွားခဲ့သော Janet သည် ONE Championship ၏ကြိုးဝိုင်းအရသာကိုခံစားမိသွားပြီး အောင်ပွဲကိုပိုမို ဆာလောင်သူတစ်ဦးဖြစ်လာခဲ့သည်။

“ ကျွန်မစွမ်းဆောင်နိုင်ခဲ့တဲ့အပေါ်မှာ ကျေနပ်ပျော်ရွှင်မှုဖြစ်မိတယ်” ဟု Janet က ဆိုသည်။

“ကျွန်မကောင်းကောင်းကစားနိုင်တဲ့အခိုက်အတန့်တွေရှိပေမဲ့ ပြိုင်ပွဲတစ်ခုလုံးအနေနဲ့ သုံးသပ်ရင် အားနည်းချက်တွေရှိနေတုန်းပါပဲ။ အထူးသဖြင့် လက်အိတ်အသေးနဲ့ကစားတဲ့နေရာမှာပေါ့။ မြင်သာတဲ့အချက်ကတော့ အဲဒီအားနည်းချက်တွေကို ကျွန်မပြင်ဆင်ဖို့ စတင်ကြိုးစားနေတယ်ဆိုတာပါပဲ။ နောက်တစ်ကြိမ်ယှဉ်ပြိုင်မှုမှာ အရင်ကထက်ပိုပြီး လက်ရည်ကောင်းမှာသေချာပါတယ်”

Janet အနေဖြင့် ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့အစည်းအတွင်းသို့ ရုတ်ချည်းဝင်ရောက်ခဲ့ခြင်းသည် ယခင်က ကိုယ်ခံပညာအားကစားသမားတဦးအဖြစ် ယှဉ်ပြိုင်ခဲ့ခြင်းများနှင့် များစွာခြားနားနေသည်။ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပြိုင်ပွဲသုံး လက်အိတ်ဖြင့် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရခြင်းဖြစ်သည့်အပြင် ပြိုင်ဘက်မှာလည်း ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်နေခဲ့ပြန်သည်။

သို့သော်လည်း အသာစီးရပုံပေါ်နေသည့် ပြိုင်ဘက်အားယှဉ်ပြိုင်ရာတွင် Janet သည် ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံး အားထုတ်ယှဉ်ပြိုင်ထိုးသတ်သွားခဲ့သည်။ နောက်ဆုံးရလဒ်မည်သို့ပင်ဖြစ်စေ ကယ်လီဖိုးနီးယားပြည်နယ်မှ အသက် (၃၃) နှစ်အရွယ် Janet သည် အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းအပေါ် ပျော်ရွှင်ကျေနပ်မှုခံစားခဲ့ရသည်။

“ပွဲစပြီဆိုတာနဲ့ သူတိုက်ခိုက်လာမယ့်ပုံစံကို ကြိုမျှော်မှန်းထားခဲ့မိတာကြောင့် ကျွန်မမျက်နှာကို ထိမှန်တဲ့ ညာလက်သီးချက်တွေ အများကြီးပစ်သွင်းလာချိန်မှာ ကျွန်မဇဝေဇဝါတွေ ဖြစ်သွားခဲ့ရတယ်” Janet က ရယ်မောပြောဆိုသည်။

“ကိုယ်ခံပညာသိုင်းပေါင်းစုံလက်အိတ်နဲ့ အထိုးခံရတာ အတော်ကြီးကွဲပြားခြားနားမှုရှိတယ်။ ထိလိုက်တိုင်းလည်း ခံရတာကမတူဘူးလေ။ ဒါပေမယ့် ကျွန်မသဘောကျပါတယ်။ အဲဒီလက်အိတ်တွေနဲ့ပဲ မွေထိုင်းပြိုင်ပွဲတစ်ပွဲထပ်ထိုးရဖို့ ကျွန်မမျှော်လင့်နေမိပါတယ်”

“ အရင်က အခုလိုပွဲမျိုး မကြုံခဲ့ဖူးဘူးလေ။ ပရိတ်သတ်တွေအများကြီးကို ရုံထဲမှာတွေ့ရတာ အတော်ကြီးထူးခြားတာပဲ။ သိပ်ကို အားတက်စရာဖြစ်တယ်”

