အချစ်ကြီးလှတဲ့ ဒွတ္တပေါင်ဘုရင် နဲ့ အငြိုးကြီးလှတဲ့ ပန်ထွာဘုရင်မ တို့ရဲ့ ပုံရိပ်များ ထင်ကျန်ခဲ့ရာ သရေခေတ္တရာမြို့ဟောင်း

01.jpg

ဒွတ္တပေါင်မင်းလို အချစ်မကြီးသလို၊ ဗိဿနိုးဘုရင်မလို အငြိုးမကြီးတဲ့ ကိုယ့်အတွက် သူတို့ရဲ့ ဇာတ်လမ်းက ရှုပ်ထွေးနက်နဲလွန်းတယ်။

“စိမ့်” ရဲ့ ပန်ထွာဘုရင်မ စာအုပ်ကို ဖတ်ပြီးကတည်းက ပျူမြို့ဟောင်းတွေဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ကို သွားကြည့်ချင်နေခဲ့တာ ပြီးခဲ့တဲ့ နွေရာသီကတည်းကပါ။ ဒါနဲ့ပဲ ပျူမြို့ဟောင်းတကြောသွားတဲ့ ခရီးသွားကုမ္ပဏီတွေ လိုက်ရှာခဲ့တယ် ဆိုပါတော့။ ဖြစ်ချင်တော့ မြို့ဟောင်းသုံးမြို့လုံးကို သွားတဲ့ ခရီးစဉ်မျိုး မတွေ့ရဘဲ သရေခေတ္တရာပါတဲ့ ပြည်-အကောက်တောင် တစ်ရက်ခရီးစဉ်မျိုးလောက်ပဲ ရှာတွေ့တယ်။

/* သွားနိုင်တဲ့လမ်းကြောင်း */

ရန်ကုန် – ပြည် ကားလမ်းအတိုင်း သွားမယ်ဆိုရင် ၅နာရီဝန်းကျင်လောက် မောင်းရမယ်။ ကားလမ်းက နည်းနည်းတော့ကျဉ်းပေမယ့် ဘေးဘယ်ညာတစ်ဖက်စီမှာ သစ်ပင်တွေ ညီညီညာညာ စိုက်ထားတော့ ခရီးထွက်ရတာ အေးအေးချမ်းချမ်းရှိလှတယ်။ အမြန်လမ်းအတိုင်း သွားမယ်ဆိုရင်တော့ ၁နာရီလောက် ပိုမောင်းသွားရမယ်။ သရေခေတ္တရာမြို့ဟောင်းကတော့ ပြည်မြို့၊ မှော်စာကျေးရွာမှာ ရှိတယ်ရှင့်။

မြို့ဟောင်းပတ်ဝန်းကျင်မှာ ဆင်စီးပြီး လှည့်လည် ကြည့်ရှုလို့ရတယ်။

{loadposition sriksetra1}

နန်းတော်ရာနားလောက်မှာ သီရိခေတ္တရာပြတိုက်ဆိုတာလည်း ရှိတယ်။ သီရိခေတ္တရာပြတိုက်ဆိုတာ မြန်မာနိုင်ငံ၏ ရှေးအကျဆုံးပြတိုက် လို့လည်း ပြောနိုင်တယ်။ ၁၈၉၇ခုတွင် လယ်ဘော်ကျေးရွာမှာ ပျူအက္ခရာကမ္ဗည်းထိုးထားတဲ့ ရှေးဟောင်းကျောက်စာနှစ်ချပ် တွေ့ရှိခဲ့တယ်။ ၁၉၀၆ – ၁၉၀၇ ခုကြားမှာ ကျောက်စာဝန်ရယ်၊ ရှေးဟောင်းသုတေသီရယ် ပေါင်းပြီး သရေခေတ္တရာမြို့ဟောင်းကို တူးဖော်ရှာဖွေခဲ့တယ်။ ရရှိတဲ့ ပျူခေတ်အလယ်ပိုင်း ရှေးဟောင်းပစ္စည်းတွေကို ထိန်းသိမ်းရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီရိခေတ္တရာပြတိုက်ကို ဆောက်လုပ်ခဲ့ကြတယ်။ ၁၉၁၅ခု၊ မတ်လကုန်လောက်မှာ ပြတိုက် ဆောက်လုပ်ပြီးစီးခဲ့သည်။ ပြတိုက်မှာ ဖလက်ရှ် မီးမဖွင့်ဘဲ ဓာတ်ပုံရိုက်ခွင့် ပြုထားလို့ အရမ်းအဆင်ပြေပါတယ်။

