မင်းသား Lee Jong Suk နဲ့ IUတို့ ချစ်သူတွေဖြစ်နေတဲ့သတင်းကို အေဂျင်စီက အတည်ပြုပေးလိုက်ပြီ

2-1-2023-yyl-1.jpg

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသတင်းဌာန “Dispatch” က နှစ်သစ်ရောက်တိုင်း ချစ်သူတွေဖြစ်နေတဲ့ ဒိတ်ဒိတ်ကြဲကြဲအနုပညာရှင်စုံတွဲကိုဖော်ထုတ်လေ့ရှိပါတယ်။ အခုလည်း ၂၀၂၃ ခုနှစ်မတိုင်ခင် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ Dispatch ကထိပ်တန်းမင်းသား Lee Jong Suk နဲ့ အဆိုတော်မင်းသမီး IU တို့အတွဲကို ထုတ်ပြခဲ့ပါတယ်။ Lee Jong Suk နဲ့ IU တို့က အခုနှစ်ခရစ္စမတ်ကို ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ အတူတူဖြတ်သန်းခဲ့တယ်လို့ သတင်းဌာနက ဆိုထားပါတယ်။

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ‘2022 MBC Drama Awards’ဆုပေးပွဲမှာ Lee Jong Suk က ဆုရတဲ့အတွက် ကျေးဇူးတင်စကားပြောကြားစဉ်အတွင်း လူတစ်ယောက်အကြောင်း ထုတ်ပြောခဲ့ပါတယ်။ အဲဒီလူရဲ့နာမည်ကို ထုတ်မပြောခဲ့ပေမဲ့ သူ့ကို အရမ်းသဘောကျပြီး အရမ်းလေးစားတယ်လို့လည်း ပြောခဲ့ပါတယ်။ Lee Jong Suk ထုတ်ပြောခဲ့တဲ့သူက IU ဖြစ်နိုင်တယ်လို့ Dispatch သတင်းက ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့က Lee Jong Suk က ပရိသတ်တွေ့ဆုံပွဲအတွက် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ကို ထွက်ခွာခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ IU က သူ့ရဲ့မောင်လေးနဲ့ ဂျပန်နိုင်ငံ၊ နာဂိုရာကို လာခဲ့ပါတယ်။ နာဂိုရာမြို့က လေဆိပ်ကို ရောက်ရှိခဲ့ပြီးတဲ့နောက်မှာ IU နဲ့ သူ့မောင်လေးက Aman Nemu အဆင်မြင့်ဟိုတယ်နဲ့အပန်းဖြေစခန်းကို သွားခဲ့ပါတယ်။ Lee Jong Suk က သူ့ရဲ့မန်နေဂျာအကူအညီမပါဘဲ IU နဲ့ သူ့မောင်လေးတို့ရဲ့ခရီးစဉ်အတွက် ကိုယ်တိုင်စီစဉ်ပေးခဲ့တယ်လို့ Dispatch က ဖော်ပြပါတယ်။ “Lee Jong Suk က ဟိုတယ် ဘိုကင်ချိတ်တာနဲ့ လေဆိပ်ကြိုပို့တာတွေကို ကိုယ်တိုင်စီစဉ်ခဲ့တယ်”လို့ အတွင်းလူတစ်ဦးက Dispatch ကို ပြောခဲ့ပါတယ်။

အိုဆာကာမှာ ပရိသတ်တွေ့ဆုံပွဲပြီးတဲ့နောက် Lee Jong Suk က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တိုကျိုမြို့ကို သွားခဲ့ပြီး အဲဒီကနေ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နာဂိုရာမြို့ကို သွားခဲ့တယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တိုကျိုမြို့ကို ပြန်သွားခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆိုးလ်ကို ပြန်လာခဲ့တယ်လို့ Dispatch က အခိုင်အမာဆိုခဲ့ပါတယ်။ Lee Jong Suk ဘက်က အတွင်းလူဟာ “နှစ်ဖက်စလုံးရဲ့မိသားစုတွေက သူတို့ရဲ့ဆက်ဆံရေးကို သိထားကြပြီးသားပါ။ Lee Jong Sukရဲ့ညီမင်္ဂလာဆောင်မှာ IU က ဂုဏ်ပြုသီချင်းဆိုပေးခဲ့ပြီး Lee Jong Suk က IU ရဲ့မောင်လေးကို နာဂိုရာမြို့ဆီ ကိုယ်ရေးကိုယ်တာအရ ဖိတ်ကြားခဲ့တယ်”လို့လည်း ပြောပါတယ်။

Dispatch က သေသေချာချာစူးစမ်းကြည့်မှုအရတော့ Lee Jong Suk နဲ့ IU တို့က ချစ်သူတွေဖြစ်ပြီး စုံတွဲနေကာမျက်မှန်နဲ့အိတ်တွေလည်း အသုံးပြုကြတယ်လို့ အခိုင်အမာဆိုထားပါတယ်။ သူတို့နှစ်ဦးချစ်သူတွေဖြစ်တာ (၄) လရှိပြီလို့ အတွင်းလူရဲ့ပြောကြားချက်အရ သိရပါတယ်။

အခုလိုသတင်းထွက်ရှိပြီးတဲ့နောက် Lee Jong Suk ရဲ့အေဂျင်စီက အတည်ပြုပေးလိုက်တဲ့အတွက် ဒီသတင်းက သေချာသွားခဲ့ပါပြီ။ “မင်္ဂလာပါ… High Zium Studio အေဂျင်စီပါ။ ဒါက မင်းသား Lee Jong Suk အကြောင်းသီးသန့်သတင်းနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်ဖြစ်ပါတယ်။ မင်းသား Lee Jong Suk နဲ့ IU တို့ဟာ မကြာသေးခင်ကမှ ရင်းနှီးကျွမ်းဝင်တဲ့မိတ်ဆွေကနေ စုံတွဲတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူတို့ရဲ့လေးနက်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားကြပါတယ်။ ကျေးဇူးပြုပြီး သူတို့နှစ်ယောက်ရဲ့လှပတဲ့အချစ်ရေးကို ဆက်ထိန်းထားနိုင်ဖို့အတွက် အများကြီးအားပေးကူညီပေးကြပါ။ ကျေးဇူးတင်ပါတယ်”လို့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Ref: Allkpop “Dispatch’ reports actor Lee Jong Suk & singer IU enjoyed their Christmas together in Japan”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top