ကံကို ပြုပြင်စီရင်နည်း

buddhas-of-wat-arun-PUMQGHM.jpg

ကံကို ပြုပြင်စီရင်နည်း

ကံကို ပြုပြင်စီရင်၍ မရနိုင်ဟု အကြမ်းဖျင်းအားဖြင့် သိထားကြသည်။ ပြုပြင်စီရင်၍ မရသဖြင့် မြတ်စွာဘုရားရှင် ကိုယ်တိုင် ဝဋ်ကြွေးဆပ် ပရိတ်နိဗ္ဗာန်စံ ပျံလွန်တော်မူရသည်။

ရဟန္တာများ ပျံလွန်တော်မူခါနီး သည့်တိုင် အသေဆိုးနှင့် ပြီး ဝဋ်ကြွေးဆပ်ရသည့် သာဓကများလည်းရှိသည်။

သေမည့်ကံသို့ရောက်သဖြင် တားဆီးမရပဲ သေရသည်။ အိုမည့်ကံ၊ မွေးမည့်ကံ၊ ထီပေါက်မည့် ကံ၊ ကားတိုက်မိရန် ကံ စသည်ဖြင့် ကံကံကံ၊ ကံကသာ စီရင်နေသည်ဟု အများက သိထားကြသည်။ ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင် အချို့က အမှုကိစ္စတစ်ခုခုကို ဆောင်ရွက်၍ မအောင်မြင်သည့် အခါ၊ ကျရှံးသည့်အခါ၊ တစ်ခုခု ဖြစ်လာသည့်အခါ “ကံကြောင့်ပါကွာ၊ ကံစီမံရာ ဖြစ်တာပါလေ၊ ကံတရားက မျက်နှာသာမပေးတာပါလေ” ဟူ၍ ငြီးငြူ ဖြေသိမ့်တတ်ကြသည်။ ထိုအခါ မိမိတို့ လောကီ၊ လောကုတ် လိုရာပန်းတိုင်ကို ရောက်ရန် တုံ့ဆိုင်းရသည်။ ပျက်ဆီးရသည်။ ထို့ကြောင့် ကံကို ပြုပြင်စီရင်လို့ရသည့် အခြေအနေတစ်ခုရှိသည်ကို သိရှိရန် လိုအပ်လာပါသည်။

ကံကို ပြုပြင်စီရင်၍ ရပါသည်။ မည်သို့နည်း…

သေမည့်ကံ ကြုံလျှင်၊သေရမည်ဖြစ်သည်။ နာရမည့်ကံကြုံလျှင် နာရမည်ဖြစ်သည်။ ထိုအခါ ကာယကံ ရှင်က ကြိုတင်ပြင်ဆင်စရာ ရှိလာပါသည်။ မကောင်းသည့်ကံက မကောင်းသည် ကို ဖြစ်စေပြီး၊ ကောင်းသည့် ကုသိုလ်အမှု (ကံ) က ကောင်းသည့် ကုသိုလ်အကျိုး (ကံ) ကို ဖြစ်ပေါ်စေသည်ဟု အများသိ သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် သိရှိပြီးအတိုင်း ကောင်းသည့်အမှုများ ပုညကြိယာ ၁၀ ပါးအခြေခံ ဒါန၊သီလ၊ဘာဝန အစရှိသော ကုသိုလ်တရားများကို မဟာကုသိုလ်မြောက်အောင် ပြုထားရမည်။

မဟာကုသိုလ်မြောက်ရန်ဆိုခြင်းက မပြုခင်၊ ပြုစဉ်၊ ပြုပြီး ကုသိုလ်အမှုကိစ္စ၏ အကြောင်း၊အကျိုးကိုကောင်းကောင်းသိမြင်၊ နှလုံးသွင်း ကြည်ညိုသဒ္ဓါ ဖြင့် ပြုရမည် ဖြစ်သည်။ ကံဆိုးတစ်ခုခုကြုံလာသည့်အခါ…

