ဘ၀မှာငွေဖြင့်၀ယ်ယူလို့ မရနိုင်တဲ့ အရာများ

happy-life.jpg

ကျွန်တော်တို့ က အရာရာကို ငွေနဲ့ ဝယ်နိုင်တယ်လို့ လွယ်လွယ်နဲ့ တွေးတတ်ကြပါတယ်။ တကယ်တမ်းလဲ အချို့ အရာတွေကို ဝယ်လို့ ရသလို၊ ကျန်အရာအချို့ ကိုတော့ ပိုက်ဆံလဲ မတတ်နိုင်တော့ပါဘူး။ ပြောချင်တာက အရာအားလုံး ငွေဖြင့် အစားထိုး မရတာသိနိုင်ပါတယ်။ ငွေဖြင့်တော့ တစ်နည်းတစ်ဖုံအရာတွေကို ရယူနိုင်ပေမယ့် စင်စစ်အမှန်တကယ်တွင် ထိုအရာတွေက ကြာရှည်မခံနိုင်ပါဘူး။ ငွေမရှိတော့ရင် ပျောက်ကွယ်သွားနိုင်လို့ပါ။ လောက ကြီးမှာဝယ်မရတဲ့ဟာတွေက အောက်ပါအချက်တွေက သက်သေတည်နေပါတယ်။

၁။အချိန်

အားလုံးသိရှိနေပြီးသားဖြစ်တဲ့ အချိန်ဟာ အရမ်းတန်ဖိုးရှိပါတယ်။ လူသားတိုင်း ဘယ်လောက်ပဲ အာဏာရှိရှိ၊ ဂုဏ်ပကာသန ရှိရှိ အချိန်ကိုတော့ မည်သူမှလွန်ဆန်လို့ မရပါဘူး။ အားလုံး လေးစားလိုက်နာ ကြရပါတယ်။ အချိန်ကို မလေးစားရင် အချိန်က စောင့်နေမှာ မဟုတ်ပါဘူး။ သူက အမြဲ လည်ပတ်နေပါမယ်။မနေ့ က ကုန်ဆုံးသွားတဲ့ အရာတွေ ကို ယနေ့ မှာ ပြန်ယူမလာနိုင်ပါဘူး။ ဒါကြောင့် အချိန်ကို ငွေနဲ့ ဝယ်လို့ မရနိုင်ပါဘူး။ ဒီရေနဲ့ ဒီအချိန် လူကို မစောင့် ဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ။ လူကသာ အချိန်ကိုလိုက်နာရပါတယ်။ တကယ်တော့ အချိန်ကလောကမှာ သြဇာအရှိဆုံးဆိုရင် မမှားဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင်ဘ၀မှာ သင်ယူစရာရှိတာသင်ယူ၊ တိုးတက်မှု လုပ်ဆောင်စ ရာရှိတာလုပ်ဆောင်ဖို့အရေးကြီးပါတယ်။ တွေဝေနေချိန်မရှိပါဘူး။ ထိုသို့ဖြစ်နေရင်လည်း မိမိအတွက် နေရာရဖို့နှောက်နှေးသွားတတ်လို့ပါ။ ပြဿနာကလူတွေမှာသူတို့ အချိန်ရှိနေကြသေးတယ်ထင်နေ တာပါပဲ။ Jonathan Estrin ရဲ့ဆိုရိုးကိုမျှ​ဝေရရင်မိမိတို့ ဘယ်လိုအချိန်ကုန်ဆုံးသွာတဲ့အပေါ်မူတည်ပြီး မိမိတို့ဟာဘယ်လို လူစားလဲဆိုတာကို သတ်မှတ်ကြတာပဲ။