/* သရေခေတ္တရာမြို့ဟောင်းရဲ့ အထင်ကရာ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ် */

သရေခေတ္တရာ နန်းတော်ထဲမှာ မင်းကြီးဖြစ်တဲ့ ဒွတ္တပေါင်နဲ့ မိဖုရားဖြစ်တဲ့ ပန်ထွာတို့ရဲ့ အချစ် အမုန်း လွန်ဆွဲပွဲက ပြင်းထန်လွန်းတယ်။ ဒွတ္တပေါင် အိမ်ရှေ့စံဘဝကတည်းက ပန်ထွာနာမည်ကို ကြားရုံနဲ့ စိတ်ဝင်စားနေခဲ့တာ။ ဘုရင်ဖြစ်တော့ ဗိဿနိုးတိုင်းပြည်ရဲ့ ဘုရင်မဖြစ်တဲ့ ပန်ထွာကို လက်ဆက်လိုကြောင်း ကမ်းလှမ်းခဲ့တယ်။ ပန်ထွာကတော့ ဒွတ္တပေါင်ရဲ့ နာမည်ကို ကြားရုံနဲ့တင် ခါးခါးသီးသီး မုန်းနေတာဆိုတော့ ရင့်သီးတဲ့ စကားလုံးတွေနဲ့ ငြင်းလွှတ်လိုက်တယ်။ ဒွတ္တပေါင်မင်းက အနုနည်းနဲ့ မရတော့ ဗိဿနိုးမြို့ကို စစ်ခင်းပြီး ပန်ထွာကို သိမ်းပိုက်ခဲ့တယ်ဆိုပါတော့။

နဂိုတတည်းက ဒွတ္တပေါင်ကို မုန်းနေတဲ့ပန်ထွာဟာ ဗိဿနိုးမြို့သူ၊ မြို့သားတွေ အသတ်ခံရတာကော၊ တစ်မြို့လုံး မီးလောင်တိုက်သွင်းခံရတာကော ကြုံလိုက်ရတဲ့အခါ အမုန်းပေါ် အငြိုးပါထပ်ဆင့် သွားတော့တယ်။ စစ်ရှုံးသွားတဲ့ ပန်ထွာကို အရှင်ဖမ်း၊ သရေခေတ္တရာမြို့ကို ခေါ်ဆောင်သွားပြီး ဒွတ္တပေါင်မင်းရဲ့ မိဖုရားအနေနဲ့ မြှောက်စားတယ်။ ဒွတ္တပေါင်မင်းက ပန်ထွာမိဖုရား သူအပေါ်ပြန်ချစ်လာအောင် အမျိုးမျိုး ကြိုးစားပေမယ့် ပန်ထွာကတော့ အခွင့်ကြုံတာနဲ့ လုပ်ကြံဖို့ အမြဲစောင့်ကြည့်နေခဲ့တာပါ။ ဗိဿနိုးမြို့ ကျရှုံးပြီးကတည်းက ပန်ထွာရဲ့ အသက်ရှင်မှုအတွက် တစ်ခုတည်းသော အကြောင်းပြချက်က ဒွတ္တပေါင်မင်းကို ကလဲ့စား ပြန်ချေဖို့ပါပဲ။

/* ပန်ထွာဘာလို့ ဒွတ္တပေါင်ကို မုန်းရသလဲ */

ဒွတ္တပေါင်မင်းရဲ့ မိဘတွေက ရသေ့မြို့ဘုရင် မဟာသမ္ဘဝမင်းနဲ့ ဘေဒါရီ။ ပန်ထွာရဲ့ မိဘတွေကတော့ ရသေ့မြို့အိမ်ရှေ့စံ စူဠသမ္ဘဝနဲ့ စန္ဒမုခိ။ မဟာသမ္ဘဝနဲ့ စူဠသမ္ဘဝတို့က ညီအစ်ကိုအရင်းတွေ။ သမ္ဘဝညီနောင်ရဲ့ အမေကိန္ဒရီဒေဝီနဲ့ ဘေဒါရီရဲ့ အဖေခေပဒူတရသေ့တို့က မောင်နှမ တော်စပ်တယ်။ သည်တော့ သမ္ဘဝညီနောင်နဲ့ ဘေဒါရီက မောင်နှမဝမ်းကွဲ ပြန်တော်စပ်ကြတယ်။ သမ္ဘဝညီနောင် နဲ့ စန္ဒမုခိ တွေ့ပုံက နည်းနည်းတော့ ဆန်းတယ်။