ကံဆိုးတစ်ခုခု ကြုံလာတိုင်း၊ တားဆီးမရသည့် မဆီမဆိုင် ကြရှုံးမှု တစ်ခုခုကြုံလာတိုင်း နှလုံးသွင်းဖြေ သိမ့်ရန်ဖြစ်သည်။ မဖြေသိမ့်က ကျရှုံးမိသည့်အတွက် သောကမီးလောင်မည်၊ မောဟဖုံးမည်၊ ဒေါသစိတ် ဖြစ်ပေါ်လာမည်။ မပြုအပ်သည့် အကုသိုလ်အမှုကိုပြုမိသည်။ ဘာမှမပြုပဲ တိတ်ဆိတ်နေသူကလည်း သောကမီးလောင်မြိုက်ခြင်းကို ခံရသည်။

၎င်းတို့ကို ဖြေသိမ့်နိုင်ပါသည်။ ဥပမာ- ကားတိုက်၍ ခြေကျိုးသွားပါက နဂို သေမည့်ကံရှိနေသော မိမိက ခြေကျိုးရုံနှင့် ဝဋ်ကြွေးဆပ်လိုက်ရသည်ဟု မနသိကာရ နှလုံးသွားရမည်။ ငွေ တစ်သိန်းဆုံးရှုံးသည့်အခါ စီးပွားပျက်ကိန်းမှ လွတ်မြောက်ရသည်ဟု နှလုံးသွင်းအပ်သည်။

ကံကြွေးတစ်ခုခုဆပ်ရန် အခါကြုံသည့်အခါ ကူညီဖေးမသူ ပေါ်အပ်ပါသည်။ ဥပမာ- မဟာကုသိုလ်ပြုပြီး အမျှအတမ်းနေ့စဉ် မျှဝေသူတစ်ဦးကို နတ်ကောင်းနတ်မြတ်များက ဘေးမသီရန်မခရန် ကယ်ဆယ်ပေးသည့် အခါ ရှိသကဲ့သို့ ဖြစ်သည်။ ထိုနတ်များကလည်း အကြောင်းသက်သက် မဟာကုသိုလ်ပြုသူအား လာရောက်ကူညီခြင်းမျိုးမဟုတ်ပဲ ထိုသို့ ကူညီခြင်းကို လက်ခံနိုင်ရန် ကံပါသည့်သူသာ အကူညီခံရပါသည်။ ၎င်းက ကံအကြွေးတစ်လှည့်ဆီ ဆပ်ခြင်းမျိုးလည်း ဖြစ်သည်။ နေ့စဉ် အမျှအတန်းဝေ ကုသိုလ်ပြုသော သူတစ်ဦး၊ မေတ္တသုတ်အား ရတနားသုံးပါးသိမြင် ရှိခိုးပူဇော်ခြင်း စသည်များက ကံဆိုးတစ်ခုခု ကြုံလာသည့်အခါ ပြန်လည် ထောက်ပံ့ကူညီသည်။ အမြဲတမ်း နေ့စဉ် မပျက် ပြုသော ကုသိုလ်မျိုးကလည်း နောင်ဘဝကူးချိန်မဟုတ်ပဲ လက်ရှိဘဝတွင်ပင် အကျိုးပြုသည်။