၂။ပျော်ရွှင်မှု

တစ်နေ့ တာ လုံး ပျော်ရွှင်မှု မရရှိသူတွေ ဒုနဲ့ ဒေးပါပဲ။ တစ်ချို့ က ငွေကုန်ကြေးကျခံပြီး ပျော်ရွှင်မှု ရှာကြတယ်။ တစ်ချို့ က မိမိနှစ်သက်ပျော်ပိုက်တဲ့ အရာတွေနဲ့ ကုန်ဆုံးပြီးပျော်ရွှင်မှုကို ရှာဖွေကြတယ်။ တစ်ချို့ကတော့ တစ်ပါးသူရဲ့ အကူအညီနဲ့ပျော်ရွှင်မှု ရှာဖွေကြတယ်။ ကျွန်တော်ရဲ့ သတ်မှတ်ချက်ကတော့ တကယ်တမ်းပျော်ရွှင်မှု ဟာမိမိလက်ထဲမှာပါ။ မိမိအနေနဲ့ ဒါဖြစ်ရမှ ဒါလုပ်ရမှာ ပျော်ရွှင်မှု ကို တထစ်ချ ရရှိမယ်လို့ မထင်ထားပါဘူး။ နောက်ပြီး မိမိအတိုင်းအတာနဲ့ ၊ မိမိဖြစ်နိုင်လောက်တဲ့ ဒီဂရီ ကိုသာ မှန်းပါ။ ပျော်ရွှင်မှု လိုက်ပါလာလိမ့်မည်။ ဆိုရိုးတစ်ခုရှိပါတယ်။ အတိတ်နဲ့ အနာဂတ်ကို တွေးနေမယ့်အစား လက်ရှိကာလ ကိုသာ မည်သို့ မည်ပုံလုပ်မယ်ဆိုတာကို သာတွေးပါ။ ပျော်ရွှင်မှုရောက်ရှိလာလိမ့်မည်။ ဆက်လက်ပြီး ဘ၀အချိန်ဟာတို တောင်းလွန်းလှလို့ စိုးရိမ်ပူပန်မှုတွေကို အတတ်နိုင်ဆုံးဘေးဖယ်ကာ အကောင်းမြင်စိတ်ကို များများမွေးမြူပါ။ ကမ္ဘာကျော် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား မိတ်ကြားခဲ့သလိုပဲ” ပျော်ရွှင်မှုဆိုတာအဆင်သင့်လုပ်ပြီး သားအရာမဟုတ်ပါဘူး၊ တကယ်တော့ ပျော်ရွှင်မှုကမိမိတို့ လုပ်ကိုင်လိုက်တဲ့ အရာတွေကနေလာတာ ဖြစ်ပါတယ်။”

၃။မိတ်ဆွေသူငယ်ချင်း

ဝယ်လို့ မရတဲ့ အထဲမှာ တစ်ခုပါဝင်ပါတယ်။ လောက မှာ အပေါင်းအသင်းမရှိရင် အတော်ဒုက္ခရောက်ရပါတယ်။ မိမိတိုင်ပင်ဖော်၊ ခံစားမှုမျှဝေဖော်၊ အတူသွား အတူစားဖော် ကင်းမဲ့နေရင် ဘဝဟာလည်း အလကားဖြစ်ပါတယ်။ ဒါကြောင့် တစ်ရွာတစ်ချီ လျှောက်ပါ။ မိမိအနေနဲ့ ဘဝရဲ့ တိုးတက်မှုရယူရာမှာလည်း အချိတ်အဆက်တွေနဲ့ သူငယ်ချင်းမိတ်ဆွေ တွေဆီက ပဲအများဆုံးရရှိနိုင်လို့ ပါ။ မိတ်ဆွေသူငယ်ချင်းလို့ ပြောတဲ့နေရာမှာ မိမိကို အကျိုးရှိစေမယ့် သူနဲ့သာ ပေါင်းသင်းပါ။ မိမိကို နှိမ့်ချစေတဲ့၊ မိမိကို မပျော်ရွှင်စေတဲ့ သူငယ်ချင်းတွေကို ရှောင်ရှားပါ။ အဆက်သွယ်ဖြတ်ပါ။ သူတို့ ကြောင့် မိမိဒုက္ခမရောက်မိပါစေနဲ့။ မိမိကို တိုးတက်စေတဲ့ သူငယ်ချင်း၊ စိတ်ဓာတ်ခွန်အား တွေပေးတဲ့သူငယ်ချင်းတွေကိုသာ ပေါင်းသင်းဆက်ဆံပါ။ သေချာပေါက် ပျော်ရွှင်မှု ရရှိလာပါလိမ့်မည်။

ဒါကြောင့်မိတ်ဆွေကောင်းကို ရှာဖွေပါ။ ဒါပေမယ့်ဝယ်လို့တော့ မရနိုင်ပါဘူး။ တကယ်တော့မိတ် ဆွေအစစ်အမှန်တွေဟာ ​သူတို့ဘယ်လိုပဲမိမိနဲ့ ​ဝေးကွာသွားကြပါစေရင်ထဲမှာတော့ အမြဲနီးစပ်နေကြ ပါတယ်။ တစ်နည်းနည်းနဲ့တော့အဆက်အသွယ်ရှိနေကြမှာဖြစ်ပါတယ်။