သမ္ဘဝညီနောင်က အစက မွေးရာပါမျက်မမြင်တွေ။ သူတို့ရဲ့ အဖေ တကောင်းဘုရင် မင်းကြီးသတိုးမဟာရာဇာက မျက်မမြင်သားနှစ်ယောက်ကြောင့် အရှက်ရတယ်ဆိုပြီး သတ်ပစ်ခိုင်းတာကို မိခင်ဖြစ်တဲ့ ကိန္ဒရီဒေဝီက လျှို့ဝှက်မွေးမြူထားတာ။ ၁၉နှစ်ကြာတော့ မျက်မမြင်သားနှစ်ယောက် အသက်ရှင်နေသေးကြောင်း မင်းကြီးသိပြီး ဒုတိယအကြိမ် ထပ်သတ်ခိုင်းတယ်။ ကိန္ဒရီဒေဝီလည်း ဆက်မွေးထားလို့ မဖြစ်နိုင်မှန်းသိပြီး သားနှစ်ယောက်ကို ရိက္ခာအပြည့်နဲ့ ဖောင်ပေါ်တင်ပြီး မြစ်ထဲမျှောချလိုက်တယ်။ တောထဲမှာ ဆေးမြစ်လာတူးတဲ့ စန္ဒမုခိက မြစ်စပ်မှာ စစ်ပင်ကိုင်းနဲ့ ဖောင်ငြိနေတုန်း ခိုးတက်ပြီး စားမြိန်ထုပ်ခိုးစားတာကို သမ္ဘဝညီနောင်က မိသွားတယ်။ စန္ဒမုခိဆေးကုပေးလိုက်လို့ ညီနောင်နှစ်ယောက် မျက်စိမြင်လာတယ်။ ညီငယ် စူဠသမ္ဘဝနဲ့ စန္ဒမုခိတို့ မေတ္တာမျှသွားကြတယ် ဆိုပါတော့။ သူတို့သုံးဦး ခရီးဆက်လာလိုက်တာ ဘူးခါးချောင်းမှာ ရေလာခပ်တဲ့ ဘေဒါရီနဲ့ ဆုံကြတယ်။ ဘေဒါရီက တောထဲရောက်လာတဲ့ ဧည့်သည်တွေကို သူ့အဖေခေပဒူတရသေ့နဲ့ မိတ်ဆတ်ပေးရာကနေ သူတို့ ဆွေမျိုးတော်စပ်ပုံတွေ သိသွားကြတယ် ဆိုပါတော့။

