သီတင်းကျွတ်၊ ကန်တော့နေ့ နှင့် မြေဖုတ်ဘီလူး

28-10-2020-yyl-025.jpg

သီတင်းကျွတ်အခါလည်းရောက်ပြီဆိုတော့ သက်ကြီးဝါကြီး ဘိုးဘွား မိဘတွေနဲ့ ဆရာသမားတို့ကို ကန်တော့ဖို့ တစ်ခါ အလှည့်ကျလာပြန်ပြီပေါ့.. ဒီနေရာမှာလည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို အချို့သောမြို့တွေ၊ နယ်တွေမှာတော့ အဖိတ်နေ့ကတည်းက လိုက်ကန်တော့သလို အချို့သော မြို့တွေ၊ နယ်တွေမှာတော့ လပြည့်ကျော်တစ်ရက်နေ့မှာမှ အားလုံးကို လိုက်ကန်တော့လေ့ရှိကြပါတယ်။

ဒါကြောင့် ဒီလို သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့ကို ကန်တော့နေ့လို့ သတ်မှတ်ကြပါတယ်။ ဘယ်လိုခေါ်ရမလဲဆိုတော့ သင်္ကြန်မှာဆိုရင် အခါကြီးအရက်ကြီးဟာ တန်ခူးလပြည့် မဟုတ်ဘဲ အကြတ်နေ့ ဖြစ်နေသလိုပေါ့။ အဲဒီနေ့မှာမှ ဘုန်းကြီးကျောင်းတက်ကြ၊ ဥပုသ်စောင့်ကြဆိုတာမျိုးတွေရှိပြီး တန်ခူးလပြည့်ကျ ဘာသိဘာသာကျော်ဖြတ်ကြတာမျိုးလေ။ သီတင်းကျွတ်မှာလည်း ဒီလိုပါပဲ။ အခါကြီးအရက်ကြီးဟာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး ဘုန်းကြီးကျောင်းတက်၊ ဥပုသ်စောင့်ကြပေမယ့် ကန်တော့တာတော့ သီတင်းကျွတ်ရဲ့ တတိယမြောက်နေ့ဖြစ်တဲ့ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့မှပါ။

ဒီနေ့မှာ ထူးခြားတာ နောက်တစ်ခုရှိပါသေးတယ်။ ရှေးလူကြီးတွေရဲ့ အစဉ်အလာပေမယ့် ခုတော့ မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပါပြီ။ ကန်တော့နေ့မှာ မီးစုံထွန်းတဲ့ ဓလေ့ပါ။ မီးစုံထွန်းတယ်ဆိုတဲ့ နာမည်အလိုက်ပါပဲ။ သီတင်းကျွတ် ရှေ့နှစ်ရက်မှာ မီးထွန်းတဲ့အခါ အိမ်ဝရံတာ၊ ခုံ၊ တန်း စသည်တို့မှာသာ ထွန်းပေမယ့် ကန်တော့နေ့ ရောက်တဲ့အခါမှာတော့ မြေဖုတ်ဘီလူးအတွက် မီးထွန်းတာတွေ၊ ဥပမာ- မုန့်တွေ၊ အအေးတွေရောင်းပြီး စီးပွားရှာတယ်ဆိုရင် ကိုယ်စီးပွားရှာခဲ့တဲ့ ရေခဲသေတ္တာပေါ်မှာ မီးထွန်းပေးတာမျိုးတွေပေါ့။ ပိုက်ဆံသေတ္တာတွေ၊ ပစ္စည်းတွေ သိုလှောင်ထားတဲ့ သေတ္တာတွေ အစရှိသဖြင့်တွေပေါ်မှာ ဒါတွေဟာ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေလို့ သတ်မှတ်ထားသ၍ မီးထွန်းပေးရပါတယ်။

အချို့သော အိမ်တွင်းအုန်းရှိသူတွေ (အိမ်တွင်း ကိုးကွယ်သူတွေ) မှာတော့ သီတင်းကျွတ် ပထမ နှစ်ရက်မှာ အိမ်တွင်းအုန်းကို မီးထွန်းလို့ မရပေမယ့် ကန်တော့နေ့မှာတော့ မီးထွန်းပေးလို့ရတယ်လို့ ဆိုပြန်ပါတယ်။ စာရေးသူတို့ အိမ်မှာတော့ ဘယ်လို ရိုးရာမှမရှိ၊ အိမ်တွင်းအုန်းမှ မရှိပေမယ့် သက်ကြီးရွယ်အို ရှေ့မီနောက်မီ အဘွားတစ်ယောက် ရှိနေတာကြောင့် မီးစုံထွန်းတဲ့ ဓလေ့ကို သိခွင့်ရခဲ့ပါတယ်။ စာရေးသူတို့အိမ်မှာ မီးစုံထွန်းတဲ့အခါ တစ်ခြံလုံး အနှံ့အပြား ထွန်းရတဲ့အပြင် တံခါးပေါ်တွေ၊ ရေတွင်း ရေကန်ပေါ်တွေကအစ လှေကားခုံတွေအလယ်၊ အိမ်ရှေ့မှာရိုက်ထားတဲ့ ခုံတွေ၊ တံတားလေးတွေပေါ်အဆုံး လိုက်ထွန်းရတာပါ။

ကလေးဘဝကတော့ ဘာကြောင့်ထွန်းတယ်၊ ဘယ်လိုထွန်းတယ်ဆိုတာ မသိခဲ့ပေမယ့် (ခုလည်း အသေအချာသိခွင့်ရဖို့ ကြိုးစားနေတုန်းပါ) ကြီးလာတဲ့အခါ ဒါတွေ ဘာကြောင့်ထွန်းရတယ်၊ ခြံတံခါးမှာ မီးထွန်းပြီးရင် အဘွား ကန်တော့နေတာက ဘယ်သူ့ကို ကန်တော့နေတယ်ဆိုတာတွေ အဖြေရှာကြည့်တော့ အန္တရာယ်ကင်းရှင်းစေဖို့ အတွက်၊ ခြံစောင့်နတ်၊ အိမ်စောင့်နတ်တွေကိုပါ ရဖူးတဲ့ ကုသိုလ်တွေအတွက် အမျှပေးဝေရင်း အန္တရာယ်ကင်းစေဖို့ တိုင်တည်ကြောင်း သိခဲ့ရပါတယ်။ အချို့ကတော့ မြေဖုတ်ဘီလူးကို ကန်တော့တယ်လို့ ဆိုပါတယ်။

စာရေးသူအမြင်မှာတော့ မြေဖုတ်ဘီလူးဆိုတဲ့ အဆင့်ကတော့ လူသားတွေထက်တောင် နိမ့်ကျနေသေးတာမို့ သူ့ကန်တော့ပြီး ဆုတောင်းရတာတော့ မဖြစ်ရေးချ မဖြစ်နိုင်လို့သာ စဉ်းစားရင်း… ရိုးရာဓလေ့တွေအတွက် အဖြေရှာမရသော မေးခွန်းများစွာနဲ့

Angelic Demon ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top