ဆိုလိုရင်းက မဟာကုသိုလ်ထူး ပြုထားသူက အကုသိုလ်ကံဆိုး များကြုံလာတိုင်း ပြုသော ကုသိုလ်ကြောင့် ဆပ်ရမည့် ဝဋ်ကြွေး လျော့ပါးသွားသည်။ ပျောက်ပျက်သွားသည်မဆိုလို။ ကျယ်ပြောလှသော ဘဝဆက်တိုင်း ကုသိုလ် ပဲ့တင်ထပ်သကဲ့သို့ အကုသိုလ်လဲ ပဲ့တင်ထပ်သည်။ ယနေ့မဆပ်ရလည်း နက်ဖန်၊ ယခုဘဝမဟုတ်လည်း နောက်ဘဝ စသည်ဖြင့် ကုသိုလ်ကံ၊ အကုသိုလ်ကံများက ကာယကံရှင်၏ အမှုကိစ္စ အလျောက် များသည့်အခါများလိုက်၊ နည်းသည့်အခါနည်းလိုက်ဖြစ်ရသည်။ အကုသိုလ်ကြီးပြုသူက သေမည့် ကံထက် စော၍သေရသည်။ ၎င်းကို အဘိဓမ္မာတွင် ရုပ်သက်ကုန်၍ သေရခြင်း၊ နာမ်သက်ကုန်၍ သေရခြင်း၊ ရုပ်နာမ်သက် နှစ်ပါးလုံး ချုပ်၍ သေရခြင်းဟု ဖွင့်ဆိုဟောကြားထားသည်။ ဤသည်ကို မသိသူတို့က “သေချိန်တန်မှ သေရမှာ လုပ်သာလုပ်၊ ပြုသာပြု” ဟူသော အစွဲဖြင့် အကုသိုလ်အမှုပြုကြသည်။

ထို့ကြောင့် ဘုရားဟောတရားများ သိမြင်သော စာဖတ်သူ ဓမ္မမိတ်ဆွေများနှင့် မိမိတို့က မည်သို့ပြုရမည်နည်း။ ကံကို အတတ်နိုင်ဆုံး ပြုပြင်စီရင်ရမည်ဖြစ်သည်။ မဟာကုသိုလ်ကြီး များပြုလုပ်ရမည်ဖြစ်သည်။ ဒါန၊သီလ၊ ဘာဝနာ သုံးပါးလုံး ဥာဏ်ပညာရှင်လျက်ပြုထားရမည်။

ထိုကြောင့် ကံဆိုးတစ်ခုခုကြုံလာသည့်အခါ “ငါ ဒီကုသိုလ်ပြုထားလို့ ဒီလောက်ပဲ ခံရတာ” ဟူ၍ဖြေသိမ့်အပ်သည်။ ထို့နောက် နိဗ္ဗာန် မျက်မှောက်ပြုအပ်သော တရားများကို ပွားများကျင့်ကြံအပ်သည်။ နိဗ္ဗာန် ဝင်ခါးနီးတွင်ပင် ရဟန္တာရှင်မြတ်တို့ ဝဋ်ကြွေးဆပ်ရသည်။ သို့သော် ဤဝတ်ကြွေးကနောက်ဆုံးဖြစ်ပြီး ကံကြောင်းကျိုးတို့အပြီးတိုင် ချုပ်ငြိမ်းပြီး ဘုံဘဝ လွတ်ကင်းရသည်။

ထို့ကြောင့်ဘဝတွင် နေရသည့် အကျိုးအကြောင်းကိုသိမြင်ပြီး အမှုကိစ္စတိုင်းကို အလေးထားပြုလုပ်တတ်လာမည်။ မကောင်းအမှု အကုသိုလ်များကို ရှောင်ရှားတတ်လာသည်။ ကြုံလာလျှင်လည်း ကြံ့ကြံ့ခံနိုင်သွားသည်။ ရတနာသုံးပါးကို သံသယကင်းကင်း ဆည်းကပ်လာသည်။ မဂ်ဖိုလ်ရရန် ကျင့်ကြံနိုင်သွားသည်။

ဤသည်ကို သိမြင်သော မြတ်စွာဘုရားက ယခုကဲ့သို့ တိတိကျကျ ဟောကြားမိန့်ဆိုခဲ့ခြင်းဖြစ်သည်။

စာဖတ်သူအပေါင်းတို့ မိမိကံမိမိ ပြုပြင်စီရင် ဖန်တီးနိုင်ကြပါစေ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top