ခေပဒူတရသေ့ရဲ့ အစီအစဉ်နဲ့ပဲ သကျအင်းမြို့ကို အခြေတည်ပြီး ရသေ့မြို့သစ်ကို တည်လိုက်တယ်။ မဟာသမ္ဘဝက မင်းကြီး၊ ဘေဒါရီက မိဖုရားခေါင်၊ မူလသကျအင်းမြို့ပိုင် နန်းခမ်းက မိဖုရား ဖြစ်လာကြတယ်။ စူဠသမ္ဘဝက အိမ်ရှေ့မင်း၊ စန္ဒမုခိက အိမ်ရှေ့စံမိဖုရား ဖြစ်လာကြတယ်။ စူဠသမ္ဘဝတို့က အရင် သမီးဦးလေး မွေးတယ်။ သူကတော့ နောင်တချိန်မှာ ဗိဿနိုးမြို့ဘုရင်မဖြစ်လာမယ့် သူပါပဲ။ အထွတ်အမြတ်ကလေးဆိုပြီး ဗိဿနိုးလို့ နာမည်မှည့်ခေါ်ကြတယ်။ ပန်ထွာလို့လည်း ခေါ်ကြတယ်။ မဟာသမ္ဘဝမင်းကတော့ နန်းစံသက် ၆နှစ်မှာ နတ်ရွာစံပြီး ဘေဒါရီမှာတော့ မဟာသမ္ဘဝမင်းနဲ့ရတဲ့ ကိုယ်ဝန်သုံးလ ကျန်ရစ်ခဲ့တယ်။ အိမ်ရှေ့မင်းဖြစ်တဲ့ စူဠသမ္ဘဝက ထီးနန်းဆက်ခံပြီးနောက် မရီးတော်ဘေဒါရီကို မိဖုရားခေါင် မြှောက်လိုက်တယ်တဲ့။ အဲ့မှာ စန္ဒမုခိဟာ မျက်မမြင်ဘဝကတည်းက ကောင်းတူဆိုးဖက် အတူတူရင်ဆိုင်ခဲ့ပြီး ခုလို ဘုရင်ဖြစ်ပြီး ကောင်းစားချိန်ရောက်မှ သူ့ကို ချန်ထားရစ်လေခြင်းဆိုပြီး စိတ်နာသွားတယ်။ ဒါနဲ့ သမီးငယ်လေး ပန်ထွာကို ပိုက်ပြီး နန်းတော်က ထွက်သွားလိုက်တာ လမ်းမှာ ကုမ္ဘဝတီပြည့်ရှင်နဲ့ တွေ့ပြီး ကုမ္ဘဝတီပြည်ကို ပါသွားတယ်။ ကုမ္ဘဝတီမင်းကြီးက စူဠမုခိကို မိဖုရားမြှောက်ပြီး သားသမီး မထွန်းကားတဲ့အတွက် မယားပါသမီးပန်ထွာကို နန်းလျာအဖြစ်ထားလိုက်တယ်။ နောက်တော့ ဗိဿနိုးမင်းသမီး အုပ်စိုးတဲ့ တိုင်းပြည်မို့လို့ ဗိဿနိုးပြည်လို့ ပြောင်းလဲခေါ်ခဲ့တယ်။ ဗိဿနိုးအရွယ်ရောက်တော့ မိဘတွေရဲ့အကြောင်း သိရှိပြီး ဘေဒါရီနဲ့ သူ့ရဲ့သား ဒွတ္တပေါင်ကို မုန်းသွားတယ် ဆိုပါတော့။

နောက်တော့ သူတို့နှစ်ယောက် ထီးပြိုင်နန်းပြိုင် ဖြစ်လာကြတယ်။ ဒွတ္တပေါင်မင်းက ရသေ့ပြည်ကို အုပ်ချုပ်မင်းလုပ်ပြီး ဗိဿနိုးကတော့ ဗိဿနိုးပြည်ကို အုပ်ချုပ်တယ်။ နောက်တော့ ဒွတ္တပေါင်မင်းက ဧရာဝတီမြစ်အဝ ခေါင်းလောင်းပုံ ပင်လယ်ကွေ့ရဲ့ ထိပ်မှာ သရေခေတ္တရာအမည်နဲ့ မြို့သစ်တည်ထောင်လိုက်တယ်။ အချိန်ကတော့ ခရစ်တော်မပေါ်မီ ၄၄၃ခုလောက်ကပါတဲ့။ ဒွတ္တပေါင်မင်းကြီးရဲ့ တိုင်းပြည်က အင်အားကြီးမားတဲ့အတွက် အခြားသောပြည်နယ်တွေက အခွန်ဆက်သကြရတယ်တဲ့။ အဲ့လို အခွန်ဆက်တဲ့အထဲမှာ ပန်ထွာဘုရင်မ မပါဝင်ခဲ့ဘူး။ ဒွတ္တပေါင်မင်းကြီးက သူအသစ်တည်ထောင်တဲ့ သရေခေတ္တရာပြည်ကြီး အခြေကျပြီး အင်အားကြီးထွားလာပြီးနောက်မှာ ငယ်ငယ်ကတည်းက ရည်ရွယ်ထားတဲ့အတိုင်း ပန်ထွာဘုရင်မကို လက်ဆက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