၄။အိပ်မက်

ဘဝမှာ လူတိုင်းအိပ်မက်ကိုယ်စီ ရှိကြပါတယ်။ တစ်နေ့ မှာ မိမိဘယ်သူဘယ်ဝါ ဖြစ်ရမယ် လို့ လူမှန်းသိတတ် တွေးခေါ်တတ်တဲ့အရွယ်မှာ ထိုအိပ်မက်တွေကို မက်ထားကြပါတယ်။ အိပ်မက်ဆိုတာ မိမိအနေနဲ့ မျှော်လင့်ထားတဲ့ တောင်းတမှု တစ်ခုဖြစ်ပါတယ်။ သို့သော်အကြောင်းကြောင်းကြောင့် မိမိအိပ်မက်က ထင်ထားသလို မဖြစ်လာတဲ့အပိုင်းတွေ လဲရှိပါမယ်။ ဒါဟာလည်း မလွန်ဆန်နိုင်တဲ့အရာပါပဲ။ အရေးကြီးတာက မိမိမှာ အိပ်မက်ရှိနေဖို့လိုပါမယ်။ ဒါမှ မိမိအနေနဲ့ မိမိလုပ်နေတဲ့အရာတွေကို ဇောက်ကျလုပ်နိုင်မှာဖြစ်ပါတယ်။ အိပ်မက် နဲ့ ရည်မှန်းချက် မရှိရင်ဘ၀ဟာ အဓိပ္ပာယ်မရှိပါဘူး။ လူတွေဟာ အိပ်မက်တစ်ခုကြောင့် အသက်ရှင်ရပ်တည် နေထိုင်ကြတယ်။ ဒါကြောင့် မိမိအနေနဲ့ မည်သည့် နယ်ပယ်မှာစိတ်ပါ၀င်စားလဲ၊ ဘာလုပ်ချင်လဲစတဲ့ အရာတွေကိုမိမိကို ပြန်လည်မေးပါ။

၅။မျှော်လင့်ချက်

လူတိုင်း အိပ်မက်ကိုယ်စီ ရှိကြသလို မျှော်လင့်ချက်ကိုယ်စီလည်း မွေးဖွားလာကြပါတယ်။ မျှော်လင့်ချက် ဆိုသည်ကား မိမိအနေနဲ့ မိမိမျှော်မှန်းတဲ့ အရာတစ်ခုကို ဖြစ်လာလိမ့်မယ်လို့ ထင်မြင်ထားတဲ့ အတွေးပါ။ ဥပမာ သင့်အနေနဲ့ အမှောင်ထုတဲ့ ရောက်နေတဲ့အခါ အကြောက်တရားလဲ ပါဝင်လာမယ် ဒါပေမယ့် သင့်မှာ အမှောင်ထုထဲနေ နေရပေမယ့် အသက်ရှင်ခွင့် ရှိနေလိမ့်မယ် ဆိုပြီး တွေးထားတာပါ။ အိပ်မက်နဲ့ မျှော်လင့်ချက်အနည်းငယ် ကွာပါတယ်။ ဒါကြောင့် မိမိအနေနဲ့ မည်သည့် အခြေအနေထဲပင် ရောက်ရှိနေကာမူ မျှော်လင့်ချက်မပျောက်ဆုံးဖို့ အရေးကြီးပါတယ်။ ကျရှုံးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်ဓာတ်မကျဖို့ နဲ့ အားတင်းထားဖို့လိုသလို၊ အောင်မြင်မှုတွေရရှိလာရင်လည်း ရေရှည်ထိန်းထားနိုင်ဖို့လည်း လိုအပ်ပါတယ်။ အကောင်းဆုံးတွေကို မျှော်လင့်ထားတတ်သလို အဆိုးဆုံး တွေအတွက်လည်းပြင်ဆင်ထားဖို့ လိုပါမယ်။

