ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်မှာ ပို့စ်တွေ ပိုမြင်အောင် လုပ်ပေးမယ့် အခပေးဝန်ဆောင်မှု စတင်တော့မယ်လို့ Meta ကုမ္ပဏီ ကြေညာ

20.2.2023-image-1.jpg

ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်မှာ အခပေး ဝန်ဆောင်မှုတွေ စတင်တော့မယ်လို့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ကြေညာလိုက်ပါတယ်။ အပြာရောင်အမှန်ခြစ်ပုံ အသိအမှတ်ပြု အမှတ်အသား ရရှိလိုသူတွေဟာ လစဉ်ကြေးပေးသွင်းပြီး အသုံးပြုနိုင်တော့မှာပါ။

ဝက်ဘ်ဆိုက်ကနေ အသုံးပြုသူတွေဆိုရင် တစ်လကို ၁၁.၉၉ ဒေါ်လာ၊ iPhone အသုံးပြုသူတွေဆိုရင် ၁၄.၉၉ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ် အခပေး ဝန်ဆောင်မှုတွေကို ယခုသီတင်းပတ်မှစတင်ပြီး သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ရရှိတော့မှာပါ။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ တွစ်တာကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်က Twitter Blue အခပေးဝန်ဆောင်မှုကို စတင်ခဲ့ပြီးနောက် မက်ခ်ဇူကာဘတ်ကလည်း Meta ရဲ့ အခပေးဝန်ဆောင်မှုတွေကို အခုလို ကြေညာခဲ့တာပါ။ Meta ရဲ့ အခပေးဝန်ဆောင်မှုတွေဟာ လူပုဂ္ဂိုလ်တွေအတွက်ပဲ ရရှိဦးမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက်တော့ အသုံးပြုနိုင်ဦးမှာ မဟုတ်သေးပါဘူး။

အခပေးဝန်ဆောင်မှု အသုံးပြုသူတွေရဲ့ ပို့စ်တွေကို လူတွေ ပိုမြင်အောင် လုပ်ပေးမှာဖြစ်ပြီး အပြာရောင်အသိအမှတ်ပြု အမှတ်အသားကြောင့် ဆင်တူရိုးမှား အကောင့်တွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပေးပြီးသား ဖြစ်စေမယ်လို့ ဆိုပါတယ်။

အခပေးဝန်ဆောင်မှု ရယူလိုသူတွေဟာ သက်သေခံကတ်ပြားတစ်ခုခုထဲက နာမည်နဲ့ အကောင့်အမည် တူညီမှုရဖို့တော့ လိုအပ်ပါတယ်။ အသက် ၁၈ နှစ်အထက် ရှိသူတွေသာ ဒီဝန်ဆောင်မှုကို သုံးစွဲခွင့်ရှိမှာပါ။

လူမှုကွန်ရက်ပေါ်က အခပေးဝန်ဆောင်မှုတွေမှာ ပြဿနာကြုံခဲ့တာမျိုးလည်း ရှိပါတယ်။ တွစ်တာက အခပေး ဝန်ဆောင်မှုစတင်ခဲ့ပြီးနောက်မှာ တချို့သူတွေက နာမည်ကျော်အမှတ်တံဆိပ်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေအဖြစ် ဟန်ဆောင်ကာ အခပေး ဝန်ဆောင်မှု ရယူသုံးစွဲတာမျိုးတွေ ရှိလာတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တွစ်တာရဲ့ အခပေးဝန်ဆောင်မှု ရပ်တန့်ခဲ့ရဖူးပါတယ်။

Ref: Instagram and Facebook to get paid-for verification

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top