စစ်ရှုံးသွားလို့ မိဖုရားဖြစ်လာရတဲ့ ပန်ထွာဟာ ဒွတ္တပေါင်ကို လုပ်ကြံဖို့ ကြိုးစားပေမယ့် ဒွတ္တပေါင်မင်းရဲ့ ဘုန်းကံမြင့်မားနေတဲ့အတွက်ကြောင့် အထမမြောက်ဘဲ ဖြစ်နေတယ်။ ပန်ထွာမိဖုရားဖြစ်ပြီး နောက် သက်တော်၅၉နှစ်မှာ ဗိဿနိုးကနေပါလာတဲ့ ရံရွေတော်တွေနဲ့ လျှို့ဝှက်တိုင်ပင်ပြီး သုဿာန်တစပြင်က ရွံ့ရှာဖွယ်အဝတ်စုတ်တွေကိုကောက်၊ ပြန်လည်ကြိတ်ပြီးနောက် ဖြူဖွေးနုအိတဲ့ မျက်နှာသုတ်ပုဝါဖြစ်အောင် ပြန်လည်ယက်လုပ်တယ်။ ပုဝါမှာ အမွှေးနံ့သာတွေသုတ်လိမ်းပြီး မင်းကြီးကို မျက်နှာသုတ်ပုဝါဆက်သတယ်။ မင်းကြီးက ပုဝါနဲ့ မျက်နှာကို သုတ်လိုက်တဲ့ ခဏမှာပဲ တတိယမျက်လုံးဖြစ်တဲ့ မျက်လုံးနှစ်လုံးကြားက နတ်မျက်စိကွယ်လေတယ်။ ပြီးတော့ အစွမ်းထက်လှတဲ့ သံလျက်၊ လေးမြား၊ လှံ၊ သီလဝံသဓား နဲ့ နတ်စစ်သည်တွေ အလိုအလျောက် ကွယ်ပျောက်ကုန်တယ်။ အဲ့အချိန်ကစပြီး ဒွတ္တပေါင်ဘုရင် ဘုန်းတန်ခိုးကျသွားလိုက်တာ အခြားတိုင်းပြည်တွေက ပမာမခန့်လုပ်လာကြတယ်။

ဒွတ္တပေါင်မင်းကြီးကတော့ ပန်ထွာအပေါ် အပြစ်မမြင်ပေမယ့် တိုင်းသူပြည်သားတွေကတော့ ပန်ထွာမိဖုရားကို အခဲမကြေကြဘူး။ တစ်နေ့ နန်းတော်က အပျိုတော်နှစ်ယောက် ဆက်သတဲ့ အချိုပွဲကို သုံးဆောင်ရင်း အဆိပ်သင့်ပြီး ကွယ်လွန်လေတယ်။ ပုပ္ပါးမှာခိုလှုံနေတဲ့ ပန်ထွာရဲ့ မိခင် စန္ဒမုခိလည်း သမီးတော်သတင်းကြားပြီး ရင်ကွဲနာကျသေပွဲဝင်ရှာတယ်။ သည်လိုနဲ့ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဒွတ္တပေါင်မင်းကတော့ ရေကြောင်းနဲ့ လှည့်လည်နေရင်း ဝဲအတွင်းနစ်မြှုပ် နတ်ရွာစံသွားတယ်လို့ ဆိုထားတယ်။ နတ်ရွာစံချိန်မှာ ဘုရင်ကြီးရဲ့ အသက်က တစ်ရာ့ငါးနှစ်တဲ့။

မှတ်ချက်။ ။ စာမျက်နှာ ၂၈၅မျက်နှာရှိသော စိမ့်၏ “ပန်ထွာဘုရင်မ” စာအုပ်အား မှီငြမ်းထားသည်။

/* ဘယ်တွေသွားဖြစ်သလဲ */

ဧရာဝတီမြစ်အတိုင်း လှေစီးပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်လောက်က ရှေးဟောင်း ကျောက်တောင်ထွင်း ဗုဒ္ဓရုပ်ပွားတော်တွေကို လေ့လာနိုင်မယ့် အကောက်တောင်… သည်နေရာလေးက ပဲခူးတိုင်း နယ်နိမိတ်အကျော် ဧရာဝတီတိုင်း နယ်နိမိတ်အစနားလေးမှာ ရှိတာပါ။ ရှုခင်းကြည့်ချင်သူတွေအတွက် အလွန်ကောင်းတဲ့နေရာလေးအဖြစ် ညွှန်းချင်ပါတယ်။