၆။အချစ်ရေးအချစ်ရာ

အချစ်ဆိုသည်မှာ နက်ရှိုင်းပြီးကျယ်ပြန့်တဲ့ အရာတစ်ခုလို့ မိမိနားလည်ထားပါတယ်။ ဘာကြောင့် လဲဆိုတော့ အချစ်သည် သက်ရှိတို့ ရဲ့ မွေးရာပါ ခံစားမှု စိတ်ဖြစ်ပြီး အခြေအနေကိုမူတည်၍ ပြောင်းလဲသတ်မှတ်ကြသည်။ မိသားစုအချစ်၊ မိတ်ဆွေ သူငယ်ချင်းအချစ်၊ ချစ်သူရည်းစားအချစ်၊ မိမိကိုယ်ကိုယ် ချစ်သည့်အချစ် စသည်ဖြင့်အမျိုးမျိုး ကွဲပြားသွားရသည်။ တစ်ခုသောတူညီမှုမှာ အချစ်သည်နူးညံ့သိမ်မွေ့သော လူသားတို့နဲ့ မွေးဖွားလာသောစိတ်ခံစားမှုဟု မိမိခံစားမှတ်ယူပါတယ်။ လောကမှာ အချစ်မရှိပဲ နေနိုင်သူရှိပေမယ့် အများစုကတော့ အချစ်ကြောင့်ပဲ အသက်ရှင်နေကြတယ် မဟုတ်ပါလား။ ဒါကြောင့်အချစ်ဆိုတာကို ဝယ်လို့လဲမရပါဘူး။ တစ်ခုတော့ရှိတယ် စွဲလမ်းမှုနဲ့ ချစ်ခြင်းဟာကွာခြားပါတယ်။ စွဲလမ်းမှုက သူမရှိရင်မနေနိုင်ပဲ၊ ချစ်ခြင်းကတော့ မည်သည့်နေရာရောက်ရောက် ရယူလိုမှုကင်းကင်းနဲ့ ချစ်နေနိုင်ပါတယ်။

၇။ကျန်းမာရေး

သင့်အနေနဲ့ မည်သည့်ဟာနဲ့ မလဲနိုင်တာက ကျန်းမာခြင်း ဆိုတာကို ငြင်းလို့ မရပါဘူး။ လူသားရဲ့အဓိက ပထမ ဦးစားပေးမှု ကျန်းမာရေးပင်ဖြစ်ပါတယ်။ မကျန်းမာရင် မည့်သည့်အရာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် မိမိရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြရမှာပါ။ ဆိုတော့မိမိ ဘယ်လို နေထိုင် စားသောက်တဲ့အချက်က မိမိရဲ့ ကျန်းမာရေး ကောင်းမှု မကောင်းမှု ကိုဆုံးဖြတ်ပေးပါလိမ့်မယ်။ လူအများစုက မိမိအနေနဲ့ ဘဝမှာ ပျော်သလိုနေရာရင် ဘယ်အရာမှ ဂရုစိုက်ဖို့ မလိုဘူးဟု ဆိုကြလေ့ရှိပါတယ်။ ဒီနေရာမှာ ပြောချင်တာကတော့ ကျန်းမာပြီးအသက် ရှည်ရှည်နေနိုင်မှ မိမိအနေနဲ့ ဘဝရဲ့ တာဝန်တွေကို ပိုမိုထမ်းဆောင်နိုင်ပါလိမ့်မယ်။
မိမိအနေနဲ့ လည်း ဘဝကို အကျိုးရှိစွာ ရှင်သန်ခွင့်ပိုမိုရရှိမှာ ဖြစ်ပါတယ်။ ဘ၀မှာပျော်ရွှင်စွာနေထိုင်ဖို့ကလဲ ကျန်းမာနေမှဖြစ်နိုင်မယ် မဟုတ်လား။

အထက်ပါပြောသွားခဲ့တဲ့ အချက်တွေဟာလောကမှာ ဝယ်လို့မရသလို ထိုအရာတွေသည် ပြန်ပြီးအစားထိုးမရသလို ဘဝအတွက်အဓိကအရေးပါလှတဲ့ အရာများဖြစ်ပါတယ်။ ဒီဆောင်းပါးတိုလေး ကသင့်ဘဝအတွက် တစ်နည်းတစ်ဖုံ အထောက်အကူပြုမယ်လို့ မိမိယုံကြည်ပါတယ်။ အကျိုးရှိသော လူသားတစ်ယောက်အဖြစ် အသက်ရှင်ရပ်တည်နိုင်ပါစေ။

Ref: personal opinion

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top