“ ဒါကြောင့်လည်း ကျွန်မ အလဲထိုးမခံခဲ့ရတာထင်တယ်။ ပြိုင်ပွဲကိုရှုံးနိမ့်ခဲ့ရပြီးနောက်မှာ ကျွန်မစိတ်ဓာတ်ကျတတ်တယ်။ ဒါပေမဲ့ အခုပွဲမှာတော့ ယှဉ်ပြိုင်ခဲ့ရတဲ့အခိုက်အတန့်တိုင်းကို ကျွန်မ သဘောကျနေမိတယ်။ အဲဒီခံစားချက်ကြောင့် ပြိုင်ပွဲက ပိုပြီးကောင်း မွန်ထိုက်တန်မှုဖြစ်လာခဲ့တယ်လို့ ကျွန်မခံစားရတယ်။ ပွဲကိုရှုံးခဲ့တာတောင်မှပေါ့”

Janet သည် ONE Elite Retreat ပွဲသို့သွားရောက်ခဲ့ပြီး ၎င်း၏စံပြပုဂ္ဂိုလ်များဖြစ်သည့် Giorgio “The Doctor” Petrosyan နှင့် Nieky “The Natural” Holzken တို့အား တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ပြီးနောက် နောက်ထပ်ပြိုင်ပွဲအတွက် လွန်စွာစိတ်လှုပ်ရှားနေခဲ့သည်။

Janet သည် ဒုတိယမြောက်ပွဲစဉ်တွင် ပထမဆုံးသော ONE Championship ပြိုင်ပွဲဆင်နွှဲမည့် ဆယ်ကျော်သက်တရုတ်အားကစားသမား Wang နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သို့သော် Wang သည် WAKO (၅၂) ကီလိုချန်ပီယံဖြစ်ပြီး အံ့အားသင့်လောက်ဖွယ်ရာ စွမ်းရည်ရှိသူတစ်ဦးဖြစ်သည်။

ပြိုင်ဘက်အကြောင်း သတင်းထောက်လှမ်းမှုတချို့ Janet ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ကြိုးဝိုင်းအတွင်းယှဉ်ပြိုင်ရမည့်အပေါ် အလေးပေးပြီး အချိန်အများကြီးမဖြုန်းလိုကြောင်း သူကပြောသည်။

“ရိုးရိုးသားသားပြောရရင် ပြိုင်ဘက်အကြောင်းသိပ်မသိရင် ကျွန်မက ပိုပြီးကောင်းအောင် ယှဉ်ပြိုင်နိုင်တယ်” ဟု Janetက ရှင်းပြသည်။

“နိုင်ငံတကာပြိုင်ပွဲအများအပြားမှာ ကျွန်မလုပ်သလိုမျိုးပေါ့။ ပြိုင်ဘက်အကြောင်း ကျွန်မ များများစားစားမသိဘူး။ အဲဒီအချက်ကပဲ ကြိုးဝိုင်းအတွင်းမှာ ကျွန်မရဲ့ အကောင်းဆုံးပင်ကိုယ်အစွမ်းအစအစစ်အမှန်ကို ထွက်ပေါ်စေခဲ့တယ်”

“ ပြိုင်ပွဲပြင်ဆင်ချက်တစ်ခု ဒါမှမဟုတ် လေ့ကျင့်ထားတာတစ်ခုခုကို အသေထားပြီးယှဉ်ပြိုင်ဖို့ ကျွန်မမကြိုးစားဘူး။ ဒါကြောင့် ပိုပြီး ကောင်းလာအောင် လုပ်နိုင်ပါတယ်”

မည်သို့ပင်ဖြစ်ပါစေ Janet သည် ONE Championship ပထမဆုံးပွဲစဉ်တွင် ၎င်းသင်ယူခဲ့သည်များကို သက်သေထူရန်နှင့် ထပ်မံပြိုင်ပွဲဝင်ရန် စိတ်လှုပ်ရှားနေသည်။ ပြိုင်ဘက်အား ရင်ဆိုင်ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေသည်။ ၎င်း၏တိုက်ကွက်အသစ်များနှင့် အမှတ်တံဆိပ်သဖွယ်ဖြစ်သော မာန်ပါသည့်ကစားဟန်တို့ဖြင့်
ပိုမိုကောင်းမွန်အောင်ယှဉ်ပြိုင်နိုင်ပြီး ဘန်ကောက်တွင်နိုင်ပွဲရနိုင်မည်ဟု သူယုံကြည်နေသည်။

“ကြိုးဝိုင်းထဲကိုဝင်လိုက်တိုင်းမှာ ကျွန်မအတွက် ပိုပြီးတိုးတက်စေတဲ့အတွေ့အကြုံတွေရပါတယ်” ဟု Janet က ဆိုသည်။

“ဖိအားအောက်မှာ ကျွန်မဘယ်လိုတုံ့ပြန်သလဲဆိုတာ ဆန်းစစ်ကြည့်တိုင်း နောက်ဆုံးအကြိမ်ထက် ပိုပြီးစွမ်းဆောင်လာနိုင်တာကို မြင်ရပါတယ်”

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top