စာဆိုကျော်နဝဒေးရဲ့ ဆုတောင်းပြည့်ဘုရားတိုင်ရတုမှာ ပါဝင်တဲ့ ပြည်ရွှေဆံတော်

မုနိလေးဆူထဲက တစ်ဆူဖြစ်တဲ့ ရွှေဘုံသာမုနိ… ဘုရားလည်းဖူးရင်း ဒေသထွက်ကုန်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် ဝယ်လို့ကောင်းတဲ့ နေရာပါ။

ဒွတ္တပေါင်မင်းကြီး တည်ထားခဲ့တဲ့ စေတီ၉ဆူထဲက တစ်ဆူဖြစ်တဲ့ ဘုရားကြီးစေတီ… ပျူလူမျိုးတို့ရဲ့ ဗုဒ္ဓဘာသာသို့ အသွင်ကူးပြောင်း ကိုးကွယ်မှု၊ သာသနိကအဆောက်အအုံတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ရဲ့ ပြယုဂ်တစ်ခု ဖြစ်သလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် စေတီတစ်ဆူလည်း ဖြစ်ပြန်တယ်။

မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော ပြတိုက်တစ်ခုဖြစ်သည့် သီရိခေတ္တရာပြတိုက်… သရေခေတ္တရာမြို့ဟောင်းအကြောင်း တစေ့တစောင်း လေ့လာနိုင်သလို ရှေးပျူလူမျိုးတို့ရဲ့ နေထိုင်မှု၊ ကိုးကွယ်မှု၊ ဝတ်စားဆင်ယဉ်မှု၊ ထုံးတမ်းအစဉ်အလာ၊ ဘာသာစကား၊ ငွေကြေးသုံးဆွဲမှု စတာတွေကိုပါ ထွင်းဖောက်သိမြင်နိုင်မယ့် သမိုင်းတန်ဖိုးကြီးတဲ့ ပြတိုက်ပါ။ သီရိခေတ္တရာပြတိုက်ဟာ သရေခေတ္တရာမြို့ဟောင်း ထဲမှာ ရှိတဲ့အတွက် ပြတိုက်ကော မြို့ဟောင်းကိုကော တစ်ခါတည်း လေ့လာနိုင်ပါတယ်။

ဆောက်လုပ်နေဆဲဖြစ်တဲ့ ရဟန္တာ၈ဝဘုရား

အမြင်အာရုံကောင်းအောင် ဆုတောင်းရင် ပြည့်တယ်ဆိုတဲ့ ရွှေတောင်မြို့က ရွှေမျက်မှန်ဘုရား

/* မှတ်ချက် */

သတိထားရမှာက သီရိခေတ္တရာပြတိုက်က တနင်္လာနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ပိတ်တတ်ပါတယ်။ ဖွင့်ချိန်က နံနက် ၉:၃၀ ကနေ ညနေ ၄:၃၀ အထိပါတဲ့။ ကိုယ်သိထားတာက မြန်မာနိုင်ငံသားအတွက် အခမဲ့လားလို့။ နိုင်ငံခြားသားဆိုရင်တော့ ပြတိုက်ဝင်ကြေး ၅၀၀၀ ကျပ်၊ မြို့ဟောင်းထဲဝင်ကြေး ၅၀၀ဝကျပ်စီ ပေးရတယ်။ အဲ့ဒါ အနော့်ဆီက ဝင်ကြေးလာတောင်းနေလို့ မြန်မာနိုင်ငံသားပါလို့ ပြောပြီး ဝင်သွားတာကို အနောက်ကနေ ထပ်အော်တောင်းတယ်။ ဂိုက်ဆီကပဲ တောင်းလိုက်ဗျို့လို့ မြန်မာလို ပီပီသသပြောပြီး ဝင်ခဲ့ရတယ်။ အဲ့သလို… ကဲ..ကဲ… စာလဲ တော်တော်ရှည်ပြီမို့ တော်သေးပြီ။

Chan Myae Ei
#travellerchan

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top
Englishဗမာစာ